
ကိုဗစ်နိုင်တင်းတတိယလှိုင်းဒဏ်ကို အစောဆုံးရင်ဆိုင်ခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ လူသေဆုံးမှုနှုန်းနှင့် ကူးစက်မှုနှုန်း တစ်ပတ်အတွင်း လျော့ကျလာသည်ဟု ဒေအခြေစိုက် ပရဟတိသမားများက ပြောသည်။
မေလအလယ်မှစ၍ ဇူလိုင်လကုန်အထိ ကလေးမြို့၌ နေ့စဉ် လူ ၄၀ မှ ၅၀ အကြား သေဆုံးခဲ့ပြီး ယခုရက်ပိုင်းအတွင်း သေဆုံးမှုနှုန်းကျဆင်းလာသည်ဟု အိပ်စွပ်ကိုဗစ်စင်တာမှ အောက်စီဂျင်ရှာဖွေရေးတာဝန်ခံ ကဖိုးတင်က ပြောသည်။
” သေဆုံးမှုများတဲ့ရက်တွေကဆို တစ်ရက်ကို ၄ ယောက်လောက် သေတာ။ စင်တာတွေမှာလည်း ၅ ယောက်လောက် နေ့စဉ်သေတာ။ အခု စင်တာတွေမှာက မ(သေ)ဆုံးသလောက်ဖြစ်သွားပြီ။ အိမ်တွေကနေ သေတာက (တစ်နေ့) ၉ ယောက်လောက်စီ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။
ယခင်က လူနာဦးရေ ၄၀၀ ဝန်းကျင် လက်ခံကုသပေးနေသည့် ကလေးမြို့၊ အိပ်စွပ်ကိုဗစ်စင်တာ၌ ကိုဗစ်လူနာ ၂၆ ဦးသာ ကျန်ရှိတော့ကြောင်း၊ ကိုဗစ်ကုသပေးနေသည့် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ တိုင်းရင်းဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့အပါအဝင် ကိုဗစ်ကုသသည့် စုစုပေါင်း ၅ နေရာတို့ ၌ ကုသမှုခံယူနေသူ ၁၀၀ ခန့်သာ ရှိတော့ကြောင်း ကလေးမြို့ရှိ ပရဟတိသမား ၃ ဦးထံမှ သိရသည်။
စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်ပြန်ခုခံခဲ့သည့် ကလေးမြို့တွင် မေလ ၂၄ မှစ၍ ဇူလိုင်လကုန်အထိ ကိုဗစ်နိုင်တင်းဖြင့် လူ ၁၅၀၀ ကျော် သေဆုံးခဲ့သည်ဟု ကလေးမြို့လူမှုအဖွဲ့အစည်းထံမှ သိရသည်။ အဆိုပါ သေဆုံးသူများထဲတွင် ရောဂါလက္ခဏာမပြဘဲ သေဆုံးသူများလည်း ရှိနေသည်။

ဇူလိုင်တွင် ကလေးမြို့ရှိ ဈေးများပိတ်သိမ်းခဲ့ခြင်းနှင့် ဒေသခံများက အိမ်တွင်းနေထိုင်ရေးအစီအစဉ် (Stay at Home) ကို ပြည့်ပြည့်ဝဝလိုက်နာခြင်းကြောင့် ကူးစက်မှု၊ သေဆုံးမှု ကျဆင်းလာခြင်းဖြစ်နိုင်သည်ဟု ပရဟိတသမားများက သုံးသပ်သည်။
“ကူးစက်မှုတွေ တအားများလာတော့ ပြည်သူတွေက အိမ်နီးနားချင်းတွေတောင်မှ တံခါးပိတ်ထားတာ။ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်တွေလည်း မကူး (မသွား) တော့ဘူး။ အဲဒီလိုဆိုတော့ (ကူးစက်မှု) ပြတ်သွားတာ” ဟု ကလေးမြို့လူမှုအဖွဲ့အစည်း ဒုဥက္ကဋ္ဌ ကိုဗျတ်ကာက ပြောသည်။
စစ်ကောင်စီက ကလေးမြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အဖြစ် ကြေညာထားသည်။
ဇူလိုင်နောက်ဆုံးအပတ်မှစ၍ ကိုဗစ်ကြောင့် သေဆုံးသူ နေ့စဉ် ၁၀ ဦးခန့်သာ ရှိတော့သည်ဟု ပရဟိတသမားများက ဆိုသည်။
“အိမ်တွေမှာလည်း ကုနေတဲ့လူတွေလည်း သေဆုံးမှုနှုန်းက လျော့တယ်။ သေဆုံးနှုန်းတွေ လျော့လာတော့ ဆေးခန်းတွေလည်း ပြန်ဖွင့်နေပြီ။ အိမ်မှာကုနေရင်း Negative ထွက်ရင် လက်ခံပေးတယ်ဆိုတော့ အဆုတ်မှာ သွေးခဲနေရင် အရည်ပျော်သွားအောင် ဆေးထိုးလို့ရတယ်။ တဖြည်းဖြည်းနဲ့ သေဆုံးမှုနှုန်းက ပြတ်သွားမှာပါ။ အခု သေတဲ့သူတွေက အောက်စီဂျင်ပြတ်တော့ အဆုတ်တွေ ပျက်စီးသွားလို့ သေတဲ့သူတွေများတယ်။ Negative ထွက်ပြီးသားတွေ” ဟု ကိုဗျတ်ကာက ဆိုသည်။
နေ့စဉ် အလောင်း ၆ လောင်းဝန်းကျင်သာ သင်္ဂြိုဟ်ပေးရတော့သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၃၁ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၄,၇၂၅ ဦး နှင့် သေဆုံးသူ ၃၉၂ ဦး ရှိကာ ဆေးရုံမှ ဆင်းခွင့်ရသူ ၃,၈၃၅ ဦး ရှိသည်။
ကလေးမြို့ရှိ သက်ကြီးရွယ်အိုများနှင့် ကိုဗစ်နိုင်တင်းစေတနာ့ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်နေကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ကလေးမြို့ဒေသခံတချို့သည် ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်ချိန်မှ ကျသွားသည့်အချိန်ထိ နေ့စဉ် စွန့်စားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြထွက်နေကြဆဲဖြစ်သည်။