အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ငူတွင် ကိုဗစ်ပရဟိတ လူငယ် ၂ ဦး အဖမ်းခံရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့မှ ကိုဗစ်လူနာများအတွက် အောက်စီဂျင်အိုး သွားရောက်သယ်ယူစဉ် အဖမ်းခံရသည့် လူငယ်များထဲမှ ၃ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း သင်္ချာတတိယနှစ်ကျောင်းသား ကိုဇင်ကိုကိုခန့်နှင့် အခြားတစ်ဦးကို စစ်ကောင်စီက ဆက်ဖမ်းထားသည်။ 

ဇူလိုင် ၂၈ မနက်တွင် တောင်ငူတက္ကသိုလ်ကျောင်းသား အသက် ၂၀ အရွယ် ကိုဇင်ကိုကိုခန့်အပါအဝင် ၅ ဦးသည် တောင်ငူမှ ရန်ကုန်သို့ ထွက်လာစဉ် လမ်း၌ပင် စစ်တပ်မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု တောင်ငူတက္ကသိုလ်ကျောင်းသားများသမဂ္ဂတာဝန်ရှိသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“အောက်စီဂျင်လိုအပ်နေတဲ့သူတွေကို ကူညီနေတာ။ သူ (ကိုဇင်ကိုကိုခန့်) က ပရဟိတလုပ်နေတာကြာပြီ။ ကိုဗစ်တတိယလှိုင်းဖြစ်ကတည်းကပဲ” ဟု တောင်ငူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်သင်တန်းသွားရောက်သင်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကိုဇင်ကိုကိုခန့်သည် မေလကတည်းက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့်  ဖမ်းဝရမ်းထုတ်ခံထားရသည်။ 

ထိုနေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် စစ်တပ်က ကားအကြီးတစ်စီး၊ အသေးတစ်စီးဖြင့် နေအိမ်သို့ လာရောက်ကာ ရှာဖွေစစ်ဆေးကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“ဘာမှတော့ မပြောဘူးရှင့်။ ဒီအတိုင်းရောက်လာတယ်။ အဲဒီတုန်းကတော့ သူအဖမ်းခံရလားဆိုတာ သေချာမသိသေးဘူး။ ညနေလောက်မှပဲ သူ အဖမ်းခံရတယ်ဆိုတာ သေချာသိတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါအမျိုးသမီးက ပြောပြသည်။ 

ပြီးခဲ့သည့် မေလအတွင်းကလည်း အင်အားအလုံးအရင်းဖြင့် နှစ်ကြိမ်လာရောက်ရှာဖွေကြောင်း၊ မည်သည့်အရာကို ရှာဖွေမှန်းမသိရကြောင်း သူက ဆက်ပြောသည်။

ကိုဇင်ကိုကိုခန့် တောင်ငူမြို့ အမှတ် (၁) ရဲစခန်းအချုပ်တွင် ရှိနေသည်ဟု ကြားသိရပြီး တွေ့ခွင့်မရရှိသေးကြောင်း သူက ပြောသည်။

တောင်ငူမြို့အဖမ်းအဆီးနှင့် ပတ်သက်ပြီး ထိုရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။

အာဏာသိမ်းစစ်ကောင်စီကို အန်တုရာတွင် တက်ကြွသည့် ကျောင်းသားများသည် ပစ်မှတ်ထားခံနေရသည်။ 

ဇူလိုင် ၂၁ နှင့် ၂၂ တို့တွင် လက်ပံတန်းအစိုးရစက်မှုလက်မှုသိပ္ပံ(GTI) ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထက်အဝေယံအပါအဝင် ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အလားတူပင် ပြည်တက္ကသိုလ်ကျောင်းသားများသဂ္ဂအမှုဆောင် ကိုရန်နိုင်အောင်နှင့် တက်ကြွလှုပ်ရှားသူ ကိုရွှေဖြိုးတို့ကို ဇူလိုင်၂၄ ည၌ စစ်တပ်က ဖမ်းသွားသည်ဟု ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၉ အထိ စာရင်းများအရ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးခံရသူအများအပြားရှိရာ ၅၄၂၅ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button