
ရေဘေးသင့်နေသည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် ကိုဗစ်ဖြင့် သေဆုံးသူများ နေ့စဉ်ရှိနေပြီး လုံခြုံစွာ ဂရုတစိုက်ထုပ်ပိုး၍ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် ပို့ဆောင်သင်္ဂြိုဟ်ပေးနေရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လှိုင်းဘွဲ့) တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သုသာန်ကို ရောက်ဖို့ကို ခက်ခက်ခဲခဲနဲ့ ပို့ဆောင်ရတာပေါ့။ သွားတဲ့လမ်းမှာ ရေကလည်း ရင်ဘတ်လောက်ရှိတဲ့ အခါကျတော့ လှေနဲ့ပို့ရတာ။ ရုပ်အလောင်းကို ဒီအတိုင်းကြီး ထမ်းသွားလို့ အဆင်မပြေတဲ့အခါကျတော့ လှေနဲ့ပို့ရတာပေါ့”ဟု ၎င်းက ပြောသည်။
ဇူလိုင် ၂၄ မှစ၍ လှိုင်းဘွဲ့မြို့တွင် ရေဘေးသင့်နေခြင်းဖြစ်ပြီး ယမန်နေ့(ဇူလိုင် ၂၈)အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းများကို လှိုင်းဘွဲ့ဆေးရုံမှ သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများတွင်လည်း အထက်ပါနေ့ရက်များအတွင်း လှိုင်းဘွဲ့တွင် သေဆုံးသူ ၆ ဦးရှိကြောင်း ဖော်ပြထားသည်။
“တစ်ရက်ကို ၁ လောင်း၊ ၂ လောင်းကတော့ ပုံမှန်ပို့နေရတယ်”ဟု လှိုင်းဘွဲ့လူမှုရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်အာဏာသိမ်းပြီးချိန်၌ နိုင်ငံအနှံ့ ကိုဗစ်ကပ်ရောဂါကို ဆိုးရွာစွာရင်ဆိုင်နေရချိန်တွင် လှိုင်းဘွဲ့မြို့၌လည်း ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ရှားပါးသည့် အခြေအနေကို ဒေသအခြေစိုက် လူမှုရေးအသင်းများရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
လှိုင်းဘွဲ့တွင် စစ်ကောင်စီက ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေရာချထားခြင်း၊ နေရေး၊ ထိုင်ရေး၊ စားရေး သောက်ရေးကိစ္စအချို့တွင်သာ ဝိုင်းဝန်းကူညီနေပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာကိစ္စများတွင်မူ ကိုယ့်အားကိုယ်ကိုး၍ ရုန်းကန်နေရဆဲဖြစ်ကြောင်း လှိုင်းဘွဲ့လူမှုရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
“ကိုဗစ်မှာတော့ စစ်ကောင်စီအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိသေးပါဘူး”ဟု ၎င်းက ပြောသည်။
လှိုင်းဘွဲ့တွင် က၊ ဂ၊ ဃ ရပ်ကွက်တို့၌ လှိုင်းဘွဲ့ချောင်းရေလျှံမှုကြောင့် နေအိမ်များမြုပ်သည်အထိ ရေကြီးနေသဖြင့် ကယ်ဆယ်ရေးစခန်း ၃ ခုကို ဖွင့်လှစ်ထားရှိကြောင်း အထက်ပါ လူမှုရေးအသင်းထံမှ သိရသည်။
ရေဘေးသင့် အိမ်ထောင်စုအရေအတွက်နှင့် လိုအပ်ချက်များဖြည့်ဆည်းပေးနေမှု၊ ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ လှိုင်းဘွဲ့ဒေသတွင်း အခြေအနေများကိုမူ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံနေပြီး မော်လမြိုင်နှင့် မြဝတီတွင် ရေဘေးသင့်သူများ ကိုယ့်အားကိုယ်ကိုးဖြေရှင်းနေရသည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ပရဟိတအသင်းနှစ်ခုက Myanmar Now ကို အတည်ပြုထားပြီးဖြစ်သည်။