သတင်း

ကိုဗစ်ကြောင့် ထောင်ခါချိန်တွင် နိုင်ငံရေးတက်ကြွသူတို့ ဖမ်းဆီးခံနေရဆဲ

ကိုဗစ်နိုင်တင်းကူးစက်ရောဂါကြောင့် ရာဇဝတ်အချုပ်သား ၄၀၀၀ ကျော်ကို နိုင်ငံအနှံ့ အကျဉ်းထောင်၊ အချုပ်ခန်းများမှ ပြန်လွှတ်ချိန်တွင် တိုက်ကြီး၊ ဥက္ကံ၊ ပြည်ကဲ့သို့သော နယ်မြို့များ၌ပင် လေးရက်အတွင်း နိုင်ငံရေးတက်ကြွသူ အနည်းဆုံး ၁၁ ဦး ဖမ်းဆီးခံလိုက်ရသည်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်ဝေယံ၊ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုချစ်ရင်ထူး၊ အမှုဆောင်ဟောင်း ကိုယဉ်ကျေးနှင့် အမည်မသိရသေးသော အမျိုးသားတစ်ဦး စုစုပေါင်း ၄ဦးကို​ ဇူလိုင် ၂၁ ရက်၊ ညပိုင်းတွင် တိုက်ကြီးမြို့ သပြုကျေးရွာ ၌ စစ်ကောင်စီက ဖမ်းသွားသည်ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

နောက်တစ်ရက်တွင် လက်ပံတန်း GTI သမဂ္ဂအဖွဲ့ဝင်များပင်ဖြစ်ကြသည့် ကိုထူးခန့်၊ ကိုအောင်ဇော်နှင့် အမည်စုံစမ်း၍မရသေးသည့် အမျိုးသား ၃ ဦး စုစုပေါင်း ၅ဦးကို ဥက္ကံမြို့၌ စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

“ဖမ်းခေါ်သွားတဲ့ အချိန်မှာတော့ ရိုက်နှက်ခံရတာတွေရှိတယ်”ဟု သမဂ္ဂတာဝန်ရှိသူက Myanmar Now ကို ပြောပြီး ယနေ့(ဇူလိုင် ၂၅)အထိ ဖမ်းဆီးခံရသူများကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို စုံစမ်း၍ မရသေးကြောင်းဆိုသည်။

အလားတူပင် ပြည်တက္ကသိုလ်ကျောင်းသားများသဂ္ဂအမှုဆောင် ကိုရန်နိုင်အောင်နှင့် တက်ကြွလှုပ်ရှားသူ ကိုရွှေဖြိုးတို့ကို ယမန်နေ့(ဇူလိုင် ၂၄) ည၌ စစ်ကောင်စီက ဖမ်းသွားသည်ဟု ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အချိန်မဆိုင်းဘဲ သတင်းထုတ်ပြန်ခဲ့သည်။

ကူးစက်မြန်ကိုဗစ်ကပ်ရောဂါကို အကြောင်းပြ၍ အာဏာမသိမ်းမီစွဲဆိုထားသည့်​ ပြစ်မှု ၁၁ မျိုးဖြင့် အကျုံးဝင်သော ရာဇဝတ်အချုပ်သားများကို ချက်ချင်းလွှတ်ပေးမည်ဟု ဇူလိုင် ၂၀ တွင် ကြေညာခဲ့သည့် စစ်ကောင်စီကို နယ်မြို့များ၌ပင် နိုင်ငံရေးတက်ကြွသူများ တိုး၍ ဖမ်းဆီးခံနေရခြင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ရာဇဝတ်အချုပ်သားများကိုသာ ရွေးလွှတ်သည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကမူ “နံပါတ်တစ်အချက် သူတို့က ရိုးသားမှုမရှိဘူး။ နောက်တစ်ချက်က နိုင်ငံရေးဆန္ဒမပါဘူး”ဟု ဝေဖန်သည်။

လက်ရှိအချိန်တွင် အကျဉ်းထောင်များတွင် ကိုဗစ်ကူးစက်ခံရ၍ သေဆုံးမှုများရှိနေပြီး လူနေထူထပ်သည့် ရန်ကုန်မြို့၊ အင်းစိန်ထောင်၌ ကူးစက်ခံရပြီးနောက် ဇူလိုင် ၂၀တွင် ကွယ်လွန်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်သည်။

ထို့အတူ ကိုဗစ်ကူးစက်မှုအခြေအနေ ဆိုးရွားနေချိန်တွင် ဆေးကုသခွင့်ပိုရရန် ဇူလိုင် ၂၃ရက်က အင်းစိန်ထောင်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့သေးပြီး ဖြိုခွင်းခံရပြီးနောက် ထိခိုက်၊ သေဆုံး၊ အရေးယူမှုအခြေအနေအတိအကျကို ယနေ့(ဇူလိုင် ၂၅)အထိ အတည်မပြုနိုင်သေးပေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၄ စာရင်းများအရ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ၎င်းကိုဆန့်ကျင်သဖြင့် ဖမ်းဆီးခံရသူ ၅၃၆၀ ဦးထက်မနည်း ရှိကြောင်း သိရသည်။ AAPP ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီကမူ နိုင်ငံရေးအလို့ငှာ ဖမ်းဆီးထားသူများနှင့် ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်လေ့မရှိပေ။

Show More

Related Articles

Back to top button