သတင်း

ကိုဗစ်အကြောင်းပြ ရာဇဝတ်သားရွေးလွှတ်မည့်လုပ်ရပ် ဝေဖန်ခံရ

ကူးစက်မှုမြင့်တက်နေသော ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကို အကြောင်းပြ၍ အကျဉ်းသားများလွှတ်မည်ဆိုသော စစ်ကောင်စီ၏ ကြေညာချက်မှာ ရိုးသားမှုမရှိဟု ဝါရင့်ရှေ့နေတစ်ဦးနှင့် AAPP တာဝန်ရှိသူတို့က ဆိုသည်။ 

“ကိုဗစ်ကြောင့် အကျဉ်းသားတွေ နစ်နာတယ်ဆိုရင် အကုန်လုံးလွှတ်ရမှာ၊ မဟုတ်ဘူးလား။ ကိုဗစ်ကြောင့် ပြည့်တန်ဆာလုပ်တဲ့ အမျိုးသမီးတွေ နစ်နာတယ်၊ မူးယစ်ဆေးသုံးတဲ့ ကလေးတွေ နစ်နာတယ်ဆိုတော့ ကျန်တဲ့သူတွေက မနစ်နာတာမှ မဟုတ်ဘဲ” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အာဏာမသိမ်းမီက ပြစ်မှု ၁၁ မျိုးဖြင့် ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အကျဉ်းသားများကို ချက်ချင်းလွှတ်ရမည်ဟု ယမန်နေ့ (ဇူလိုင် ၂၀) တွင် စစ်ကောင်စီက ကြေညာခဲ့သည်။ 

စစ်ကောင်စီ၏ ကြေညာချက်တွင် ကိုဗစ်နိုင်တင်းကူးစက်မှုကို ကာကွယ်ကုသနိုင်ရေး၊ ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်ကြောင့် တရားစွဲခံထားရသူများကို ရုံးမထုတ်နိုင်ခြင်းများကြောင့် သက်ညှာစွာ စဉ်းစားပေးခဲ့သည်ဟု ပါဝင်သည်။

ထိုသို့ ကိုဗစ်ကို အကြောင်းပြ၍ ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုစသည့် အမှုအမျိုးအစား ၁၁ ခုဖြင့် အကျုံးဝင်သည့် ရာဇဝတ်အချုပ်သားများကိုသာ လွှတ်မည့် စစ်ကောင်စီ၏ အစီအမံကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်သောကတိုးပွားလာနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ရာဇဝတ်အချုပ်သားများကို ပြန်လွှတ်ပေးမည်ဆိုပါ နိုင်ငံရေးအရ ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသူများကိုလည်း ပြန်လွှတ်ပေးသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခုလိုမျိုး အကျဉ်းထောင်ထဲမှာ အချုပ်သားတွေ လွှတ်လိုက်တော့ နောက်ထပ်ထပ်ပြီးတော့မှ သူတို့ကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံရေးသမားတွေကို ထပ်ပြီးတော့ ဖမ်းဖို့အတွက် နေရာလွတ်တွေ ဖန်တီးလိုက်တယ်လို့တောင် ထင်မိတယ်”ဟု အဆိုပါ AAPP တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၂ ရက်အကြာတွင် ထောင်ကျအကျဉ်းသား နှစ်သောင်းကျော်ကို ပထမဆုံးအကြိမ်လွှတ်ပေးခဲ့ဖူးပြီး ထိုလွတ်မြောက်လာသူအချို့က ခိုးဆိုးလုယက်မှု ထပ်မံကျူးလွန်သဖြင့် မကြာမီ၌ပင် ပြန်လည်အဖမ်းခံကြရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။ 

ထို့အတူ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများမှ အချိန်မတော်ပြန်လွှတ်သဖြင့် နေရပ်ပြန်ရန် ခက်ခဲကြသည့် အကျဉ်းသားဟောင်းများက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းရာတွင် အများပြည်သူ အထိတ်တလန့်ဖြစ်ခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

သို့သော် ယမန်နေ့ညက ကြေညာသည့် စစ်ကောင်စီ၏ ရာဇဝတ်အချုပ်သားများ ချက်ချင်းလွှတ်ရန် အမိန့်နှင့် အကျုံးဝင်သူများ၏ စာရင်းကို ယနေ့(ဇူလိုင် ၂၁) ညနေပိုင်းအထိ မရသေး၍ ယခုတစ်ကြိမ်တွင် လွတ်မြောက်မည့်အရေအတွက်ကို မပြောနိုင်သေးကြောင်း အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သူတို့(စကစ)က အမှုရုပ်သိမ်းပေးမှ ကျွန်တော်တို့က လွှတ်လို့ရမှာ။ အဲ့ဒါကြောင့် လောလောဆယ်တော့ သူတို့ ဒီနေ့ အမှုရုပ်သိမ်းပေးရင် ကျွန်တော်တို့ ဒီနေ့လွှတ်မှာ”ဟု အထက်ပါ အရာရှိက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီက အမှုများကို စိစစ်နေဆဲဖြစ်ကြောင်း ကြားသိရပြီး ကြေညာချက်နှင့် ကိုက်ညီအကျုံးဝင်သည့် အချုပ်သားများကို နိုင်ငံအနှံ့ အကျဉ်းထောင်များမှတစ်ဆင့် အသုတ်စီခွဲ၍ လွှတ်နိုင်ခြေရှိသည်ဟု ၎င်းက ခန့်မှန်းသည်။

“သူတို့ တရားရေးက စစ်မယ်၊ ကျွန်တော်တို့ စာရင်းနဲ့ တိုက်ဆိုင်မယ်။ ဒါ သူတို့ ကိုက်ညီတဲ့ဟာဆိုရင် သူတို့လွတ်မိန့်ပေးမှာပေါ့။ လွတ်မိန့်ပေးတဲ့အပေါ်မှာပဲ ကျွန်တော်တို့ လွှတ်ပေးသွားရမှာပါ။ ဒါကတော့ ထောင်ကျမဟုတ်တဲ့အခါကျတော့ ပြန်လွတ်ရမယ့်အရေအတွက်က အတိအကျပြောလို့ မရသေးဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်စကြုံနေရသည့် ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင်တွင် ခြောက်ဦး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်းများတွင် ၃၇၅ ဦး ကူးစက်ခံထားရပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။  

စစ်ကောင်စီထုတ်ပြောသည့် ကိုဗစ်ကူးစက်ခံရသူစာရင်းတွင် ပါဝင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာမူ အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သေးသော်လည်း ယမန်နေ့(ဇူလိုင်၂၀) နံနက်ပိုင်းက ကွယ်လွန်ခဲ့ရသည်။

AAPP ၏ စာရင်းအရ ယမန်နေ့(ဇူလိုင် ၂၀)အထိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအရ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခံခဲ့ရသူ ၅၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် ၆၅ ဦးမှာ သေဒဏ်ချခံထားရကြောင်း သိရသည်။

Show More

Related Articles

Back to top button