သတင်း

AA နှင့် ဆက်နွှယ်သည်ဟူသော စွပ်စွဲချက်ဖြင့် အဖမ်းခံရသူများ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်သွယ်ကာ ဖောက်ခွဲရေးပစ္စည်းများဖြန့်ဖြူးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်အတွင်းက ဖမ်းဆီးအရေးယူခံခဲ့ရသည့် အမျိုးသား ၆ ဦးမှာ ယမန်နေ့ (ဇူလိုင် ၁၆) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

နှစ်နှစ်နီးပါးအကြာ တရားရင်ဆိုင်ပြီးနောက် ထောင်ဒဏ် ၈ နှစ် မှ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရသူများမှာ ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်း၊ ဦးကျော်ကျော်ဖြိုး၊ ဦးမိုးကျော်နှင့် ဦးဝင်းသိန်းတို့ဖြစ်သည်။

အဆိုပါ အမျိုးသား၆ ဦးမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးနောက် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်သူ အခြားအမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူမှာလည်း ဖမ်းဝရမ်းထုတ်ခံထားရဆဲ ဖြစ်သည်။ 

AA နှင့် ဆက်နွှယ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံရသူ ၆ ဦးအနက် ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်းနှင့် ဦးကျော်ကျော်ဖြိုးတို့မှာ အကြမ်းဖက်ဥပဒေပါ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ သတင်းပေးရန် ပျက်ကွက်မှု ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ၈ နှစ်၊ ပေါင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရသည်။

အခြားသူနှစ်ဦးဖြစ်သည့် ဦးမိုးကျော်နှင့် ဦးဝင်းသိန်းမှာ ပုဒ် ၅၂ (က)အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသည်။ 

ထိုသို့ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်ခြင်းအပေါ် အကျိုးအကြောင်းမသိရသေးကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က Myanmar Now ကို ပြောသည်။

“ပုဒ်မတွေ တူရဲ့သားနဲ့ ဘာလို့ပြစ်ဒဏ်တွေ မတူလဲဆိုတာ မသိရသေးဘူး။ ချလိုက်တဲ့ အမိန့်စာကိုလည်း မိတ္တူမကူးရသေးတဲ့အတွက် မသိရသေးတာလည်းပါတယ်။ အမှုတွဲမှာဆိုရင် တရားခံအမှတ် ၁၊၂၊ ၃ တို့ကို AA က တပ်ဖွဲ့ဝင်တွေလို့ ဖော်ပြထားတာ ရှိတယ်။ အဲဒီလူတွေ သုံးယောက်လုံးကတော့ ၁၃ နှစ်စီ” ဟု ၎င်းက ပြောသည်။

သို့သော် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရသူများတွင် ကားဂိတ်မှူးဖြစ်သူ ဦးကျော်ကျော်ဖြိုးပါဝင်နေခြင်းကို နားမလည်ကြောင်းလည်း ဦးမျိုးမင်းဇော်က ပြောသည်။

ရဲတပ်ဖွဲ့၏ တိ​ုင်ကြားစာတွင် ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်းတို့ကို AA မှ တပ်ကြပ်နှင့် တပ် ကြပ်ကြီးများအဖြစ် ဖော်ပြထားပြီး ဦးမိုးကျော်နှင့် ဦးဝင်းသိန်းကို ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူများအဖြစ်လည်းကောင်း ဦးကျော်ကျော်ဖြိုးကို ဂိတ်မှူးအဖြစ် ဖော်ပြထားသည်ဟု သိရသည်။ 

၎င်း၏ အမှုသည်ဖြစ်သည့် ဦးကျော်ကျော်ဖြိုး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရခြင်းအပေါ် အယူခံတင်သွားမည်ဟုလည်း ဦးမျိုးမင်းဇော်က ပြောသည်။

“ကျွန်တော့်ရဲအမှုသည်က ဒီအမှုမှာ ဂိတ်မှူးတစ်ယောက်ပဲ ဖြစ်တယ်။ သက်သေအနေနဲ့ တွေ့ရှိသိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်မှုရှိပါတယ်ဆိုတဲ့၊ ခိုင်လုံတဲ့ အထောက်အထားမပြနိုင်ခဲ့ဘဲ အခုလို ပြစ်ဒဏ်ချခံရတာ ဖြစ်ပါတယ်။ အထက်တရားရုံးကို အမြန်ဆုံးအယူခံတင်မှာပါ” ဟု ၎င်းက ပြောသည်။ 

AA နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေး၌ ဖမ်းဆီးတရားစွဆိုခံခဲ့ရသည့် အမျိုးသား ၆ ဦးကို စစ်ကောင်စီလက်ထက်တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် AA နှင့် ပတ်သက်သော အခြားသူများကိုမူ တရားသေလွှတ်ပေးခဲ့သည်။

အထက်ပါအမှုတွင် ဖမ်းဝရမ်းထုတ်ခံရသူတစ်ဦးဖြစ်သည့် ကိုမောင်မောင်စိုးဆိုသူနှင့် ဆက်စပ်၍ AA စစ်ဦးစီးချုပ်၏ ယောက်ဖ ကိုကျော်နိုင်နှင့် ဇနီးဖြစ်သူကိုမူ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် တရားသေလွှတ်ပေးခဲ့သည်။

ထိုင်းနိုင်ငံမှ ပြန်လာသည့် ကိုကျော်နိုင်နှင့် လာကြိုသည့် ဇနီးသည် မယမင်းမြတ် (ခ) မိုးနှင်းဖြူတို့မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ က ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသော်လည်း တစ်နှစ်ကျော်အကြာ ပြီးခဲ့သည့် ဇွန် ၉ တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ တရားသေလွှတ်ပေးခဲ့သည်။ 

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ (ရခိုင်အသင်း၊ စင်ကာပူ) အမှုနှင့် ညီမအပါအဝင် ၁၀ ဦးကို ဇွန် ၉ ရက်တွင် တရားသေလွှတ်ပေးခဲ့သည်။ 

Show More

Related Articles

Back to top button