ရွာငံ – ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိ လိမ္မော်ခြံလုပ်ငန်း တိုးတက်ရေးမှာ အရင်းအနှီး၊ မျိုးစေ့၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိမှုအပေါ် မူတည်နေသည်ဟု ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန အရာရှိများက မကြာသေးမီက ပြောသည်။
ပြည်တွင်း ပြည်ပ အကူအညီပေးရေးအဖွဲ့များ၏ ဦးစားပေးမှုသည် လက်ဖက်၊ ကော်ဖီကဲ့သို့သော သီးနှံစိုက်သူတို့ထံ သွားနေသည်ဟု ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးသန့်က ပြောသည်။
“တခြားသီးနှံတွေလောက် လိမ္မော်သီးနှံအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူး။ ဒါကလည်း ပြည်ပပို့ကုန် မဟုတ်လို့ ဖြစ်မယ် ထင်တယ်။ လိမ္မော်သီးနှံနဲ့ ပတ်သက်ပြီးတော့ အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးပါတယ်” ဟု ဦးစီးမှူးက ဆိုသည်။
လိမ္မော်နှင့်ပတ်သက်၍ သင်တန်း သီးသန့် မပြုလုပ်နိုင်သေးသော ၎င်းတို့၏ ဌာနအနေဖြင့် ကျေးရွာများသို့ သွားရောက်ဆွေးနွေးသည့်အခါ လိမ္မော်စိုက်ပျိုးမှုအကြောင်းကို ထည့်သွင်း ပြောကြားဖြစ်သည်ဟု ၎င်းက ဆိုသည်။
သင်တန်း၊ ဆွေးနွေးပွဲတို့ကို ကျေးရွာများသို့ ၃ လ တစ်ကြိမ်သွားရောက် ပြုလုပ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာဆိုပါက ၆ လ တစ်ကြိမ်ခန့်သာ သွားရောက် နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
သွားရောက် ဆွေးနွေးသည့် အကြောင်းအရာများတွင် လိမ္မော်ပင်အိုပင်ဟောင်း ထိန်းသိမ်းနည်း၊ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုနည်း၊ မြေသြဇာသုံးစွဲနည်း၊ ရောဂါပိုး ထိန်းသိမ်းနည်းတို့ ပါဝင်သည်ဟု သိရသည်။
“လိမ္မော်တွေက နှစ်ရှည်သီးနှံပင်တွေဖြစ်တဲ့အတွက် မျိုးမှားလို့လည်း မဖြစ်ဘူး။ ရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ ပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ဂရုစိုက်ပြီး ရွေးချယ်သင့်ပါတယ်။ မျိုးမှား၊ ရွေးချယ်မှု မှားသွားတယ်ဆိုရင် တောင်သူတွေအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပန်းပါတယ်။ တောင်သူတွေကို ရောဂါဒဏ်ခံနိုင်တဲ့မျိုး၊ စားသုံးသူ ကြိုက်နှစ်သက်တဲ့မျိုးတွေကို ထောက်ပံ့နိုင်ဖို့အတွက် လိုအပ်နေပါသေးတယ်” ဟု ဦးစီးမှူးက ပြောသည်။
စျေးကွက်
စိုက်ပျိုးရေးဦးစီးဌာန၏ သင်တန်းဆင်းများထဲတွင် မြစေတီကျေးရွာမှ ဦးမောင်မွှေးလည်း ပါဝင်သည်။
“စိုက်ပျိုးရေးဦးစီးဌာန ပို့ချပေးတဲ့ သင်တန်းတွေ ဆွေးနွေးပွဲတွေက ကျွန်တော်တို့လို လိမ္မော် စိုက်ပျိုးသူတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ သူတို့သင်ကြားပေးသမျှကို ကျွန်တော်တို့ အကုန် မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အရင်းအနှီး လုံလုံလောက်လောက် မရှိလို့ပါ။ နောက်ပြီး ကျွန်တော်တို့က ဒီသီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးနေတာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ဒီသီးနှံကိုပဲ တစ်ချိန်လုံး အချိန် မပေးနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။
လိမ္မော်သီးနှံ အရင်းအနှီး များပြားရခြင်းမှာ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေးမျိုးစုံ အသုံးပြုနေရခြင်းကြောင့် ဖြစ်ကြောင်း ရွာငံမြို့ လိမ္မော်စိုက်ပျိုးရေးအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
“လုပ်ကွက်ငယ်သမားတွေကျတော့ ဗဟုသုတကလည်းနည်း၊ အရင်းအနှီးကလည်း နည်းတော့ အမြတ်အစွန်း သိပ်မရှိဘူးပေါ့။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေကို စျေးနှုန်း သက်သက် သာသာနဲ့ တင်သွင်းရောင်းချသင့်ပါတယ်။ ဒါမှ စိုက်ပျိုးရေး လုပ်ကိုင်သူတွေ အမြတ်ပိုကျန်နိုင်ပါတယ်” ဟု ဦးခင်မောင်ဇော်က ဆိုသည်။
အလုပ်သမား အများအပြား ငှားရမ်းထားသော ဦးခင်မောင်ဇော်သည် ရေဦး ကျောက်မြောင်းကျေးရွာရှိ ၁၈ ဧကခြံတွင် လိမ္မော်ပင်ပေါင်း ၅,ဝဝဝ ကျော် စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။
လူဦးရေ ရှစ်သောင်းကျော် နေထိုင်လျက်ရှိသော ရွာငံတွင် လိမ္မော်စိုက်ပျိုးမြေ ဧက ၃,ဝဝဝ ကျော် ရှိပြီး ဆွတ်ခူးရိတ်သိမ်း ဧရိယာ ၂,၁၄၈ ဧက ရှိခဲ့ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်း ၁ဝ,၉၈၅ ပိဿာ ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။
ရွာငံလိမ္မော်သည် ရန်ကုန်၊ နေပြည်တော်၊ အောင်ပန်း စျေးကွက်သို့ အဓိက စီးဆင်းနေသည်။
ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအုန်းမြင့်က ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဆောင်ရွက်သင့်သည်မှာ တောင်သူတို့အတွက် နည်းပညာ၊ အရည်အသွေးကောင်းမွန် သည့် မျိုးစေ့များ ထောက်ပံ့ရေးဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံတကာအရည်အသွေး၊ စံချိန် စံညွှန်းနဲ့ကိုက်ညီမှ ပြည်ပကို တင်ပို့လို့ရမှာပါ။ လိမ္မော်စိုက် တောင်သူတွေ အနေနဲ့ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ ကိုယ့်ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးစေ့မျိုးကို အဓိက စိုက်သင့်ပါတယ်” ဟု ဒုတိယဦးစီးမှူးက ဆိုသည်။
“ဓာတုဆေးဝါးတွေကို အဓိက သုံးစွဲခြင်းထက် သဘာဝနည်းအတိုင်းလည်း ဂရုစိုက်သင့်ပါတယ်။ ဓာတ်မြေသြဇာထက် သဘာဝမြေသြဇာ၊ နွားချေးတွေကို ပိုအသုံးပြုသင့်ပါတယ်”

တန်ဖိုးမြင့်ထုတ်ကုန်
မြစေတီကျေးရွာတွင် လိမ္မော်တစ်ဧကခွဲကျော် စိုက်ပျိုးနေသည့် ဦးဇော်လင်းထက်ကလည်း အစိုးရ၏ ကူညီမှုကို မျှော်လင့်နေသည်။
စျေးကွက် လိုအပ်ချက်ပေါ်မူတည်၍ လိမ္မော်စျေးနှုန်းအတက်အကျ ရှိကြောင်း၊ လိမ္မော်ကို ပြည်တွင်းသာမက ပြည်ပစျေးကွက်သို့လည်း တင်ပို့ရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် အကူအညီ ပေးသင့်ကြောင်း ဦးဇော်လင်းထက်က ပြောသည်။
လိမ္မော်သီးကို အလုံးလိုက်တင်ပို့ရောင်းချခြင်းအပြင်၊ ဖျော်ရည်ပြုလုပ်ခြင်းကဲ့သို့သော တန်ဖိုးမြင့်ထုတ်ကုန် ဖြစ်လာလျှင် ပို၍ အကျိုးအမြတ်ရှိမည် ဖြစ်ကြောင်း၊ တောင်သူများ၊ အစုအဖွဲ့များကို တန်ဖိုးမြင့်ထုတ်ကုန် သင်တန်းပေးသင့်ကြောင်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်တို့အနေဖြင့် စက်ရုံအလုပ်ရုံများတည်ထောင်ကာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ လိမ္မော်ဖျော်ရည် ထုတ်လုပ်ရေးစက်ရုံများ ပေါ်ပေါက်လာပါက စျေးကွက်ပုံမှန်လိုအပ်ချက်ရှိလာပြီး စျေးငြိမ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“စျေးကွက်ထဲမှာ လိမ္မော်သီးတွေ ပုံနေလို့ စိုက်ပြီးသား လိမ္မော်သီးတွေကို မတင်ပို့လိုက်ရတဲ့ နှစ်တွေ ရှိတယ်။ အဲ့ဒီလိုအချိန်တွေကျတော့ ကျွန်တော်တို့က လိမ္မော်ပုပ်မယ့်အချိန်ကို ထိုင်ကြည့်နေရသလို ဖြစ်တာပေါ့။ ပုပ်တာကို မကြည့်ချင်ဘူး၊ စျေးကွက်ထဲပို့မယ်ဆိုရင်လည်း မမြတ်တဲ့အပြင် သယ်ယူစရိတ်က ကိုယ်အိတ်ထဲက ပြန်စိုက်ရမယ့်သဘောရှိတယ်” ဟု ဦးဇော်လင်းထက်က ဆိုသည်။
“ဖျော်ရည်စက်ရုံတွေ ပြည်တွင်းမှာသာရှိမယ် ဆိုရင် စျေးကွက်မှာ အသီးတွေပုံနေရင် ကျွန်တော်တို့က အဲ့ဒီစက်ရုံံတွေကို အသီးတွေ ပို့လို့ရတယ်”
ပြည်ပနိုင်ငံသို့တင်ပို့ရောင်းချနိုင်ရန်အတွက် လိမ္မော်စိုက်ပျိုးမှုနှင့်ပတ်သက်၍ အော်ဂဲနစ် လက်မှတ်ရရှိအောင် ပြုလုပ်သင့်ပြီဖြစ်ကြောင်း ၎င်းက ယူဆသည်။
သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ လိုအပ်သော လိမ္မော်ပင်သည် တခြားသီးနှံများထက် ရောဂါ ကျရောက်မှုများခြင်းကြောင့် ရွက်ဖျန်းမြေသြဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်းမှိုသတ်ဆေး တို့ကို ပိုမိုအသုံးပြုကြရသည်။ ဓာတုဆေးသုံးစွဲမှု များပြားခြင်းကြောင့် ပြည်ပပို့သည့်အခါ အခက်တွေ့နိုင်ကြောင်း လေ့လာမှုအားကောင်းသည့် တောင်သူများက သဘောပေါက်နေသည်။
“နိုင်ငံတကာစျေးကွက်ကို တင်ပို့ရောင်းချချင်တယ်ဆို အဓိကကတော့ ပိုးသတ်ဆေးတွေမသုံးဘဲ သဘာဝစိုက်ပျိုးနည်းအတိုင်း စိုက်ပျိုးသင့်တယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ ပိုးသတ်ဆေးတွေ အသုံးပြုထားရင် ဘယ်လောက်ပဲ ဟိုဘက်ကိုပို့ပို့၊ ဟိုဘက်က ဓာတ်ခွဲကြည့်လိုက်လို့ဓာတ်ကြွင်းကျန်ရင် ပြန်ပို့ခံရမှာပဲ။ အရင်ဆုံးစိုက်ပျိုးမှုစနစ်ကို ပြောင်းလဲဖို့လိုပါတယ်” ဟု မြိုင်ကျေးရွာမှ တောင်သူ ဦးမျိုးဝင်းဦးက ဆိုသည်။
စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် မိမိကုန်ပစ္စည်းကို ပြည်ပစျေးကွက်သို့ တင်ပို့ခြင်း မပြုနိုင်ပါက ပြည်တွင်းစျေးကွက်ကိုသာ အားကိုးနေရမည်ဖြစ်ကြောင်း မြိုင်ကျေးရွာမှ တောင်သူ ဦးမျိုးဝင်းဦးက ဆိုသည်။
“တောင်သူတွေက သီးနှံတစ်ခုကို စိုက်ပျိုးပြီးရင် ပြီးပြီးရောဆိုပြီး ပစ်မထားသင့်ဘူး။ ကိုယ့်သီးနှံအထွက်နှုန်း ကောင်းအောင်၊ အရည်အသွေးကောင်းအောင် ဂရုတစိုက် လုပ်ကိုင်သင့်တယ်” ဟု ဦးမျိုးဝင်းဦးက ပြောလိုက်သည်။



