ဆောင်းပါး

ရွှေ့ပြောင်းတောင်ယာကို အစားထိုးမည့် အမြဲတမ်းစိုက်ခင်း

ဖလမ်း-ထလန်ရောင်ကျေးရွာ – ဆောင်းအကုန် နွေအကူးကာလ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထလန်ရောင်ကျေးရွာဝန်းကျင်တွင် မြင်တွေ့နေရသည်က သစ်ပင်ချုံနွယ်တို့ကို ခုတ်ထွင်မီးရှို့ထားပြီး စိုက်ပျိုးရန် အသင့်ဖြစ်နေပြီဖြစ်သည့်  ရွှေ့ပြောင်းတောင်ယာခင်းများဖြစ်သည်။

ရွာရှိ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ကြသူများတွင် ၅၆နှစ်အရွယ် ဦးဆွေးဒုမှုန်းလည်း တစ်ဦး အပါအဝင်ဖြစ်သည်။ ပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ တစ်နှစ်တစ်ကြိမ်ပင် သွားရောက်လေ့ မရှိသူ၊  သားသမီး ၆ဦး၏ဖခင် ဦးဆွေးဒုမှုန်းက မိသားစု စားဝတ်နေရေးအတွက် တောင်ယာ လုပ်ကိုင်ရန် သစ်ပင်ကြီးငယ်များကို ခုတ်ထွင်ခဲ့ရသည်မှာ နှစ်စဉ် သုံးလေးဧက အနည်းဆုံး ရှိသည်။   

“ အမြဲတမ်းစိုက်မြေ မရှိခင်တုန်းကဆိုရင် ကျွန်တော် သစ်ပင်တွေ ဘယ်လောက်ခုတ်ခဲ့သလဲ ဆိုတာ မပြောပြနိုင်လောက်အောင်ပါပဲ” ဟု အသက်၂ဝ အရွယ်က စတင်ပြီး တောင်ယာ လုပ်ကိုင်ခဲ့သူ ဦးဆွေးဒုမှုန်းက ပြောသည်။  

ထလန်ရောင်တွင် မိရိုးဖလာ  ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး စနစ်ကို အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီဖြစ်သည်။ အမြဲတမ်းစိုက်ပျိုးနိုင်သည့် လှေကားထစ်စိုက်ခင်းများ မရှိခဲ့သည့် အချိန်က ဒေသခံတို့သည် ကျေးရွာ အုပ်ချုပ်သူတို့ သတ်မှတ်ပေးထားသည့် လုပ်ကွက်များတွင် နှစ်စဉ် ဧက ၂ဝဝ ထိ ခုတ်ထွင် ရှင်းလင်းပြီး လုပ်ကိုင်ကြရသည်။

ယခုအခါတွင်တော့ အစိုးရနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် အမြဲတမ်းအသုံးပြုနိုင်သည့် လှေကားထစ်စိုက်ပျိုးရေးစနစ် ဖော်ဆောင်နေသည့် ထလန်ရောင်ရွာသည် ရွှေ့ပြောင်းတောင်ယာခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ပြီဖြစ်သည်။

ကျေးလက် အလှည့်အပြောင်း

ဟားခါး-ဖလမ်း ကားလမ်းပေါ်မှ မြင်တွေ့နေရသည့် လှေကားထစ်စိုက်ခင်းများတွင် အတန်းလိုက် စိုက်ထားသည့် ကြက်သွန်ပင်များကြောင့်  စိမ်းစိုလှပနေသည်။ လှေကားထစ်စိုက်ခင်းများ၏ အထက်တောင်ကုန်းပေါ်မှ အဖြူရောင် လက်ဝါးကပ်တိုင်ရှိသည့် နေရာတွင်  ရွာသူ၊ ရွာသားများ စိုက်ပျိုးရေးကောင်းမွန်ရန်၊ ချင်းတောင်တန်း ငြိမ်းချမ်းသာယာ စေရန်အတွက် အစာရှောင် ဆုတောင်းကြကြောင်း သိရသည်။

ဤဒေသတွင် အမြဲတမ်း လှေကားထစ်စိုက်ခင်း အတွက် ကူညီနေသည့်အဖွဲ့မှာ ချင်းဒေသခံ စိုက်ပျိုးရေး ဝန်ထမ်းဟောင်းများဖြင့် စုစည်းထားသည့် Chokhlei Organization foor Rural and Agricultural Development (CORAD) အဖွဲ့ ဖြစ်သည်။

ထိုအဖွဲ့မှ ဖလမ်းမြို့နယ် မန်နေဂျာ ဦးတလောင်ဇမန်းက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး စနစ်ကို လျှော့ချရန်၊  ဒေသခံတောင်သူများ လူမှုစီးပွားစနစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး အမြဲတမ်းစိုက်ခင်းစနစ်ကို ဖော်ဆောင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“တချို့နေရာတွေက အပင်တောင်မရှိတော့ဘူး။ တောင်ကတုံးတွေ ဖြစ်သွားတယ်။ တချို့လုပ်ကွက်တွေက အပင်တော့ရှိတယ်။ ဒါပေမယ့် ဒီမြေက သုံးစားလို့ မရတော့ဘူး။ မြေက အရမ်းညံ့ဖျင်းလာတယ်” ဟု သူက ရှင်းပြသည်။

CHORDအဖွဲ့က အကူအညီပေးပြီးနောက်  ထလန်ရောင်တွင် လှေကားထစ်စိုက်ပျိုးမြေဧက ၈ဝ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် တောင်သူဦးဆွေဒုမှုန်း၏ ၂ ဧက စိုက်ခင်းလည်း ပါဝင်သည်။ ယခင်က ဦးဆွေဒုမှုန်းမှာ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန်အတွက် နံနက်၆နာရီမှ ညနေ၆နာရီအထိ လုပ်ကိုင်ခဲ့ရသည်။ ကျေးရွာလူကြီးက သတ်မှတ်ပေးသည့် နေရာတွင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန်အတွက် အပင်များကို ခုတ်လှဲခြင်း၊ မြေရှင်းခြင်း၊ မီးရှို့ ခြင်းတို့ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည်ဟု သူက ဆိုသည်။

“အမြဲတမ်းစိုက်ပျိုးရေး မရှိခဲ့တဲ့အချိန်တုန်းကဆိုရင် တစ်နှစ်မှာ ၃ဧက၊ ၄ဧကလုပ်တာတောင်မှ ဝမ်းစာစားဖို့တောင် မလောက်ငတဲ့အခါမှာ ဝင်ငွေဆိုတာ မရှိသလောက်ပါပဲ။ ကြက်မွေးတယ်၊ ဝက်မွေးတာနဲ့ ရောင်းပြီး လုပ်ကိုင်စားသောက် ရပါတယ်” ဟု သူက ပြောသည်။   

“အမြဲတမ်းလုပ်ကွက် လုပ်ပြီးတဲ့အခါမှာတော့ မိုးတွင်း၊ ဆောင်းတွင်းမှာ စိုက်ပျိုးနိုင်တာကြောင့် ဝမ်းစာဖူလုံတဲ့အပြင် အပိုဝင်ငွေလည်း ရလာပါပြီ။ ဒါကြောင့် ကျွန်တော့်သားသမီးတွေကိုလည်း ကျောင်းပြန်ထားနိုင်ပါပြီ” ဟု သူက သူ့ကြက်သွန်ဖြူခင်းကို ကြည့်ပြီး ရှင်းပြသည်။  

ရွှေ့ပြောင်းတောင်ယာနှင့် သဘာဝပတ်ဝန်းကျင်

ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခဲ့သည့် အကျိုးဆက်ကြောင့် မိုးခေါင်ရေရှားမှု၊ မြေဆီလွှာခန်းခြောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ရင်ဆိုင်နေရသည်။

စိုက်ပျိုးရေးအရာရှိကြီးတစ်ဦးက ချင်းပြည်နယ်တွင် စိုက်ပျိုးမြေ ၂ဝဝ,၆ဝ၆၃ ဧက ရှိပြီး ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန်အတွက် နှစ်စဉ် ဧကတစ်သိန်းခန့် တောင်ယာ ခုတ်ထွင်နေကြသည်ဟု ခန့်မှန်းသည်။  

“ဒီအတိုင်းပဲ ဆက်ခုတ်သွားမယ် ဆိုရင်တော့ ရေ၊ မြေ၊ သယံဇာတ ဆုံးရံႈးမှုနဲ့ ရင်ဆိုင်ရမှာ အမှန်ပါပဲ” ဟု ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဒမ်နီရယ် ထွန်းတင်က   မှတ်ချက်ပေးသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကို တဖြည်းဖြည်း လျှော့ချနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်စောင်းစိုက်ပျိုးရေး နည်းပညာဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် အမြဲတမ်းစိုက်ပျိုးမြေ ပေါ်ပေါက်ရေး လုပ်ဆောင်လျက်ရှိသည်။

“မြို့နယ်တိုင်းမှာ ၂ ဧက ကနေ ၃ ဧကအထိ ဖော်ဆောင်ပေးနေပါပြီ။ နှစ်စဉ် တိုးချဲ့ပြီးတော့ ဖော်ဆောင်သွားဖို့ကိုလည်း ဌာနက ညွှန်ကြားထားပါတယ်” ဟု သူက ဆက် ပြောသည်။  

ယခုအခါတွင်တော့ CHORD အဖွဲ့၏ အကူအညီပေးမှုကြောင့် ရွှေ့ပြောင်းတောင်ယာခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့သည်ဟု သိရသည်။

ထလန်ရောင်တွင် ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်နေရပြီး မိုးလုံလုံလောက်လောက် မရသည်မှာ ဆယ်နှစ်ခန့် ရှိနေပြီဟု ဆိုသည်။

“ ရွာနားမှာရှိတဲ့ လုံပီး(ရွှေ့ပြောင်းတောင်ယာလုပ်ကွက်) ရဲ့ သုံးပုံနှစ်ပုံလောက်မှာ အပင် မရှိတော့ဘူး။ ရေရှားလာပြီး။ မြေကြီးက ညံ့ညံ့လာတယ်” ဟု သူက   ရှင်းပြသည်။

ကျေးရွာ တောင်သူအစုအဖွဲ့ဥက္ကဋ္ဌ ဦးငွန်သောင်က  အိမ်ထောင်စု ၉၃ စု ရှိသော ဤရွာတွင် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ၃ဧကခန့် နှစ်စဉ် ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်ဟု ပြောသည်။

CHORD ၏ စီမံကိန်းမန်နေဂျာ ဦးကီးတူက ရွှေ့ပြောင်းတောင်ယာစနစ်ကို လျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂ဝဝ၈  မှ ၂ဝ၁၄ အထိ အမြဲတမ်းစိုက်ပျိုးမြေ ဧက ၆၅ဝကျော်ကို ဖော်ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့အဖွဲ့က ဖော်ဆောင်ပေးနေသည့် အမြဲတမ်းစိုက်ပျိုးမြေ ဧကမှာ ပြည်နယ် တစ်ခုလုံးအတွက် လုံလောက်မှု မရှိနိုင်သည့်အတွက် အစိုးရ၏ အကူအညီ လိုအပ်နေသည်ဟု သူက ပြောသည်။

ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်နေကြသည်ဟု သူတို့ပြုလုပ်ထားသည့် စစ်တမ်းများက ဆိုသည်။ ဤဒေသတွင် လွန်ခဲ့သည့် ၂ နှစ်က မြေပြိုမှု၊ ရေကြီးမှု၊ သစ်တောပြုန်းတီးမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။  သစ်တောပြုန်းတီးမှုမှာ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုနှင့်လည်း ဆက်စပ်နေခြင်းကြောင့် အမြဲတမ်းစိုက် ပျိုးနိုင်သည့် စိုက်ပျိုးမြေ လုံလုံလောက်လောက် ဖော်ဆောင်ပေးရန်မှာ ပြည်နယ်အတွက် အရေးတကြီးလိုအပ်နေသည့် အချက်ဖြစ်သည်ဟု သူက ဆိုသည်။

“သစ်တောတွေ ပြုန်းတီးသွားတဲ့ နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်တဲ့ နေရာတွေမှာ ပိုပြီးတော့ ဖြစ်တာများတယ်။ သစ်တောတွေ ရှိတဲ့နေရာမှာ မြေပြိုတာ နည်းပါးတယ် ဆိုတာကို တွေ့ရပါတယ်”ဟု သူက ရှင်းပြသည်။

CORAD အဖွဲ့မှ  ဖလမ်းမြို့နယ် မန်နေဂျာ ဦးတလောင်ဇမန်းက ချင်းတောင်တန်းသည် နှစ်၂ဝအတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ထိခိုက်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံနေရခြင်းတို့အတွက် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုကို လျှော့ချပြီး အမြဲတမ်းစိုက်ပျိုးမြေဧကများ ဖော်ဆောင်ပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

“ဖလမ်းမြို့နယ်ထဲမှာ နှစ်၂ဝ အတွင်း စိမ်းစိမ်းစိုစိုတောင်တန်းတွေအဖြစ် မြင်ခဲ့ရတဲ့နေရာတွေက အခု တောင်ကတုံးတွေ ဖြစ်နေပြီ။ ရွှေ့ပြောင်းတောင်ယာစနစ်ကို တစ်နှစ်ထက်တစ်နှစ် မလျှော့ချနိုင်ဘူးဆိုရင်တော့ နောက် ၃ဝ နှစ်တွေ ၄ဝနှစ်တွေကို ပြန်စဉ်းစားမယ် ဆိုရင်တော့ အင်မတန်ကိုမှ စိုးရိမ်စရာရှိပါတယ်” ဟု CORAD မှ မြို့နယ်မန်နေဂျာက ညို့မှိုင်းနေသည့် ချင်းတောင်တန်းများအကြား တွေ့နေရသည့် အကျည်းတန်တောင်ကတုံးများကို ကြည့်ရင်း ပြောလိုက်လေသည်။      ။

Show More

Related Articles

Back to top button