အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်နယ်မြေများတွင် စက်သုံးဆီအကျပ်အတည်း ထပ်တိုးရိုက်ခတ်

စစ်တပ်၏ ကုန်စည်ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းများရှားပါးခဲ့ရာမှ ယခုအခါ စက်သုံးဆီအကျပ်အတည်းကို ထပ်မံရင်ဆိုင်နေရ၍ တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင် ပိုအခက်ကြုံနေသည်။

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများကြောင့် ရင်ဆိုင်နေရသော လောင်စာဆီအကျပ်အတည်းသည် မူလကတည်းက စစ်တပ်၏ ကုန်စည်ကန့်သတ်ပိတ်ဆို့မှုခံနေရသော တော်လှန်ရေးနယ်မြေများကို ထပ်တိုးရိုက်ခတ်မှုရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။

တော်လှန်ရေးအားကောင်းရာ ဒေသများကို ပိုင်းခြားကြည့်ပါက လတ်တလောတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ဆက်စပ်နေသော နယ်စပ်ထွက်ပေါက်များရှိရာ ဒေသများ၊ ရေနံထွက်သည့် မကွေးတိုင်းမှ ဒေသအချို့ အသက်ရှုချောင်နေသေးသော်လည်း ဈေးတက်လာသည်။

သို့ရာတွင် စစ်တပ်ထိန်းချုပ်သော မြို့ကြီးမြို့ငယ်များမှ လာသော ကုန်စည်နှင့် လောင်စာဆီများကို အဓိက မှီခိုနေရပြီး လက်နက်ကိုင်ခုခံမှုအားကောင်းသော  စစ်ကိုင်းတိုင်း အလယ်ပိုင်းနှင့်အောက်ပိုင်း မြို့နယ်များတွင် စက်သုံးဆီ လိုသလောက်ဝယ်ယူမရတော့သလို နောက်ဆက်တွဲ ကုန်ဈေးနှုန်းပါ ထိုးတက်လာသည်ဟု ဒေသခံများက ဆိုကြသည်။

လောင်စာဆီအကျပ်အတည်းကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် တစ်ရက်နားတစ်ရက်မောင်းစနစ်အပြင် ကားအင်ဂျင်အရွယ်အစားအလိုက် ဆီခွဲတမ်းသတ်မှတ်၍ အပတ်စဉ် ဝယ်ရက်သတ်မှတ်ရောင်းချရသည့်အထိ စစ်ကော်မရှင်က ဆီချွေတာရန် စီစဉ်ခဲ့သည်။

စစ်တပ်၏ ထိန်းချုပ်မှုများကြားမှပင် မန္တလေးမြို့အနောက်တောင်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေများတွင် လမ်းကြောင်းအမျိုးမျိုးမှ ဒီဇယ်နှင့် ဓာတ်ဆီများဝင်ရောက်မှုရှိသေးသည်ဟု ဒေသခံများက ဆိုကြသည်။  

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်စိုးမိုးနယ်မြေများတွင် ဒေသအလိုက်ဆီဈေးနှုန်းလည်း ကွာခြားမှုရှိနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများတွင် ဓာတ်ဆီ(92) တစ်လီတာလျှင် ၁၂,၅၀၀ ကျပ်မှ ၁၅,၀၀၀ အထိဈေးပေါက်ပြီး ဝက်လက်မြို့နယ်ထဲတွင် လေးလီတာဆံ့ ဓာတ်ဆီတစ်ဂါလံလျှင် ကျပ်တစ်သိန်းကျော် ဈေးပေါက်ကြောင်း သိရသည်။

မြို့ပေါ်မှဝင်လာသော ဒီဇယ်နှင့် ဓာတ်ဆီများကို ဒေသထွက်ဆီများဖြင့် ရောနှောအသုံးပြုနေကြပြီး အချို့နေရာများတွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးမှာ တစ်လီတာ ၂၀,၀၀၀ ကျော်အထိ ဈေးပေါက်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကော်မရှင်ထိန်းချုပ်သည့် စက်သုံးဆီလုပ်ငန်းကော်မတီ၏ ဆီဈေးနှုန်းများအရ စစ်ကိုင်းတိုင်း မုံရွာအထိုင်ဈေးသည် 92 တစ်လီတာလျှင် ၃,၇၅၈ ကျပ်၊ 95 တစ်လီတာ ၄,၀၀၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၅,၀၀၀ နီးပါးဈေးပေါက်နေကြောင်း ယနေ့ (မတ်လ ၂၆ ရက်) တွင်ထုတ်ပြန်ထားသည်။

စစ်ကော်မရှင် ထိန်းချုပ်မြို့ကြီးများမှ စက်သုံးဆီကို အဓိကအားထားရသော စစ်ကိုင်းတိုင်းအလယ်ပိုင်း ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း မြို့နယ်များသည် ထိုရိုက်ခတ်မှုဒဏ်ကြောင့် သိသာစွာ အခက်အခဲဖြစ်လာရပြီး ယခင်ကတည်းက စစ်တပ်က စက်သုံးဆီတင်သွင်းမှုများ ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သောဒေသများလည်း ဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူများကို အောက်တိုဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့)

စက်သုံးဆီ ယခုအခါ လိုသလောက် ဝယ်ယူမရတော့ဘဲ နောက်ဆက်တွဲ ကုန်ဈေးနှုန်းတက်သွားကြောင်း ခင်ဦးမြို့နယ် တော်လှန်ရေးထိန်းချုပ်နယ်မြေ ကျေးရွာတစ်ခုမှ စက်သုံးဆီပြန်လည်ရောင်းချသူ ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဓာတ်ဆီ၊ ဒီဇယ်ဈေးတက်တော့ ကားတွေက ကားခပိုယူတော့ ကုန်ဈေးနှုန်းလည်းတက်လာတယ်။ တော်ရုံသင့်ရုံလူတွေကလည်း ဆိုင်ကယ်နဲ့မသွားကြတော့ဘူး။ သွားရမယ့်နေရာလည်းမသွားဘူး။ နှစ်ခေါက်သွားရမယ့်ခရီးကို တစ်ခေါက်ပဲသွားကြတယ်။ ခြေလျင်သွားကြတယ်။ မလိုအပ်ဘဲနဲ့ အပြင် မထွက်တော့တာပေါ့။ တချို့ကြ‌တော့ စက်ဘီးနဲ့သွားကြတယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီဈေးကြီးမြင့်လာပြီး ဝယ်ယူရခက်ခဲလာ၍ ဒီဇယ်အင်ဂျင်ဖြင့် ရေသွင်းစိုက်ပျိုးရသော စပါး စိုက်ခင်းများလည်း အခက်တွေ့နေကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် ဆီထွက်သီးနှံစိုက်ပျိုးသော စစ်ကိုင်းတိုင်းတွင် ယခင်က နေကြာနှင့် ဒေသထွက် အခြား ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ခြွေလှေ့ခဲ့ရာမှ ယခုအခါ လူအင်အားကို အဓိက သုံးနေရကြောင်း သိရသည်။

လောင်စာဆီဈေးကြီးမြင့်လာ၍ ဒေသထွက် ဟင်းသီးဟင်းရွက်များကို မြို့ပေါ်သို့ ရောင်းချနိုင်ခြင်း မရှိတော့ဘဲ ကျေးရွာများတွင်သာ ပြန်လည်ရောင်းချရကြောင်း ၎င်းက ဆိုသည်။

လောင်စာဆီ အကျပ်အတည်းမတိုင်မီ ယမန်နှစ် နှစ်ကုန်ပိုင်းတွင် စစ်ကော်မရှင်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ် အရှေ့ပိုင်းခရိုင်ချင်းဆက်လမ်းမပေါ်မှ ဆီသယ်ယာဉ်များ၊ ကုန်တင်ယာဉ်များကို ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်၍ ကုန်သွယ်ရေးလမ်းဖြတ်တောက်ရန် ကြိုးပမ်းခဲ့သေးသည်။ 

ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းနှင့် ခင်ဦးမြို့ အမှတ် (၃) လမ်းမကြီး တို့ ဆက်သွယ်ထားသည့် လမ်းဆုံနေရာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှစပြီး တိုက်လေယာဉ် လေးစီး၊  ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ဒေသခံ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း၊ ဆီပီပါ ၃၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။

ထို့နောက် ဒီဇင်ဘာလ ၂၇ ရက်တွင် ခင်ဦးမြို့နယ်အတွင်း မြေနီလျှိုကျေးရွာအရှေ့ဘက်  ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ်များ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တန်းကို  စစ်လေယာဉ်နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ လူ ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအရှေ့ဘက် စားသောက်ဆိုင်တန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ပစ်ခတ် ဗုံးကြဲခံရပြီး မီးလောင်နေစဉ်။ (ဓာတ်ပုံ- မိုးဦး/ Myanmar Now)

မြို့နယ်ပေါင်း ၃၇ မြိုနယ်တွင် လူဦးရေ ခြောက်သန်းကျော်နေထိုင်သည့် စစ်ကိုင်းတိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးမှုအားကောင်သည်။ 

ယခင်ကတည်းက ကုန်စည်ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းများရှားပါးခဲ့ရာမှ အီရန်စစ်ပွဲကြောင့် နေရာအနှံ့ စက်သုံးဆီအကျပ်အတည်းကြုံလာရချိန် တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင် ပိုအခက်ကြုံကြောင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ဆိုသည်။ 

“အသုံးနည်းနည်းလျှော့ပေါ့။ လိုရင်တော့ မရှိရှိတာကို မဖြစ်ဖြစ်အောင်လိုက်ရှာပြီးသုံးရတဲ့သဘောပေါ့။ ကျွန်တော်တို့မှာ လောလောဆယ်အထိ ဒါကြီးဘယ်လိုရှင်းကြမယ်ဆိုတဲ့ အဖြေတော့မရှိပါဘူး။ အားလုံးနီးတူ ကျွန်တော်တို့လည်းခံစားကြရတာပါပဲ” ဟု သူက ပြောသည်။ 

ပြီးခဲ့သည့်နှစ်လယ်မှစတင်၍ စစ်ကော်မရှင်တပ်က ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ စကျင်ကျောက်၊ အောက်စီဂျင်အိုး၊ ဆေးဝါးနှင့် သံပိုက်စသည့်တို့ကို ကန့်သတ်ပစ္စည်းများအဖြစ် သတ်မှတ်၍ စစ်ကိုင်းတိုင်းနှင့် တော်လှန်ရေးဒေသများသို့ သယ်ယူမှုများအား တင်းကျပ်ထားခဲ့သည်။

ဈေးတက်သော်လည်း ဆီမပြတ်

စစ်ကော်မရှင်နယ်မြေမှ အပြင် စစ်ကိုင်းတိုင်းဒေသခံများအတွက် အသက်ရှုချောင်စရာက တနိုင်တပိုင် ရေနံချက်လုပ်ငန်းငယ်များ၊ လက်ယက်တွင်းများ၊ နယ်စပ်မှ လောင်စာဆီ ဝင်ရောက်မှုများ ရှိနေခြင်းဖြစ်သည်။ 

ရေနံချက်လုပ်ငန်းငယ်များမှ လောင်စာဆီ ရရှိနိုင်သော်လည်း ဈေးနှုန်းနှစ်ဆတက်သွားကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် CDM ကထိက၊ ဌာနမှူး ဒေါ်ရတီအုန်းက Myanmar Now ကို ပြောသည်။ 

“အခု ဆီက ရနေတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းနေရာအနှံ့အပြားပေါ့။ ရေနံချက်ကြတဲ့ ချက်ခိုလေး တွေရှိတယ်။ အဲ့ဒီချက်ခိုလေးတွေက အတန်အသင့်ရနေတာကြောင့်မို့လို့ အဆင်တော့ ပြေနေသေးတယ်။ ဒါပေမဲ့ အရည်အသွေးအာမခံချက်တော့မရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း တမူး၊ ကလေး၊ ကလေးဝ၊ ဟုမ္မလင်း၊ ခန္တီး၊ နာဂတောင်တန်းတစ်ကြောတွင် အိန္ဒိယနိုင်ငံ နာဂလန်းနှင့် မီဇိုရမ်ဘက်ပြည်နယ်ဘက်က စက်သုံးဆီများ ဝင်ရောက်နေခြင်းကြောင့် အောက်ပိုင်းဒေသများ ကဲ့သို့ ဆီဝယ်ယူရ မခက်ခဲသေးကြောင်း မန္တလေးမှ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများသို့ ကုန်စည်သယ်ယူ ပို့ဆောင်ပေးနေသူ ဒေသခံကုန်သည်တစ်ဦးက ပြောသည်။

AA ထိန်းချုပ်နယ်မြေများသို့ အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ဒေသတွင်း အိန္ဒိယဆီဟုခေါ်သည့် တစ်လီတာ ၉၀၀၀ ကျပ်စျေးပေါက်နေသော ဓာတ်ဆီ။ (ဓာတ်ပုံ-ဖဒူ ထွန်းအောင်/ Myanmar Now)

စစ်ကိုင်းတိုင်းနည်းတူ မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များအားကောင်းသော နယ်မြေများတွင် စက်သုံးဆီရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်လာရကြောင်း သိရသည်။ 

သို့ရာတွင် ယခင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး(MDY- PDF) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်မြေများကို စစ်တပ်က ပြန်သိမ်းပိုက်လိုက်သဖြင့် ထိုနယ်မြေများတွင် စက်သုံးဆီ မည်သို့ဖြန့်ဖြူးသည့်အခြေအနေ အသေးစိတ်ကို မသိရတော့ကြောင်း တော်လှန်ရေးတပ်များက ဆိုသည်။ 

မန္တလေးမြို့ကြီးပေါ်တွင် ဓာတ်ဆီတစ်လီတာခန့်ရရန် အနည်းဆုံး နှစ်နာရီမှ လေးနာရီအထိတန်းစီနေရသည်။ ဆီရှားပါးမှုကြောင့် မှောင်ခိုဈေးကွက် ကျယ်ပြန့်နေပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၁,၂၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

မန္တလေးမြို့မှ ၇၅ မိုင်အကွာ တော်လှန်ရေးတပ်များစိုးမိုးမှုအားကောင်းသည့် မြင်းခြံခရိုင်တွင် ဈေးနှုန်း များတက်လာသော်လည်း လောင်စာဆီလုံးဝပြတ်တောက်သွားသည့် အခြေအနေမဟုတ်သေးဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။

စက်သုံးဆီအတွက် နည်းလမ်းရှာတင်သွင်းနေကြရပြီး စစ်တပ်ထိန်းချုပ်နယ်မြေတွင် ပေးရသည့် စက်သုံးဆီဈေးထက် နှစ်ဆပိုဈေးကြီးကြောင်း၊ စစ်တပ်က လိုက်လံပိတ်ဆို့နေ၍ တင်သွင်းသည့် လမ်းကြောင်းများကို အသေးစိတ်ပြောရန် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။ 

“PDF ထိန်းချုပ်နယ်မြေတိုင်းနီးနီး ဈေးနှုန်းပဲ ကွာရင်ကွာသွားပါလိမ့်မယ်။ ပြတ်တောက်မှုတော့ မရှိသေးပါဘူး” ဟု သူက ဆိုသည်။ 

စစ်တပ်၏ ကန့်သတ်ပိတ်ပင်မှုများရှိသော်လည်း မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များစိုးမိုးထားသော နယ်မြေများတွင်လည်း ဆီလုံးဝပြတ်လပ်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

အီရန်စစ်ပွဲမတိုင်မီက ထိုမြို့နယ်တွင်အသုံးများသည့် ဓာတ်ဆီတစ်လီတာလျင် ၃,၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၁၀,၀၀၀ ကျော်ဈေးတက်သွားကြောင်း၊ အချို့ဒေသများတွင် ထိုဈေးနှုန်းထက်များကြောင်း ၎င်းက မတ်လ ၂၄ ရက်နေ့တွင် ပြောသည်။ 

မြိုင်မြို့နယ်တွင် တော်လှန်တပ်များထိန်းချုပ်ထားသော ရေနံတွင်းများရှိပြီး ထွက်ရှိလာသောရေနံကို ချက်လုပ်ကြသော်လည်း အသုံးပြုရန် အဆင့်မမီကြောင်း၊ လက်ရှိစက်သုံးဆီအကျပ်အတည်းကြောင့် အခြားဒေသများနည်းတူ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ်  ရိုက်ခတ်မှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီဘက်ဒေသမှာဆိုရင် လူထုက စစ်ဘေးရှောင်ရတဲ့ဒဏ်တွေရှိတယ်။ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုကို စိတ်ပူနေရတာတွေရှိတယ်။ ဒီဟာ (စက်သုံးဆီအကျပ်အတည်း)ကြောင့် တစ်ပူပေါ်နှစ်ပူဆင့်တာ မဟုတ်ဘဲ သုံးလေးပူလောက်အပေါ် လေးငါးပူလောက်ဆင့်တဲ့အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဒါမျိုးဖြစ်တဲ့အတွက် လူထုမှာတော့ ပိုပြီးတော့ ခက်ခဲလာတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံတို့၏ လောင်စာဆီလိုအပ်ချက်ကို ဒေသကိုထိန်းချုပ်သည့် တော်လှန်ရေးအင်အားစုများကလည်း ဖြေရှင်းပေးနိုင်သော အနေအထားမရှိကြောင်း၊ သို့ရာတွင် ယခုရင်ဆိုင်နေရသော အခက်အခဲများသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်များသာဖြစ်ကြောင်း သူက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမူ ယခုလောင်စာဆီအကျပ်အတည်းကို ဖြေရှင်းရန် ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် ဆီအဝင်ကိုသာလက်ခံပြီး အထွက်ကိုလုံးဝခွင့်မပြုကြောင်း မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ဝန်ကြီးဌာနများကို အသိပေးအကြောင်းကြားထားသည်။ 

၎င်းတို့ထိန်းချုပ်နယ်မြေကို ဖြတ်သန်း၍ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်သို့ တင်ပို့မည့် ဆီများကို NUG ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် တင်ပို့ရမည်ဟု ထုတ်ပြန်ထားသည်။

ယခုစက်သုံးဆီအကျပ်တည်းသည် တိုင်းရင်းသားတော်လှန်ရေးတပ်များထိန်းချုပ်သည့် နယ်မြေများကိုလည်း ရိုက်ခတ်မှုရှိနေသည်။ 

အိန္ဒိယနိုင်ငံထုတ်စက်သုံးဆီများကို အဓိကတင်သွင်းအသုံးပြုနေသော အာရက္ခတပ်တော်(AA) ထိန်းချုပ် ဒေသများတွင်လည်း ဆီစျေးနှုန်းမြင့်တက်လာနေပြီး ဓာတ်ဆီတစ်လီတာလျှင် ၆၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ စျေးနှုန်း မြင့်တက်သွားသည်။ ထို့အပြင် ရေနံဆီ တစ်ပီပါလျှင်လည်း ၁၂ သိန်းကျပ်ရှိရာမှ ငွေ ကျပ်သိန်း ၂၀ အထိ စျေးနှုန်း မြင့်တက်သွားကြောင်း သိရသည်။

တရုတ်နယ်စပ်ရှိ တအာင်းတပ်(TNLA) ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင်လည်း ဆီပြတ်လပ်သွားပြီး ယမန်နေ့တွင် ဓာတ်ဆီတစ်လီတာလျှင် ၁၂,၀၀၀ ကျပ်အထိဈေးရှိ မှောင်ခိုဈေးမှာ တစ်လီတာလျှင် ၁၇,၀၀၀ ထိဈေးရှိကြောင်း နမ်းခမ်းဒေသခံတစ်ဦးက ဆိုသည်။

၂၀၂၄ ခုနှစ်က ရန်ကုန်မြို့၌ စက်သုံးဆီ ပြတ်လပ်နေသောကြောင့် စက်သုံးဆီဝယ်ယူရန် ဆိုင်များရှေ့တွင် ညအိပ်စောင့် တန်းစီဝယ်ယူနေရသူများ။ (ဓာတ်ပုံ – ကိုကံကောင်း)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button