အမ်းမြို့အနောက်မြောက်ဘက် ၂၁ မိုင်ကျော်အကွာ ဒါးလက်ချောင်းဒေသသည် တောတောင်များထူထပ်ပြီး ပုံမှန်အချိန်ဆိုလျှင် ရေလုပ်ငန်း၊ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်။
၂၀၂၀ နှစ်ဆန်းကတည်းက ထိုဒေသတဝိုက် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲများ ဖြစ်ခဲ့သလို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်သော AA ၏ ရခိုင်ပြည်သိမ်းစစ်ဆင်ရေးအတွင်း AA အုပ်ချုပ်မှုအောက် ရောက်ရှိသွားသည်။
အမ်းလေဆိပ်အပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တို့ကိုပါ AA က သိမ်းယူခဲ့ရာ ဒုတိယ တိုင်းမှူး အပါအဝင် စစ်တပ်အရာရှိကြီးများ၊ စစ်ဆရာဝန်များ၊ အခြားအဆင့်များ၊ တပ်သားများ အစုလိုက်အပြုံလိုက် လက်နက်ချခဲ့ကြသည်။
ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာ၊ ဒါးလက်အနောက်ရွာ၊ ဒါးလက်ရှမ်းကုန်းအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော် ရှိပြီး လူဦးရေ တစ်သောင်းကျော်နီးပါး နေထိုင်ကြသော ဒါးလက်ချောင်းဒေသတွင် AA က အကျဉ်းစခန်းများ ဆောက်လုပ်ထားရှိခဲ့ရာ မတ်လ ၈ ရက်နေ့သည် သွေးစွန်းသော တနင်္ဂနွေနေ့ ဖြစ်ခဲ့သည်။
တောင်ပတ်လည် ဝန်းရံထားသည့်အလယ်တွင် ဆောက်လုပ်ထားသော AA ၏ အဆိုပါအကျဉ်းထောင်တွင် အမှတ် (၁) မှ (၆) အထိ အဆောင်ခြောက်ခုရှိသည်။ အမှတ် (၅) ထောင်ကို သံထောင်ဟု ခေါ်ပြီး စုစုပေါင်း စစ်သုံ့ပန်း ၄၀၀ ကျော်ရှိ၍ နပခနှင့် စစ်ဌာနချုပ်မှ အများဆုံးဖြစ်ကြသည်။
ထွက်မပြေးနိုင်စေရန် ရည်ရွယ်၍ AA က စစ်သုံ့ပန်းအများစုကို သံဒေါက်ဟု ခေါ်သော သံခြေချင်း ဝတ်ဆင်ပေးထားသည်။
တနင်္ဂနွေနေ့သည် စစ်သုံ့ပန်းများအတွက် တခြားနေ့ရက်များကဲ့သို့မဟုတ်ဘဲ စိတ်လက် ပေါ့ပါးစရာ နေ့တစ်ခုဖြစ်သည်။ ထိုနေ့တွင် အလုပ်လုပ်ရခြင်းမရှိဘဲ အေးအေးဆေးဆေး၊ နားနားနေနေဖြင့် တစ်ရက်တာကို ဖြတ်သန်းနိုင်သည်။
ကျန်ရက်များတွင် စစ်သုံ့ပန်းများသည် လမ်းပြင်ခြင်း၊ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရေလောင်းခြင်း၊ ထင်းရှာထင်းခုတ်ခြင်းများ အလှည့်ကျ လုပ်ဆောင်ကြရသည်။
စစ်သုံ့ပန်းအကျဥ်းသားများကို နံနက် ၉ နာရီကျော်ခန့်ကပင် အသုတ်လိုက်ခွဲ၍ အချုပ်ဆောင်ပြင်ပ၌ ထမင်းကျွေးပြီး နံနက် ၁၀ နာရီ ခွဲခန့်တွင်ပြီးစီးသွားသည်။ စစ်သုံ့ပန်းတို့သည်လည်း ထမင်းစားပြီး၍ အကျဥ်းထောင်ထဲသို့ဝင်ကာ လဲလျောင်းနေကြသည်။
အသက် ၄၁ နှစ်အရွယ် ဗိုလ်မှူးဟိန်းဖြိုးနိုင်သည် ထမင်းစားပြီးနောက် ၎င်း၏ အကျဥ်းထောင် အမှတ်(၆)ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အချိန်ကား နံနက် ၁၁ နာရီခန့်ရှိနေပြီး အရပ်အခေါ် ဘုန်းကြီးဆွမ်းစားချိန် ဖြစ်သည်။
ထိုစဉ် ဂျက်လေယာဥ်ပေါ်မှ ဗုံးကြဲသံတစ်ချက်ကြားလိုက်ရသောကြောင့် အကျဥ်းထောင်ထဲတွင် စစ်တပ် ဗိုလ်မှူး ဟိန်းဖြိုးနိုင် ဝပ်ချလိုက်၏။ နောက်တစ်ကြိမ်တွင် သုံးပေခန့်သာ ကွာဝေးသည့် အကျဥ်းထောင် အမှတ် (၄) ကို ဗုံးကျရောက်ပေါက်ကွဲ၍ မီးလောင်သွားသည်ကို တွေ့လိုက်ရသည်။
လေယာဉ်ဗုံး ဘယ်လိုထိမှန်ခဲ့သလဲ
အကျဥ်းထောင်အနီးရှိ AA လုံခြုံရေးတပ်ဖွဲ့ဝင်များနေသော တဲကို ပထမဆုံး ဗုံးကျရောက်ထိမှန်သွားပြီး စက္ကန့်သုံးဆယ်ခန့်အကြာတွင် အကျဥ်းထောင် အမှတ် (၄)ကို တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့သည်။
အကျဥ်းထောင် အမှတ် (၆) နှင့် အနီးရှိ အမှတ် (၄) အကျဥ်းထောင်တို့သည် ဓနိမိုး၊ သစ်၊ ဝါးတို့ဖြင့် ဆောက်ထားပြီး အောက်ကြမ်းပြင်တွင် ဖျာခင်းထားသည်။ အကျဥ်းထောင်ဘေး တောင်နံရံများတွင် လေကြောင်း ဗုံးဒဏ် ကာကွယ်ရန်အတွက် လိုဏ်ဂူများ တူးထားကြသည်။
မီးသည် အမှတ် (၆) ထောင်ကို ကူးစက်လာသည်။ ထို့နောက် ထောင်အဆောင်နှစ်ခုလုံး အလျင်အမြန် မီးလောင်သွားပြီး အဓိက ထွက်ပေါက် သစ်သားတံခါး ကျိုးကျ၍ လမ်းပိတ်သွားသောကြောင့် သုံ့ပန်းများ ထွက်ရခက်သွားသည်။
အချိန်မီ ထွက်မပြေးနိုင်သော စစ်သုံ့ပန်းအချို့ ပိတ်မိ မီးလောင်ပြီး အသက်ဆုံးရှုံးသသည်။ ဒဏ်ရာရသွားသော စစ်သုံ့ပန်းအချို့ ထွက်မပြေးနိုင်ကြသလို ကယ်ဆယ်ရန် အခြေအနေမပေးသဖြင့် အရှင်လတ်လတ် မီးလောင်သေဆုံးသွားသည်များလည်း ရှိသည်ဟု AA ၏ စစ်သုံ့ပန်း အရာရှိအဆင့်နှစ်ဦးက ဆိုသည်။
တိုက်ရိုက်ဗုံးကျသော အမှတ် (၄) ထောင်မှ ၈၀ ဝန်းကျင်ရှိသော စစ်သုံ့ပန်းအားလုံးနီးပါး သေဆုံးသွားပြီး နှစ်ဦးသာ အသက်ရှင်သည်။ ထိုနှစ်ဦးသည်လည်း ဒဏ်ရာရ သွားသည်ဟု အကျဥ်းထောင် အမှတ် (၆) မှ ဗိုလ်ကြီးအောင်သူက ပြောသည်။
“ထောင်(၆)ဘက်ကကြတော့(၄)နဲ့ကပ်လျက် အခန်း(၂)ဆိုတဲ့ တစ်လျှောက်လုံးဟာ (ဗုံး)အစတွေ မှန်တယ်။ ပြီးရင် ဟိုဘက်က စင်လာတဲ့ ခဲတွေ၊ သစ်သားချောင်းတွေကြောင့် တစ်ခါတည်း သေသွားတဲ့ လူလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။
အမှတ် (၆) ထောင်ကို မီးကူးစက်လာသောကြောင့် ၎င်းအနေဖြင့် အသက်စွန့် ထွက်ပြေးခဲ့ရပြီး တောင်နံရံတွင်ဖောက်ထားသော ဂူပေါက်အတွင်း ဝင်ရောက်ပုန်းခိုခဲ့ရသည်ဟု ဗိုလ်မှူးဟိန်းဖြိုးနိုင်က ဆိုသည်။

“အဲ့ဒီအချိန်မှာ ကျွန်တော်တို့အဆောင်ကိုလည်း မီးစွဲလောင်ပြီးတော့ ထောင်ထဲမှာရှိတဲ့ တချို့ဆိုရင် ဗုံးသီး အစတွေ မှန်ပြီးတော့ ပေါင်ပြတ်တဲ့သူက ပြတ်၊ ခေါင်းထိတဲ့သူက ထိ၊ ကျွန်တော်ဆိုရင်လည်း ခေါင်းကို ဖြတ်ထိသွားတဲ့အဆင့် ရှိပါတယ်”ဟု ဦးခေါင်းတွင် ပတ်တီးစည်းထားသော ဗိုလ်မှူးက ပြောသည်။
“ကျန်ခဲ့တဲ့အများစုကတော့ ပိတ်မိပြီးတော့ မထွက်နိုင်ကြဘူး။ သူတို့ပိတ်မိနေတော့ အပြင်ကလူကလည်း ဆွဲထုတ်ဖို့ကလည်း မီးလောင်နေတာဖြစ်တဲ့အတွက် ပိုပြီးခက်ခဲသွားပါတယ် ။ မီးလောင်ရတဲ့အကြောင်း အရင်းကလည်း အပေါ်မှာမိုးထားတဲ့ ဓနိရွက်ဖြစ်တဲ့အတွက် မီးလောင်မှုက မြန်ဆန်သွားပါတယ်”ဟု ဗိုလ်မှူးဟိန်းဖြိုးနိုင်က မီးလောင် ပြာကျသွားသည့် အကျဥ်းထောင်များကို လက်ညှိုးထိုးပြရင်းပြောသည်။
၎င်းအနေဖြင့် ပိတ်မိနေသူများ၊ ထွက်မပြေးနိုင်သူများကို ကယ်ထုတ်ရန် အခြေအနေမပေးခဲ့ကြောင်း ဆိုသည်။
“ဒဏ်ရာရပြီး မသေကြတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီလို သူ့ကိုလည်း ကိုယ်မကယ်နိုင်တဲ့အချိန်မှာ ဒဏ်ရာရတဲ့သူတွေကို ဆွဲမထုတ်နိုင်ဘဲနဲ့ မီးဒဏ်ကြောင့်သေသွားတဲ့သူတချို့လည်း ရှိပါတယ်။ အများ အားဖြင့်ကတော့ ဗုံးဒဏ်ကြောင့် ကျသွားတဲ့သူလည်းရှိသလို မီးတောထဲကနေ ရုန်းမထနိုင်ဘဲနဲ့…”
“ ကျွန်တော်တို့ဆိုလည်း ဒီဂူထဲကနေ ကြားနေရပါတယ်။ ကူပါ…ကယ်ပါပြောနေတာတွေကို ကြားနေရပါတယ်။ မီးလောင်ဒဏ်ရာဝေဒနာတွေကိုမခံစားနိုင်လို့ အော်ဟစ်နေတာတွေကြားပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အရဲစွန့်ပြီး သွားကယ်ဖို့အခြေအနေမပေးခဲ့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
မီးလောင်နေသော အမှတ် (၆) အဆောင်ထဲ ဆက်နေလျှင် အသက်အန္တရာယ်ကို ရှောင်လွှဲ၍ ရတော့မည် မဟုတ်ဟုယူဆပြီး ဝေးရာသို့ ထွက်ပြေးခဲ့ရသည်ဟု ဗိုလ်ကြီး အောင်သူကလည်း ပြောသည်။
“အဲဒါမှာ လက်နဲ့ ကာပြီး ထွက် …ထွက်၊ပြေး … ခြေထောက်လည်း သံစူးတယ်၊ စူးလည်းထပ်တိုး၊ တိုးပြီးတော့ ကျွန်တော်က အပြင်ကို ရောက်လာတယ်။ ပြီးရင် ဒီက ဆက်သွယ်ရေးမြောင်းထဲကို ခုန်ချပြီးတော့ အဲ့ဒီမှာ အရင် ရောက်နေတဲ့ သုံ့ပန်းတွေရော၊ ဒီက တပ်ဖွဲ့ဝင်တွေရော အကုန်လုံးပေါ့၊ ဆက်သွယ်ရေးမြောင်းထဲမှာ စုပြီး ဝပ်နေကြတာပေါ့”
တိုက်လေယာဥ် ဗုံးကြဲပြီးလျှင် Y-12 ထောက်ပို့လေယာဉ်က ထပ်မံလာရောက်ဗုံးကြဲရာ စစ်သုံ့ပန်းများနှင့် AA ရဲဘော်များ ခေါင်းမဖော်နိုင်ဘဲ မြေကြီးတွင် လေးနာရီခန့်ကြာဝပ်နေခဲ့ရသည်။
“လုံးဝငြိမ်သွားတော့ (AA) ထောင်မှူးကနေ ကျွန်တော်တို့ဒဏ်ရာရတဲ့အဖွဲ့တွေရော၊ စစ်သုံ့ပန်းတွေကိုရော ဆွဲထုတ်… ဆွဲထုတ်ပြီးတော့ လုံခြုံတဲ့တစ်နေရာကို၊ အဲဒီနေရာလည်း မြေကြီးကျင်းပဲ၊ မြေကြီးကျင်းထဲ မှာထားတယ်။ ထားပြီးတော့ ဆေးကုတယ်။ ထိုက်သင့်တဲ့ကျွေးမွေးစောင့်ရှောက်မှုတွေနဲ့ ဆေးကုသထားတယ်” ဟု ဗိုလ်ကြီး အောင်သူက ဆိုသည်။
လက်ရှိတွင် လေကြောင်းရန် စိုးရိမ်ရသောကြောင့် စစ်သုံ့ပန်းများအားလုံးသည် ဗုံးခိုကျင်းများတွင်သာ နေထိုင်နေရသည်ဟု ၎င်းက ပြောသည်။
“ အခုနေတာတော့ မြေကြီးကျင်းထဲမှာပဲ။ အိပ်လည်းအဲဒီမှာ၊ စားလည်းအဲဒီမှာ၊ တစ်နေကုန်တစ်ညလုံး အဲဒီမှာနေနေရတယ်”
ကျန်းမာရေးမကောင်းသူများထားသည့် သံထောင် (သို့မဟုတ်) အမှတ် (၅) ထောင်
လေကြောင်းဗုံးကြဲပြီးနောက် AA ထုတ်ပြန်ချက်ဓာတ်ပုံများတွင် သေဆုံးသူများနှင့် ဒဏ်ရာရသော စစ်သုံ့ပန်းများတွင် သံဒေါက်ဟု ခေါ်သည့် သံခြေချင်းဖြင့်ခတ်ထားသည်ကို တွေ့ရသလို အချုပ်ခန်းများဟု ယူဆရသော သံပန်းလှောင်အိမ်များ မီးကျွမ်းနေသည်ကို တွေ့ရသည်။
လေးနာရီကြာ လေကြောင်းဗုံးကြဲမှုအတွင်း စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံး၊ ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့ပြီးနောက် မီးရှို့သတ်ခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာအပြီး AA က မီဒီယာများကို ခေါ်ယူပြသမှု မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အရပ်သားများထဲက ပြစ်ဒဏ်ချခံနေရသူများအချို့လည်း သေဆုံး၊ ဒဏ်ရာရရှိသွားသကဲ့သို့ လုံခြုံရေး ဆောင်ရွက်နေသော AA တပ်ဖွဲ့ဝင် ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။
ကျန်းမာရေးမကောင်းမွန်သူများနှင့် ဒဏ်ရာရရှိသူများကို သီးသန့်ထားသော သံထောင်ဟုခေါ်သော အမှတ် (၅) အကျဥ်းထောင်တွင် သေဆုံးသူတစ်ဦးတည်းသာရှိသည်ဟု AA ၏ စစ်သုံ့ပန်းများက ပြောသည်။
လေဝင်လေဝထွက်ကောင်းရန် ဆောက်လုပ်ထားသည့် တစ်ခုတည်းသော ထောင်ဖြစ်ပြီး ဘေးပတ်ပတ်လည်ကို သံများဖြင့် ကာရံထားပြီး နေ့အချိန်၊ ညအချိန် ကောင်းစွာခွဲခြား သိမြင်နိုင်သလို ထိုသံထောင်ကို အခြားအကျဥ်းထောင်များကဲ့သို့ပင် ဝါး၊ ဓနိရွက်ဖြင့် မိုးထားသည်ဟု သိရသည်။
အမှတ် (၄) အကျဥ်းထောင် ဗုံးကြဲခံရပြီး အမှတ် (၆) ထောင် စတင်မီးလောင်နေသောအခါ သံထောင်မှ အကျဥ်းသားအများစုသည် ဗုံးခိုကျင်းများသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။ မထွက်ပြေးနိုင်သော ဒဏ်ရာရ စစ်သုံ့ပန်းတစ်ဦးသေဆုံးခဲ့သည်။
“ဗုံးသီးကျတဲ့အချိန်မှာ သူတို့ထောင်(သံထောင်)ကို တိုက်ရိုက်မထိခိုက်ဘဲနဲ့ ဒီဘက်ကနေပြီးတော့မှ အုန်း (ဓနိ) မီးလောင်တာတွေ အစတွေက ခေါင်မိုးကိုသွား(မီး)ကူးပြီးတော့ မီးလောင်တဲ့အဆင့် ရှိခဲ့ပါတယ်။ သံထောင်ကိုတော့ ဗုံးသီးကျခြင်းမရှိပါဘူး”ဟု ဗိုလ်မှူးဟိန်းဖြိုးနိုင်က ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် စစ်သုံ့ပန်းများဖြစ်သည့် ဗိုလ်မှူးချုပ် မြင့်ရွှေ၊ ဗိုလ်မှူးကြီး ဥာဏ်ဇော် ၊ ဓာတ်မှန်ပါရဂူ ဗိုလ်ကြီး အောင်အောင်ဆက်၊ ခွဲစိတ်ခန်းကျွမ်းကျင် သူနာပြု ဗိုလ်ကြီး ဖြိုးသူရိန်အေးတို့ အပါအဝင် အခြားအရာရှိများလည်း ပါဝင်ကြသည်။
ထိုသို့သေဆုံးသွားရသောကြောင့် အလွန်စိတ်မကောင်းဖြစ်မိသည်ဟု သားဖွားမီးယပ်အထူးကုပါရဂူ ဗိုလ်မှူးပြည့်ဖြိုးလွင်က ပြောသည်။
“ဒါပေမဲ့ တစ်ဖက်မှာလည်း မျှော်လင့်ချက်နဲ့ပေါ့။ မျှော်လင့်ချက်နဲ့ဆိုတာက အချိန်တန်ရင် အိမ်ကိုပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတူတူ လက်တွဲပြီး ခရီးလျှောက်နေကြတဲ့သူတွေ။ ဒီလိုအချိန်မျိုးမှာ မမျှော်လင့်ဘဲနဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် ဒီလိုကျဆုံးသွားရတဲ့ စစ်သည်မိသားစုတွေ အတွက်လည်း ဝမ်းနည်းမိတယ်”ဟု ၎င်းကဆိုသည်။
စစ်သုံ့ပန်းတစ်ဦးဖြစ်သော ဗိုလ်မှူးပြည့်ဖြိုးလွင်ကဲ့သို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအရာရှိများသည် အခြား အကျဥ်းသားများကဲ့သို့ သံခြေချင်းများဝတ်ဆင်ရခြင်းမရှိပေ။
၎င်းသည် လွန်ခဲ့သည့် ခြောက်လကပင် AA ၏ဆေးရုံတွင် ဆရာဝန်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပြီး အထွေထွေရောဂါကုသမားတော် ဗိုလ်ကြီး အောင်မြင့်မြတ်သည်လည်း ဆရာဝန်အဖြစ် လုပ်ကိုင်နေသည်။ ၎င်းတို့သည်ပင် ဗုံးဒဏ်ကြားက အသက်ရှင်လွတ်မြောက်လာသူများဖြစ်ကြသည်။
ဆေးဘက်ဗိုလ်ကြီး အောင်မြင့်မြတ်က လေကြောင်းဗုံးကြဲမှုအတွင်း သူ့အတွေ့အကြုံ ပြန်ပြောပြသည်။
၎င်း၏ လူနာများကို လှည့်ပတ်ကြည့်ရှုနေချိန် အနီးပတ်ဝန်းကျင်မှ ဗုံးပေါက်ကွဲသံ ကြားလိုက်ရသဖြင့် လူနာများကို AA ဆေးတပ်သားများနှင့်အတူ ကတုတ်ကျင်းများသို့ စောလျှင်စွာပြောင်းရွှေ့ကြ၏။ ၎င်းကိုယ်တိုင်လည်း ထိုလူနာများနှင့်အတူ ပုန်းခိုနေလိုက်သည်။ နောက်တစ်ကြိမ် ဗုံးမိုးရွာသောအခါ ၎င်းတို့ အနီးကျရောက် ပေါက်ကွဲသဖြင့် ဆေးဆရာ(AA ဆေးတပ်သား) တစ်ယောက်အပေါ် မြေပိသွားသဖြင့် ဝိုင်းဝန်းတူးဖော်ကြရသည်။
“ဝိုင်းတူးပြီးတော့ ဆေးရုံနားက ချုံလေးနားမှာ သူ့ကိုဆွဲထုတ်ပြီးတော့ ဆေးကုသလိုက်တယ်။ ပြီးတော့ ၁၂ နာရီ ထိုးခါနီးလောက်မှာ ခဏတော့ ငြိမ်သွားတယ်။ ၁၅ မိနစ်လောက်တော့ငြိမ်သွားတယ်။ အဲဒီအချိန်မှာ ဆက်သွယ်ရေးမြောင်းကနေထွက်ပြီး တခြားနေရာကိုသွားကြတယ်။ ပြီးတော့ တခြားနေရာက ဒဏ်ရာရ လူနာတွေလည်း ရောက်လာတယ်။ ကျွန်တော်ခန့်မှန်းသလောက်တော့ စစ်သုံ့ပန်းတွေလည်း ရောက်လာတယ်။ အရပ်သားအကျဥ်းသားတွေ၊ (AA) တပ်ဖွဲ့ဝင် ဒဏ်ရာရသူတွေလည်းပါတယ်”ဟု ဗိုလ်ကြီး အောင်မြင့်မြတ်က ပြောသည်။
ထိုနေ့တွင် လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် ဒဏ်ရာရလူနာများကို သွေးတိတ်အောင် လုပ်ပြီး ပတ်တီးစည်းလိုက်သည်။ များများစားစား ဆေးကုသမှုမပေးနိုင်လိုက်သေးဘဲ တဆင့်ချင်း လုံခြုံဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းရသည်ဟု ဆိုသည်။
“အဲ့ဒီ ရွေ့နေတဲ့အချိန်မှာကိုပဲ Y-12 က ထပ်ပြီးကြဲပါတယ်။ အနည်းဆုံးကျွန်တော်တို့ဆေးရုံထဲကို ရှစ်လုံးနဲ့ ၁၀ လုံးကြဲတာဖြစ်ပါတယ်။ သုံးလုံးလောက်ကတော့ ကျွန်တော်တို့ရွှေ့ပြီးမှ လူနာတွေနေခဲ့တဲ့ မြောင်းနား တွေကိုကျတာဖြစ်ပါတယ်။ သုံးလုံးကနေ လေးလုံးက ကျွန်တော်တို့ဆေးရုံဝင်းကို ကျပါတယ်”ဟု ဗိုလ်ကြီးအောင်မြင့်မြတ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော စစ်မြေပြင်ကို ဗုံးကြဲခြင်းမဟုတ်ဘဲ အကျဥ်းစခန်းကို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် အလွန်တုန်လှုပ်သွားသည်ဟု ၎င်းက ဆိုသည်။ ထိုကြားထဲကပင် မိမိအသက်လည်း မထိခိုက်အောင်၊ လူနာများအသက်လည်းမထိခိုက်အောင် အညီအမျှလုပ်၍ ဆွဲထုတ်ခဲ့ရသည်ဟုဆိုသည်။
“အခုတိုက်ခိုက်တဲ့အချိန်မှာ နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှာ တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ပေးခဲ့တဲ့ လေကြောင်းပစ်ကူထက် အဆမတန်များပါတယ် ။ ကျွန်တော်တို့ နပခတိုင်း ကျတဲ့အချိန်မှာ ဒီလောက်တောင် လေကြောင်းပစ်ကူပေးတာမရှိဘူး။ အခုဗုံးကြဲတဲ့ဟာက တော်တော် ပြင်းပြင်းထန်ထန် ဗုံးကြဲတာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့ဆေးရုံမှာတောင် ၁၀ လုံးလောက်ကျတာဖြစ်ပါတယ်။ တခြားနေရာတွေဆိုလည်း အများကြီး ပေါ့နော်။ တစ်ချိန်လုံးပစ်နေတာဖြစ်ပါတယ်။ လေးနာရီလောက်ကြာပါတယ်။ ညနေ ၄ နာရီလောက်မှ ရပ်သွားတာဖြစ်ပါတယ် ”
စစ်တပ်သည် အကျဥ်းစခန်းကို ဗုံးမကြဲမီ တစ်လအလိုနှင့်နှစ်ရက်အလိုတို့တွင် လေကြောင်းကင်းထောက်မှုများ ပြုလုပ်ခဲ့သည်။ ထိုစဥ်ကတည်းက အဝါ၊ အဖြူ၊ အပြာရောင်စသည့်ဝတ်စုံများဝတ်ဆင်ပြီး သွားလာလှုပ်ရှားနေသော စစ်သုံ့ပန်းများကိုမြင်တွေ့နိုင်သည်။ အဆောက်အအုံများ၏ အရွယ်အစားကို ကြည့်လျှင်လည်း အကျဥ်းထောင်ဆိုသည့်အချက်ကို သိနိုင်သည်ဟု စစ်သုံ့ပန်းများက ဆိုကြသည်။
တောဟိန်းတောင်ဗျူဟာ ဘယ်လိုကျခဲ့သလဲ
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် အာဏာသိမ်းစစ်တပ်၏ စခန်းများကို တိုက်ခိုက်သိမ်းပိုက်၍ မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့ကြသည်။
စစ်တပ်သည် ရခိုင်စစ်မြေပြင်တွင် စစ်ရှုံးပြီး မြို့၊ ရွာ အများစုကို လက်လွှတ်လိုက်ရသည်။ ထောင်နှင့်ချီသော စစ်သားများလည်း AA ထံတွင် ဖမ်းဆီးခြင်းခံလိုက်ရပြီး စစ်သုံ့ပန်းဘဝသို့ရောက်ရှိသွားသည်။
ထို ဒါးလက်ချောင်းဒေသရှိ အကျဥ်းထောင်တွင် စစ်သုံ့ပန်းအမျိုးသား ၄၀၀ ကျော်ခန့်ရှိသည်။
အာဏာသိမ်းစစ်တပ်၏ စစ်သားများသည် AA ထံတွင် လွယ်လွယ်ကူကူဒူးထောက်အရှုံးပေးခြင်း မဟုတ်။ အသေအလဲ ခုခံကာကွယ်ခဲ့ကြသော်လည်း နောက်ဆုံး မည်သို့မျှ မတတ်နိုင်တော့သည့် အချိန်မှသာ အရှုံးရလဒ်ထွက်ပေါ်ပြီး စစ်သုံ့ပန်းဖြစ်သွားကြခြင်းပင်။
ခြေထောက်နှစ်ဖက်စလုံးကို သံခြေချင်းခတ်ခံထားရပြီး ခါးတွင် သံခြေချင်းကြိုးကို ချည်နှောင်ခံထားရသည့် စစ်သုံ့ပန်းထဲတွင် တောင်ကုတ်မြို့ရှိ အမှတ် (၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး(တပ်မမှူး) ဗိုလ်မှူးကြီး သက်ထူးစံလည်း ပါဝင်သည်။
သူ၏ ရှေ့တန်းတာဝန်မှာ အမ်းမြို့နယ်၊ ကဇုကိုင်းစခန်း(ခ)တောဟိန်းတောင်ဗျူဟာတွင် တာဝန်ယူရသည့် တပ်မမှူးဖြစ်သည်။
တောင်ဟိန်းတောင်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲဖြစ်သည် ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အပြင်းထန်ဆုံးတိုက်ပွဲ ထဲက တစ်ခုဖြစ်သည်။ ထိုဗျူဟာကုန်းကို AA သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ခြောက်လခန့် တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး သက်ထူးစံက ပြောသည်။
“ရခိုင်မှာဆိုရင်တော့ တောဟိန်းတောင်စခန်းက အာရက္ခတပ်တော်က ဒီကတာဝန်ရှိတဲ့လူတွေက ပြောပြ ချက်အရ တိုက်ပွဲအကြာဆုံးနဲ့ အခက်ခဲဆုံး၊ သူတို့အာရက္ခတပ်တော်သားတွေ ထိခိုက်မှုအများဆုံး ပေးဆပ်ခဲ့ရတယ်လို့ သိရပါတယ်”ဟု ၎င်းကဆိုသည်။
ထိုဗျူဟာကုန်းကို စစ်တပ်သည် လက်နက်၊ခဲယမ်း၊ စားနပ်ရိက္ခာ၊ စစ်သည်အင်အားများကို ရဟတ်ယာဥ် တစ်ခုတည်းဖြင့်သာပို့ဆောင်နိုင်သည်။ ဒဏ်ရာရစစ်သားများကိုလည်း ရဟတ်ယာဥ်ကိုသာ အသုံးပြု၍ ပို့ဆောင်ရသည်။ အမ်းမြို့ရှိ တပ်စခန်းများကို မတိုက်မီ ထိုဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်မည့် AA ၏ စစ်ဆင်ရေးအရှိန်သည် ၂၀၂၄ ခုနှစ် ဇွန်လ တစ်လလုံးတွင် မြှင့်တင်ခဲ့သည်။
ဗိုလ်မှူးကြီး သက်ထူးစံ ဦးဆောင်သော စစ်တပ်သည် ဒဏ်ရာရစစ်သားများပြားလာသည်။ ထိုအချိန်တွင် နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်တပ်သည် ထိုဗျူဟာကုန်းကို ရဟတ်ယာဥ်ဖြင့် စစ်အင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာပို့ဆောင်မှုလည်းနည်းပါးသွားသည်။
ရှိသမျှ လူအင်အားနှင့်တိုက်ခိုက်သော်လည်း မည်သို့မျှမထူး။ ဒဏ်ရာရသူများလာသည်။ လက်နက်ကြီး ကျည်များမရှိတော့ပြီ။ လက်နက်ငယ်များ ပျက်စီးသွား၍ ပစ်ခတ်၍ မရတော့ပေ။
ထို့ကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်( နပခ)တိုင်းမှူးနှင့် ကက(ကြည်း) သို့ ဆုတ်မိန့်ပေးရန် တောင်းခံပြီး ဆုတ်ခွာကြရာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် AA ၏ ဖမ်းဆီးခံလိုက်ရပြီး တောဟိန်းတောင် ဗျူဟာကုန်း ကျဆုံးသွားခြင်းဖြစ်သည်။

“လေးလပိုင်း၊ ငါးလပိုင်းလောက်မှာ ရဟတ်ယာဥ် သိပ်အလာကျဲသွားတယ် ။ တဖြည်းဖြည်းနဲ့ တိုက်ပွဲအရှိန် မြင့်တက်လာတဲ့အခါမှာတော့ ကျွန်တော့်ဆီကို ရဟတ်ယာဥ်ဖြည့်တင်းမှုတွေ အားနည်းခဲ့ရပါတယ်။ လူအင်အားတွေက တဖြည်းဖြည်းနဲ့နည်းလာတယ်။ ဒဏ်ရာရ၊ ကျဆုံးမှုတွေများလာတယ်”
“နောက်ဆုံး ခြောက်လပိုင်းမှာ ကျွန်တော့်စခန်းကိုတိုက်ရတာလည်း ကြာလာပြီဆိုတော့ အာရက္ခတပ်တော်အနေနဲ့ နောက်ဆုံး အမ်းကို မတိုက်ခင်မှာ အပြီးသတ် ထိုးစစ်၊ ထိုးစစ်မှာ လူအင်အားတွေ အများကြီးဖြည့်တင်းပြီးတော့မှ လက်နက်ခဲယမ်းတွေ၊ ဒရော့ဗုံးတွေ၊ အမြောက်တွေ စုပြုံသုံးပြီးတော့မှ စခန်းကို ခြောက်လပိုင်း တစ်လလုံးမှာ ပြင်းပြင်းထန်ထန် စစ်ဆင်ရေးဆင်နွှဲခဲ့ပါတယ်”
တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ် ဇွန်လက သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် အမ်းမြို့အနောက်ဘက် ၁၀ မိုင် ခန့်အကွာမှ မဲတောင်ဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။
အမ်းဒေသတွင်း စစ်ရေးအရ အရေးပါသော အထက်ပါဗျူဟာကုန်း နှစ်ခုကျပြီးနောက် အမ်းမြို့နှင့် နပခ သိမ်းနိုင်ရေး AA ၏ ထိုးစစ်သည် ပိုမြန်ဆန်သွားခဲ့သည်။
စစ်တပ် တပ်ရင်းတပ်ဖွဲ့ နှင့် စစ်ဗျူဟာများ ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့နယ်ကို AA က ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းတွင် စတင် ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စစ်ဌာနချုပ်ကိုပါ သိမ်းပိုက်ခဲ့ပြီးနောက် နပခကို ကွပ်ကဲသော ဒုတိယတိုင်းမှူး အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။
စစ်တပ်အမာခံ သစ္စာခံများကို ချုပ်နှောင်ထားသည့် အကျဉ်းစခန်း
စစ်တပ်အတွက် အသက်ပေးပြီးတိုက်ပွဲဝင်ခဲ့သော စစ်သားများကို ယခုကဲ့သို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းသည် ဘဝမှာ မည်သည့်အခါမျှ မျှော်လင့်မထားသည့်အရာဖြစ်ပြီး မည်သည့်အတွက်ကြောင့် တိုက်ခိုက်သည်ကို တိုက်ခိုက်သည့် စစ်တပ်ကသာ သိလိမ့်မည်ဟု ဗိုလ်မှူးကြီး သက်ထူးစံက ဆိုသည်။
“ကျွန်တော်တို့ကတော့ ဒီမှာ အာရက္ခတပ်တော်နဲ့ သုံ့ပန်းတွေနဲ့က ရောထွေးပြီး တစ်စုတစ်စည်းတည်း နေတာဖြစ်တဲ့ အတွက် ဘယ်သူ့ကိုတိုက်တိုက်ပေါ့နော်၊ လေကြောင်းတိုက်ခိုက်မှုဆိုတာက လက်နက်ငယ်လို လူတစ်ယောက်ချင်းကို မှန်အောင်ပစ်နိုင်တာ မဟုတ်ဘူး။ သူကတော့ လေကြောင်းရဲ့ ပေါက်ကွဲစွမ်းအားနဲ့ အဖျက်စွမ်းအားတွေက ဧရိယာတစ်ခုလုံးမှာရှိတဲ့ဟာတွေကို သေကြေပျက်စီးမှာပဲဖြစ်ပါတယ်”
“ဒါကြောင့်မလို့ ဘယ်သူ့ကိုပဲ တိုက်ခိုက်တိုက်ခိုက် ဒီနေရာကိုကျရင်တော့ ကျွန်တော်တို့ပါ ရောပြီးခံရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ထောင်ထဲမှာလူအင်အား အများကြီးနဲ့ အစုအဝေးနဲ့နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့သုံ့ပန်းတွေက ၁၀၅ ယောက်ဝန်းကျင်လောက် သေဆုံးခဲ့တာဖြစ်ပါတယ်”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းကလည်း ဗိုလ်မှူးကြီး သက်ထူးစံကဲ့သို့ပင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တပ်စခန်းများမကျဆုံးရအောင် ခုခံကာကွယ်ခဲ့သည် ဟုဆိုသည်။
သို့သော်လည်း လက်နက်ခဲယမ်းပြတ်တောက်လာမှု၊ စစ်ကူများ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တပ်ကူ များမရောက်ရှိမှု၊ ရေကအစ စားနပ်ရိက္ခာများပြတ်တောက်လာမှုတို့ကြောင့် စစ်ရှုံးသွားပြီး စစ်သုံ့ပန်းဖြစ် သွားရသည်ဟု ပြောသည်။
“ကျွန်တော်တို့ရဲ့ အုပ်ချုပ်မှုလမ်းကြောင်းတွေကို ဖြတ်တောက်တာပေါ့။ ဖြတ်တောက်တဲ့အခါမှာ လက်နက်ခဲယမ်းတွေ အားနည်းသွားတယ်။ ရေရိက္ခာတွေအားနည်းမှုရှိတယ်။ နောက်ပိုင်းစစ်ကူ လိုက်လာတဲ့စစ်ကူက လမ်းမှာ ဖြတ်တောက်ပိတ်ဆို့ခံရတဲ့အခါ ကျွန်တော်တို့ရှေ့ကို လာရောက် ပူးပေါင်း နိုင်ခြင်းမရှိကြတော့ဘူးပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တိုက်ပွဲမှာ ထိုးစစ်အဟုန်ကိုမခံနိုင်လို့ တပ်တော် (AA)ဆီမှာ ဖမ်းဆီးမှုခံရတာ ”ဟု ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောသည်။
တစ်ကြိမ်တစ်ခါမျှ စစ်သုံ့ပန်းဘဝသို့ ရောက်ရှိလိမ့်မည်ဟု မတွေးရဲခဲ့ဖူးသော ဗိုလ်မှူးချုပ်သောင်းထွန်း အတွက် ဗုံးကြဲခံရသောနေ့သည် ဝမ်းနည်းစရာများ၊ စိတ်မကောင်းစရာများနှင့် ပြည့်နှက်နေသည်ဟု ဆိုသည်။
သူ၏ တပည့်များ၊ လုပ်ဖော်ကိုင်ဖက်များ ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားမှုများ၊ ဗုံးကြဲခံရခြင်းကြောင့် မီးလောင်၍ သေဆုံး ထိခိုက်သူများကို ကြည့်၍ အလွန်တုန်လှုပ်သွားသည်ဟု ပြောသည်။
“ဖြစ်ဖြစ်ချင်းမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း ရှော့ခ်ဝင်သွားတာပေါ့။ ပြီးတော့ ဒီမီးလောင်သွားပြီး သေနေတဲ့သူတွေကို၊ သူတို့နေရာကို နည်းနည်းလေး စက္ကန့်ပိုင်းလောက် ဝင်ကြည့်လိုက်ရင်လေ ကိုယ်ချင်း စာစိတ်တွေနဲ့ ဝင်ကြည့်လိုက်ရင် ဘယ်လောက်ခံစားသွားရမလဲဆိုတာကို သိပါတယ်ဗျာ။ပြီးတော့ ဒါက တကယ့်ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်ပါ ”
စစ်တပ်အနေဖြင့် အကျဥ်းထောင်ကို ဂျက်လေယာဥ်၊Y-12 တို့ဖြင့် အစီအစဥ်တကျကြဲချခဲ့ခြင်းဖြစ်ပြီး ယခင်က ယခုကဲ့သို့ ဗုံးအကြိမ်အရေအများအပြားဖြင့် ဗုံးကြဲခြင်းမတွေ့ဖူးသလို စစ်ပွဲနှင့် မသက်ဆိုင်သော အကျဥ်းထောင်၊ ဘာသာရေးအဆောက်အအုံများ၊ အရပ်သားနေရာထိုင်ရာနေရာများကို ရှောင်လွှဲပြီး စစ်ဆင်ရေးလုပ်ရန်လည်း ဗိုလ်မှူးချုပ်သောင်းထွန်းက တိုက်တွန်းသည်။
“စိတ်လည်းမကောင်းဘူး။ ဝမ်းလည်းနည်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဝမ်းနည်းတာကတော့ ကိုယ့်ရဲ့ တပည့်တွေ၊လုပ်ဖော်ကိုင်ဖက်တွေ ပါသွားကြလို့ပေါ့နော်။ အံ့သြမိတယ်ဆိုတာကတော့ ရုတ်တရက် ဒီလိုကြီး ပြင်းပြင်းထန်ထန်ကြီးနဲ့ ဗုံးကြဲသွားတော့ ရှော့ခ်လည်းရတယ်။အံ့သြလည်းအံ့သြမိတယ်”
“နောက် စိတ်မကောင်းဖြစ်တဲ့အကြောင်းကတော့ ဘာကြောင့်ပေါ့နော်…ကျွန်တော်တို့ ဒီထောင်ဆိုတာက စစ်ပွဲနဲ့ မဆိုင်ဘူးပေါ့နော်။ မဆိုင်ဘူး။ မတော်တဆဖြစ်သွားတုန်း၊ တစ်လုံးလောက် ကျသွားရင်တောင်မှ လက်ခံလို့ရတဲ့ အတိုင်းအတာရှိတာပေါ့ ၊ ကျွန်တော့်အနေနဲ့။ အခုကတော့ ဗုံးကြဲတဲ့အရေအတွက်က များတဲ့အခါကြတော့ တော်တော်လေးမကောင်းတဲ့အနေအထားပေါ့ဗျာ။ စိတ်မကောင်းစရာပါပဲ ”

အမ်းမြို့၊ အမှတ် (၂)တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသော ဗိုလ်ကြီးအောင်မြင့်မြတ်က နပခတိုင်းစစ်ဌာနချုပ် မကျမီ နောက်ဆုံးအချိန်ထိ ဒဏ်ရာရစစ်သားများကို ဆေးဝါးကုသပြီး နောက်ဆုံးအချိန်ထိနေခဲ့သည်။
ထိုကဲ့သို့တာဝန်ထမ်းဆောင်ခဲ့ကြ သူများကို “ဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်မယ်လို့ မထင်ပါဘူး” ဟု ဆိုသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။
“အဲဒီလိုလုပ်တာကတော့ ဘယ်လိုမှမလုပ်သင့်တဲ့လုပ်ရပ်မို့ စိတ်မကောင်းဖြစ်မိပါတယ်”ဟု ဗိုလ်ကြီး အောင်မြင့်မြတ်က ပြောသည်။
စစ်တပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည့် AA ၏ စစ်သုံ့ပန်းအကျဥ်းစခန်းများကို ဗုံးကြဲခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးတော့မဟုတ်ပေ။ အလားတူဖြစ်ရပ်မျိုးများလည်း ရှေ့တွင် ဖြစ်ခဲ့ဖူးသည်။
သို့သော် သေဆုံးဒဏ်ရာရရှိမှုသည် ယခုအကြိမ်လောက် မများပြားခဲ့ပေ။ ထိုအချိန်က စစ်တပ် ဝါဒဖြန့်သူများသည် မည်သို့မျှ တုံ့ပြန်ရေးသားခြင်းမပြုလုပ်ခဲ့ကြပေ။
ယခုဒါးလက်ချောင်းစစ်သုံ့ပန်းအကျဥ်းစခန်းဗုံးကြဲခံရမှုနှင့် ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့်သူများက “AA က မီးရှို့သတ်ခြင်း”ဟု ရေးသားနေကြသည်။
ပြီးခဲ့သည့် နှစ်များအတွင်း AA အကျဉ်းစခန်းတိုက်ခိုက်ခံရမှု လေးခုထက်မနည်းရှိပြီး ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ရှိ အကျဥ်းစခန်းတစ်ခု လေကြောင်း ဗုံးကြဲခံရပြီး လသားကလေးအပါအဝင် စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်း ၂၁ ဦး သေဆုံး၊ ၃၀ ဦးဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း ပေါက်တောမြို့ အကျဉ်းစခန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက မြောက်ဦးမြို့နယ်ရှိ အကျဥ်းစခန်းများကို လေကြောင်း ဗုံးကြဲခဲ့ပြီး လူဆယ်ချီ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲ (နခခ-၂) တွင် ရှိသော AA ၏ အကျဉ်းစခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းနှင့်အကျဥ်းသား ၅၀ ကျော်သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့သည် ။
ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ထားသော AA ထံတွင် ဗိုလ်မှူးချုပ်များအပါအဝင် စစ်သုံ့ပန်းများ၊ စစ်တပ်မိသားစုဝင် အကျဉ်းသား ထောင်နှင့်ချီ ရှိနေပြီး ထိန်းသိမ်းထားသလို ပြန်လွှတ်ပေးခြင်းများ လည်းရှိနေသည်။
၂၀၂၅ ခုနှစ် ဧပြီနှင့်မေလတို့တွင် မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၂၀၀ နီးပါး ပြန်လွှတ်ပေးခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ချောင်းတူစစ်သုံ့ပန်းအကျဥ်းစခန်းမှ စစ်သုံ့ပန်းများနှင့် မိသားစုဝင်အချို့ကို AA က ပြန်လွှတ်ပေးခဲ့သော်လည်း အရေအတွက်ကိုမူ ထုတ်ပြန် ထားခြင်းမရှိပေ။
ဒါးလက်ချောင်းနံဘေးတွင်ရှိသော စစ်သုံ့ပန်းအကျဥ်းစခန်းသည် ဗုံးကြဲမခံရမီက တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောဆိုသံများ၊ သွားလာလှုပ်ရှားခြင်းတို့ဖြင့် သက်ဝင်နေခဲ့မည်။ ယခုအခါ ကြမ္မာမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်သွေ့နေသည်။
ဒါးလက်ချောင်းရေကတော့ စီးမြဲအတိုင်း စီးဆင်းနေလျက်ရှိသည်။ ဒါးလက်ချောင်းဒေသ၏ နံနက်ခင်း အချိန်အခါသည် အေးမြဲအတိုင်းချမ်းအေးနေဦးမည်။
သို့သော် စစ်သုံ့ပန်းများ၏ ရင်ထဲတွင် ပရိဒေဝမီးတောက်လောင်လျက်ရှိသည်။ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေ့ရက်များ ဖြတ်ကျော်နေရသည်။
လေယာဥ်တစ်စီးဖြတ်သွားတိုင်း မိမိတို့ကို ဗုံးကြဲရန်လာခြင်းလောဟု သံသယစိတ်များက ကြီးစိုးထားပြီး ပုန်းခို ကျင်းတွင်သာ အချိန်တိုင်းဖြတ်သန်းနေထိုင်ရသည်ဟု ဗိုလ်မှူးကြီးသက်ထူးစံက ဆိုသည်။
“ဒီဖြစ်စဥ်ကြီးက ကျွန်တော်တို့ဘဝမှာရော စစ်သားဘဝမှာရော၊ ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေဘဝမှာရော ဘယ်သူမှ ကြုံဖူးကြတာမရှိပါဘူး။ တော်တော်လေးကိုလည်း ပြင်းထန်တယ်။ ဒါကြောင့် နေ့တိုင်း လေယာဥ်သံ ကြားတာနဲ့ ကျွန်တော်တို့ကို လာကြဲမလားဆိုတဲ့စိတ်က ဒီအင်တာဗျူးနေတဲ့အချိန်ထိ ရှိပါတယ်”




