သတင်း

တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ရှိ တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်

အမ်းမြို့၊ ဂွမြို့တို့တွင် တိုက်ပွဲပြင်းထန်နေသည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ လက်လွှတ်ရခါနီးပြီဟု ဒေသခံတို့က ခန့်မှန်းနေကြသည်။

အမ်းမြို့နယ်အတွင်း  ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော် (AA) က စခန်းအများစု သိမ်းပိုက်ရရှိသွားပြီဖြစ်သဖြင့် စစ်ကောင်စီက ထိုမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း ကို လက်လွှတ်ရခါနီးနေပြီဟု ဒေသခံများက ပြောသည်။ 

ယမန်နေ့ (နိုဝင်ဘာ ၆) တွင် အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊  စစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် တို့ကို လက်လွှတ်လိုက်ရသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

“စစ်ဌာနချုပ်မှာလည်း တချို့အဆောက်အဦတွေ မီးလောင်နေတယ်လို့ သိရတယ်။ AA က လက်နက် ကြီးတွေနဲ့ လှမ်းပစ်လို့ မီးလောင်နေတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လေယာဉ်ကွင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သူက ဆက်ပြောသည်။

AA သည် အမ်းမြို့နယ်ရှိစစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကို ပြီးခဲ့သည့်ဇွန်လက သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် အမ်းမြို့နယ်တစ်ခုလုံးကို ဝိုင်းပိတ်ဆို့ကာ ကနဦးတွင်  တိုက်ပွဲ ဖော်ဆောင်မှုမပြုခဲ့ပေ။

စက်တင်ဘာ ၂၆ ရက်နေ့တွင် အမ်းမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာမှ မဲတောင်ဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာ ၇ တွင် သိမ်းပိုက်ခဲ့သည်။ ဆက်လက်၍ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE) ၊ခမရ ၃၇၃၊ ခမရ ၃၇၁ ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ် စသည့် စစ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်း လမ်း ပိုင်းပေါ်တွင်လည်း ဒေသအခြေစိုက်တပ်ဖွဲ့များက စစ်ကူပို့ရန် ကြိုးစားသည့် စစ်ကောင်စီတပ်များကို ပိတ်ဆို့တိုက်ခိုက်ကာ လမ်းကြောင်းဖြတ်တောက်ရန် ကြိုးပမ်းနေသည်။ 

နိုဝင်ဘာ ၅ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းရှိ အင်အား ၃၀ ဝန်းကျင် စစ်တပ်ကင်းစခန်းနှစ်ခု တိုက် ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။

အလားတူ ဂွမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ နိုဝင်ဘာ ၆ ရက်နေ့က မြို့နှင့် မိုင် ၂၀ ခန့် ဝေးကွာသည့်  တိုင်ကျိုးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုင်ကျိုးကို သိမ်းလိုက်ပြီလို့ကြားတယ်။ ဂွမြို့ကို (AA)ဝင်ဖို့ဆိုရင် လေးငါးခြောက်ရွာလောက် ဖြတ်ရဦးမယ်။ အဲဒီထဲမှာ ဆပ်သွားရွာမှာ စစ်ကောင်စီတပ်သားတွေ ရှိတယ်။ ကမ်းသာယာမှာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဂွမြို့တွင် တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံ ခမရ ၅၆၂ ၊ ၅၆၃ တို့ရှိပြီး ဧရာဝတီတိုင်းမှတဆင့် စစ်ကူများဖြည့်ထားကြောင်း သိရ သည်။

ထို့ပြင် တောင်ကုတ်မြို့၏ ၇ မိုင်ခန့်အကွာ ပန်းမြောက်တောင်တွင် တပ်စွဲထားသည့် တပ်နှင့် တိုက်ပွဲ ဖြစ်နေသကဲ့သို့ တောင်ကုတ်တက္ကသိုလ်အနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း AA က တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ပစ်နေကြတယ်။ အခုမှ နည်းနည်းရပ်သွားတယ်။ ပန်းမြောက်တောင်ဘက်မှာ ဖြစ်နေကြတယ်။ သိပ်ပြင်းထန်နေတယ်”ဟု အထက်ပါ တောင်ကုတ်ဒေသခံက ဆိုသည်။

ရခိုင်ပြည်နယ်တွင်းတိုက်ပွဲများအပါအဝင် နိုင်ငံအနှံ့ တိုက်ပွဲများအကြောင်းကို စစ်တပ်က သတင်း အမှောင်ချထားသည်။

မောင်တောမြို့နယ်ရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ခွဲ (နခခ ၅) မှ လက်နက်ကြီး၊ လက်နက်ငယ်သံ အနည်းငယ်သာကြားရကြောင်း၊ တိုက်ပွဲသတင်းအသေးစိတ်ကို မသိရှိရကြောင်း မောင်တော ဒေသခံ တစ်ဦးက ဆိုသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားသည်။

အမ်းမြို့ပြမြေပုံ။

Show More

Related Articles

Back to top button