
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားပြီး တိမ်းရှောင်နေသည့် ဦးစိုးဌေးက သူ့ကို ဖမ်းမမိသည့်အတွက် ဓားစာခံအဖြစ် တစ်လနီးပါးကြာ ဖမ်းဆီးခံထားရသည့် အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ မသိမ့်စန္ဒီစိုး၏ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရကြောင်း ပြောသည်။
ထိန်းသိမ်းခံနေရသည့်နေရာနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးထံမှ သိရခြင်းဖြစ်သည်ဟု ဆိုသည်။
“သမီးအခြေအနေမကောင်းဘူး၊ ကျန်းမာရေးမကောင်းဘူး၊ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်တော့်ကို မက်ဆေ့ချ်ပို့လာတယ်” ဟု ဦးစိုးဌေးက ဆိုသည်။
“ဘာကြောင့်ဖြစ်တာလဲဆိုတော့ သူက နှစ်ခုပြောတယ်၊ တစ်ခုကတော့ နဂိုကတည်းက ကျန်းမာရေးမကောင်းလို့ ဖြစ်တာ၊ နောက်တစ်ခုကတော့ စစ်ကြောရေးကြောင့် ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်”
ဓားစာခံအဖြစ် အထိန်းသိမ်းခံထားရသည့် အသက်မပြည့်သေးသူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က မိုးကုတ်မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။
ပြီးခဲ့သည့် ဇွန် ၁၃ က ၎င်း၏ သမီး နှစ်ဦးနှင့် အသက် ၄၄ နှစ်အရွယ် ဇနီးတို့ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
၅ နှစ်အရွယ် သမီး မစုထက်ဝိုင်းကိုမူ မိုးကုတ်မြို့မရဲစခန်းက ဇွန် ၃၀ တွင် ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးခံထားရသူနှစ်ဦး အတူရှိမရှိ မသိရကြောင်း၊ သမီးဖြစ်သူသည် သွေးလေးဖက်နာရောဂါ ခံစားနေရသူဖြစ်ပြီး တစ်ပတ်လျှင်တစ်ကြိမ် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း ဦးစိုးဌေးက ပြောသည်။
“အေးရင် သူက ခြေဆစ်လက်ဆစ်တွေ ကိုက်တယ်။ သူက စစ်ကြောရေးမှာ နှစ်နာရီ၊ သုံးနာရီလောက် သမံတလင်းပေါ်မှာ လက်ထိတ်ခတ်ထားပြီး၊ လက်မြှောက်ခိုင်းထားပြီး စစ်တယ်လို့ ကျွန်တော်ကြားရတယ်။ အဲ့ဒါတွေကြောင့် ဖြစ်နိုင်တယ်”ဟု ဦးစိုးဌေးက ပြောသည်။
မိသားစုဝင်များနှင့် မိတ်ဆွေများကိုပင် တွေ့ဆုံခွင့်၊ ဆေးကုသပေးခွင့် မပေးကြောင်း၊ ပစ္စည်းများပို့ပေးလျှင်ပင် လက်မခံဘဲ မောင်းထုတ်နေသဖြင့် တွေ့ဆုံခွင့်ရရန် မဖြစ်နိုင်သေးကြောင်း သိရသည်။
“ကျွန်တော့်သမီးက တတိယနှစ်ဥပဒေအထူးပြုဖြစ်တယ်၊ စာဖတ်တယ်၊ စာရေးတဲ့အခါကျတော့ ဒီလိုခပ်ကြမ်းကြမ်းလမ်းတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ သေသွားရင်တော့ မတတ်နိုင်ဘူးပေါ့လေ။ မသေသေးရင်တော့လည်း အာဏာရှင်ဆိုတာ ဘယ်လိုဆိုတာ သူ နားလည်ခွင့်ရသွားပါလိမ့်မယ်” ဟု ဦးစိုးဌေးက ဆိုသည်။
“ဒီအရာတွေကို ကျော်လွှားဖို့ဆိုရင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုက အမြစ်ဖြတ်ချေမှုန်းမှရမယ်။ ကျွန်တော့်မိသားစု ဒီလိုကြုံနေရတယ်ဆိုတာထက်၊ ဒီထက်ဆိုးတာတွေ အများကြီးရှိဦးမယ်၊ လူမသိသူမသိ၊ ဘဝဆုံးသွားရတဲ့ ကျဆုံးသွားရတဲ့ ကျွန်တော်တို့ ညီငယ်ညီမငယ်တွေ အများကြီးရှိနိုင်တယ်၊ ဒီခံစားမှုတွေကနေ အင်အားဖြစ်ပြီး ဒီနွေဦးတော်လှန်ရေးကို အဆုံးအထိ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ချင်ပါတယ်”
အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းမှာမူ နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ဖခင်နှင့်အတူ ရှိနေပြီဖြစ်သည်။
၁၅ နှစ်နှင့် ၂၄ နှစ်အရွယ် သား ၂ ဦးလည်း သူနှင့်အတူ တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးလိုသူကို မတွေ့ရှိပါက နေအိမ်တွင် ကျန်နေသည့် မိသားစုဝင်များကို ဖမ်းသွားလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာရပ်ကွက်နေ ကိုပြည်ဘုန်းပိုင်ကို စစ်ကောင်စီတပ်က နေအိမ်၌ လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် ၎င်းဖခင်နှင့် အဘိုးဖြစ်သူတို့ ကို ဖမ်းခေါ်သွားခဲ့ပြီး နောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့သည်။