မေးမြန်းခန်း

လူတွေကို တုန်လှုပ်ချောက်ချားစေချင်တာကြောင့် လေဆိပ်ကို ရွေးချယ်တာလို့ ကောက်ချက်ချနိုင်တယ် (အင်တာဗျူး)

နေပြည်တော် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ သီတင်းပတ်သုံးပတ်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ယခုအမှုအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ဦးဆောင် စစ်ဆေးမှုများပြုလုပ်နေပြီး၊ ၎င်းတို့ထံမှ ရရှိလာသော သတင်းအချက်အလက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ပေးလျက်ရှိသည်။ သို့သော် ယခုအမှုနှင့်ပတ်သက်၍ အာဏာပိုင်တို့၏ ကိုင်တွယ်အရေးယူပုံ၊ သတင်းထုတ်ပြန်ပေးမှုတို့ကို  ပြည်သူများက အားမလိုအားမရ မကျေနပ်မှုများလည်း ရှိနေသည်။ ဒုတိယတရားခံ ဦးအောင်ဝင်းဇော်ကို အခင်းဖြစ်ပွားပြီး ၁၂ နာရီအကြာ ဇန်နဝါရီ ၃ဝ ရက် မနက်တွင် ဖမ်းမိခဲ့သည်ဟု ဆိုသော်လည်း ၄င်း၏ညီဖြစ်သူ အောင်ဝင်းခိုင် ဆိုသူ ပါဝင်ပတ်သက်မှုကို သီတင်းနှစ်ပတ်ကျော် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်မှ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က ရေးဆွဲခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတပ်ဖွဲ့သည်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်တပ်က ထိန်းချုပ်ထားသည်။ ယခုအမှုတွင် ပြည်သူများသာမက၊ နိုင်ငံတော်သမ္မတနှင့် အစိုးရ သတင်းထုတ်ပြန်ရေးအတွက် တာဝန်ယူထားသော ပြန်ကြားရေးဝန်ကြီးဌာနပါ တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအမှောင်ချခြင်း ခံထားရသလော ဆိုသည်ကို Myanmar Now သတင်းဌာနက ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို မေးမြန်းထားပါသည်။
 
မေး။     ။ ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ပါ ခံစားချက် ဘယ်လိုရှိတယ်ဆိုတာကို ပြောပြပါ။

ဖြေ။    ။ ဦးကိုနီက ကျွန်တော်နဲ့ အရင်ကတည်းက ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အခုခရီးစဉ်မှာ အတူတူသွားတယ်။ တစ်ပတ်လောက်အတွင်းမှာ နေ့တိုင်း တွေ့ဆုံ စကားပြောတယ်၊ ပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးတော့ အခုခရီးစဉ်က အောင်မြင်တယ်ဆိုပြီးတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးက ခံယူကြတယ်၊ အဲဒီတော့ နောက်လည်း တွေ့ကြ ဆုံကြဦးမယ်ဆိုပြီးတော့ လေဆိပ်မှာ နှုတ်ဆက်ပြီးတော့ ဆင်းကြတာပေါ့ဗျာ။ အဲဒါပြီး ခဏနေတော့ ဦးကိုနီ လုပ်ကြံခံရတယ်၊ သေနတ် အပစ်ခံရတယ်ဆိုပြီးတော့ ကြားရတာပေါ့ဗျာ။ ကြားရတော့ ကျွန်တော်တို့ သွားကြည့်တယ်။ သူ့ကို သွေးအိုင်ထဲမှာ တွေ့ရတယ်။ ခုနလေးကတင် စကားပြောလာတဲ့ မိတ်ဆွေတစ်ယောက် ဒီလိုဖြစ်သွားတယ် ဆိုတော့ တော်တော် လူပ်လူပ်ရှားရှား ခံစားရတယ်။

မေး။     ။ လေယာဉ်ပေါ်ကနေ စဆင်းလိုက်တဲ့အချိန်ကနေပြီး ဦးကိုနီ လဲနေတဲ့နေရာထိ အဲဒီအချိန်ကာလအကြောင်း အသေးစိတ်ပြောပြပေးပါလားခင်ဗျ။

ဖြေ။    ။ ကျွန်တော်တို့ဆင်းလာပြီးတော့ ဆိုက်ရောက်ဧည့်သည်တွေ နားကြတဲ့နေရာမှာ နှုတ်ဆက်တဲ့သဘောမျိုးနဲ့ ကျွန်တော်တို့ စုကြတယ်။ ခရီးစဉ်အဆင်ပြေတဲ့အတွက် ဝမ်းသာတယ်။ နောက်လည်းပဲ ကျွန်တော်တို့ ခရီးသွားတဲ့ အတွေ့အကြုံတွေကို ဖလှယ်မယ်။ နောက်ထပ် ပြောဆို ဆွေးနွေးစရာတွေလည်း ရှိတာပေါ့ဗျာ၊ အဲဒီတော့ အဆက်အသွယ်တွေ နောက်လည်း တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုတွေရှိကြမယ်ပေါ့နော်။ ပြောပြီး နှုတ်ဆက်ပြီးတော့ ဆင်းသွားတာပေါ့ဗျ။  သွားတုန်;ကတော့ VIP အဆောင် ဆိုတဲ့နေရာမှာ စုပြီးတော့ ထွက်ကြတယ်။ အပြန်ကျတော့ ပြန်ရောက်ပြီဖြစ်တဲ့အတွက် ဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကို ထွက်ကြတာပေါ့။ ပြည်တွင်းသွားလာနေရင်တော့ ပုံမှန်အားဖြင့် ကျွန်တော်တို့လည်း အဲဒီနေရာမျိုးကပဲ ထွက်ကြတာပဲ။ အဲဒီနေ့မှာတော့ ကျွန်တော်တို့က အကြောင်းအားလျော်စွာ ဟိုဘက်နားကို ရောက်နေတယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ကြားနေကြတယ်လို့ ပြောတယ်။ အဲဒီအခါမှာ ဘာဖြစ်သလဲ မေးနေမြန်းနေကြတယ်။ နောက် ဦးကိုနီလို့ ပြောတယ်၊ တက္ကစီသမားလို့ ပြောတယ်။ သတင်းတွေက အဲဒီအနားမှာပဲ ကြားနေတယ်။ နောက်တော့ ကျွန်တော်တို့ အဖွဲ့နဲ့ အတူတူသွားတဲ့ တစ်ယောက်ကပဲ ဦးကိုနီ သေနတ်မှန်ပြီး လဲနေပြီဆိုတော့၊ ပြည်ထဲရေးက ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရယ် နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချူပ်သန်းထွဋ်ရယ် လိုက်သွားကြတယ်ပေါ့။ အဲဒီမှာ သူ့ကို တွေ့တယ်။

မေး။      ။ ဒီလိုနိုင်ငံတော်အဆင့်ခရီးစဉ်မှာ လုပ်ကြံခံရတယ်ဆိုတာ အတွင်းသတင်းပေးရှိတယ်ဆိုတဲ့ သံသယတွေရှိတယ်။ လေကြောင်းလိုင်းနံပါတ်တွေ၊ အချိန်တွေကအစ တစ်ယောက်ယောက်က ကြိုတင်ပြီး ပေါက်ကြားအောင် လုပ်တယ်လို့ သံသယတွေရှိတယ်။ ဆရာကော ဒီလို သံသယရှိလား။

ဖြေ။      ။ ကျွန်တော်ကတော့ ဒီလို ခရီးအတူတူသွားနေတဲ့ သူတွေထဲမှာတော့ ဒီလိုမျိုး ရှိလိမ့်မယ်လို့ သံသယ မရှိပါဘူး။ ဒါက လူတွေအများကြီးနဲ့ သွားရတဲ့ ခရီးစဉ်တွေဖြစ်တယ်။ သိပ်လျှို့ဝှက်ပြီးသွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ပထမထွက်တဲ့နေ့ကတည်းကပဲ အဖွဲ့လိုက်ဓာတ်ပုံရိုက်တယ်။ ကျွန်တော်ထင်တယ် အဲဒါက လျှို့ဝှက်ထားတာမဟုတ်တော့ အများကသိတယ်လို့ ထင်တယ်။ သိနေတော့ လုပ်ကြံချင်တဲ့လူအဖို့ကလည်း ခက်ခက်ခဲခဲစုံစမ်းရမယ့် ကိစ္စတော့ မဟုတ်ဘူး။

မေး။ ။ ခရီးစဉ်အတွင်းမှာ ဦးကိုနီနဲ့ အခြား ဒီခရီးစဉ်မှာပါလာတဲ့သူတွေကြား ဆက်ဆံရေးကော အဆင်ပြေလား။

ဖြေ။     ။ ကျွန်တော်တို့ ဒီအဖွဲ့က စုစုပေါင်း ၂၁ ယောက်ပေါ့။ ဆက်ဆံရေးက နွေးထွေးတယ်လို့ ပြောရမယ်။ နဂိုတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးမသိကြဘူး။ လေးငါးရက်လောက်ကြာပြီးတဲ့အခါမှာ ရင်းရင်းနှီးနှီးနဲ့ ရယ်စရာ မောစရာပြော၊ နောက်နောက်ပြောင်ပြောင်နဲ့ အဲဒီလောက်အထိကို အခြေအနေ ဆက်ဆံရေးတွေ ကောင်းတယ်ဗျ။

မေး။  ။ ဒီခရီးစဉ်မှာ ဦးကိုနီကကော မှတ်မှတ်ရရ ဘာတွေပြောဆိုတာရှိခဲ့သလဲ။

ဖြေ။     ။ ဦးကိုနီကတော့ ခင်ဗျားလည်း သိပါလိမ့်မယ်။ ကျန်တဲ့သူတော်တော်များများလည်း သိပါလိမ့်မယ်။ ဦးကိုနီက နိုင်ငံရေးစိတ်ဝင်စားတယ်ဗျာ။ ဥပဒေအရေး စိတ်ဝင်စားတယ်။ နောက် လူမျိုးရေး ဘာသာရေး ပဋိပက္ခတို့ စသဖြင့် တိုင်းပြည်ရဲ့အရေးကိစ္စတွေ တော်တော်များများ စိတ်ဝင်စားပြီးတော့ ပြောတဲ့၊ ဆိုတဲ့၊ ရေးလည်းရေးတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့ဗျာ။ ဆိုတော့ ကျွန်တော်တို့ ခရီးစဉ်တလျှောက်မှာ ကျွန်တော်တို့ ဟိုတိုင်းပြည်က ပုဂ္ဂိုလ်တွေ အစိုးရပိုင်းကရော တခြားအဖွဲ့အစည်းကရော အမျိုးမျိုးသော ပုဂ္ဂိုလ်တွေ အများကြီး တွေ့တယ်။ တွေ့တဲ့အခါမှာ သူတို့ဟာသူတို့ တင်ပြဆွေးနွေးကြတယ်။ အဲဒီအခါမှာ ဦးကိုနီကတော့ တော်တော်များများ ဝင်ဆွေးနွေးတယ်။ ဒါကတော့ သူ့ပင်ကိုသဘာဝပဲ ထူးခြားတယ်လို့ ပြောရမှာပေါ့။

မေး။      ။ ရခိုင်ကိစ္စရော ဆွေးနွေးဖြစ်လား။

ဖြေ။      ။ အမျိုးစုံ ပါပါတယ်။ ကျွန်တော်တို့သွားတာက အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ပေါ့။ အဲဒီရဲ့ အတွေ့အကြုံတွေ နားထောင်ဖို့ သွားတယ်။ အဲဒီအကူးအပြောင်းကာလအစပိုင်းမှာ သူတို့ဆီက မာလုကူ ဆိုတဲ့ ကျွန်းစုမှာ လူမျိုးရေးဘာသာရေး ပဋိပက္ခတစ်ခု တော်တော် ပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျ။ အဲဒီမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေ ရှိတယ်။ လူဦးရေက ဆတူလောက်ရှိတယ်။ အဲဒီနေရာမှာ လေးငါးနှစ်လောက် ပြင်းပြင်းထန်ထန် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်ဗျ။ ဖြစ်တော့ အဲဒီနေရာက ပုဂ္ဂိုလ်တွေက သူတို့ဆီမှာ ပဋိပက္ခတွေ ဘယ်လိုဖြစ်တယ်၊ ပြေလည်အောင် ဘယ်လိုဖြေရှင်းကြတယ်ဆိုတဲ့ အကြောင်းတွေကို ကိုယ်တွေ့တွေ ပြောတယ်၊ သဘောတရားတွေ ပြောတယ်။ ဒါတွေပြောတာရှိတယ်၊ နောက် အကူးအပြောင်းနဲ့ပတ်သက်လို့ ပြောတာတွေရှိတယ်။  ဦးကိုနီက ပြောဆို ဆွေးနွေးတတ်တဲ့လူတစ်ယောက် ဆိုတော့ အဲဒီကိစ္စတွေမှာ သူတော်တော်ပြောဆိုဆွေးနွေးခဲ့တယ်။

မေး။      ။ ဦးကိုနီက မွတ်စလင်တွေ မြန်မာပြည်မှာ နှိပ်ကွပ်ခံနေရတယ်ဆိုတာမျိုးရော ပြောဆိုခဲ့တာရှိလား။

ဖြေ။      ။ ကျွန်တော်တို့က လေ့လာရေးအဖွဲ့ဆိုတော့ ဟိုဘက်က ဆွေးနွေးတာတွေကို နားထောင်ရတယ်၊ မရှင်းတာ မေးတယ်။ တချို့ဟာတွေကို ဆွေးနွေးတယ်ပေါ့ဗျာ၊ ဒီသဘောလောက်ပါပဲ။ အဲဒီအခါမှာ ကျွန်တော့်အထင် သိပ်ပြီး ထူးခြားတဲ့၊ ပြင်းထန်တဲ့ ဆွေးနွေးမှုတွေ မတွေ့ရပါဘူး။ ပြီးတော့ သူက အကျိုးအကြောင်းနဲ့ စကားပြောတဲ့လူတစ်ယောက်ဖြစ်လို့ သူသိပ်ပြီးတော့ ငြင်းခုံတာမျိုးတွေ မတွေ့ရဘူး။ သူ့အယူအဆကိုတော့ ရှင်းလင်းအောင်တော့ ပြောတဲ့သူမျိုးပါ။

မေး။    ။ ခုဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုက သတင်းအမှောင်ချခံထားရသလိုဖြစ်နေတယ်။ လုံခြုံရေးအရ လျှို့ဝှက်ဖို့ မလိုတဲ့ အချက်တွေပါ ပြည်သူလူထုက မသိရဘူး။ ဒါဟာဘာဖြစ်လို့လဲ။

ဖြေ။       ။ ကျွန်တော်ကတော့ ဒီအမှုက ထူးခြားတဲ့အမှုတစ်ခုလည်းဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ သုံးသပ်ပြောဆိုနေတာတွေကလည်း အများကြီး ထွက်ပေါ်နေတဲ့ အခါမျိုးမှာ စုံစမ်း စစ်ဆေးရေး လုပ်ရတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ တော်တော်လေးကို အလေးအနက်ထားပြီးတော့ လုပ်နေလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ သို့သော် ဒီလိုအမှုမျိုးမှာ သူတို့ရဲ့ စုံစမ်းထောက်လှမ်းတဲ့ လုပ်ထုံးလုပ်နည်းတွေတော့ ကျွန်တော်လည်း သိပ်ပြီးတော့ နားမလည်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ ကြားရသလောက်ဆိုရင် တချို့ကိစ္စတွေမှာ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ လွတ်သွားမှာစိုးလို့ပေါ့။ သူတို့ အသုံးအနှုန်းတော့ ကျွန်တော်လည်း အတိအကျမသိဘူး။  အခုအချိန်မှာဆိုရင် နှစ်ပတ်ကျော်ကျော်လောက်ရှိပြီ။ နှစ်ပတ်ကျော်ကျော်သည် ရှည်ကြာတယ်လို့ ပြောမလား၊ ဒီလောက်ကတော့ကြာနိုင်လား ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူးပေါ့ဗျာ။ ဒီကြားထဲမှာ တကယ့်လက်သည်တရားခံက ထင်ထင်ရှားရှားကြီးဆိုတော့ ဖမ်းမိတယ်။ နောက်ထပ် ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုလည်း ဖမ်းမိပြီလို့ ဆိုထားတယ်။ ဆိုတော့ ဒါကနေပြီးတော့ နောက်ထပ် ဘာတွေ ဘယ်လောက်ရှိဦးမလဲ၊ အဲဒါတွေကို ဆက်စပ် ဖော်ထုတ်နေတယ်လို့ ထင်တယ်။ ဒီထက်ကြာလာရင်တော့ ဒီအမှုဟာ ကြာနေတယ်လို့ ပြောလာတာတွေရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ဒီသတင်းအမှောင်ချတယ်ဆိုတာ ပြည်ထဲရေးနဲ့တပ်မတော်က အရပ်သားအစိုးရကို သတင်း အချက်အလက် မပေးလို့လား။ ဝန်ကြီးကိုယ်တိုင်ကော ကျွန်တော်တို့ပြည်သူတွေလို သတင်းအချက်အလက် ဘာမှမသိရဘူးလား။

ဖြေ။   ။ ဒီအမှုအခင်းကတော့ အင်မတန်မှ အရေးကြီးတဲ့အမှုအခင်းဖြစ်တယ်။ ဒီအမှုကို စုံစမ်း ထောက်လှမ်းဖို့အတွက်ကို လုံခြုံရေးအဖွဲ့လိုမျိုး ဒီလိုမျိုးနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေက ဆောင်ရွက်နေတယ်။ ကျွန်တော်တို့လည်း ဒီအဖြေတွေကို အများနည်းတူ သိချင်တယ်။ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက လုပ်တဲ့ကိုင်တဲ့ကိစ္စတွေ အဲဒီနေရာတွေမှာ ဖြစ်ပေါ်တဲ့ အကြောင်းရပ်တွေကို အများ သိအောင်လို့ ကျွန်တော်တို့ သတင်းအချက်အလက်တွေကို ရယူပြီး ဖြန့်ချိပေးတဲ့အလုပ် လုပ်တာပေါ့ဗျာ။ အခုကတော့ စုံစမ်းရေးအဖွဲ့ရှိတယ်။ စုံစမ်းရေးဖွဲ့ကနေ ပြောလာတဲ့အခါမှာ ကျွန်တော်တို့ကနေပြီးတော့ ဆက်လက်ပြီး ဖြန့်ချိသွားရမယ့် သဘောရှိတာပေါ့။ မပြီးသေးတဲ့ ကာလမှာတော့ ထထပြောတတ်တဲ့အလေ့အထတော့ မရှိဘူးပေါ့ဗျာ။ သူတို့ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် သိပြီးတော့ ထုတ်ပြန်လို့ရတဲ့အခါမျိုးမှသာ ထုတ်ပြန်တာပေါ့။ ဒီလိုမျိုးတွေရှိတော့ ကျွန်တော်ထင်တယ်။ အဲဒီအချိန်မှသာ ကျွန်တော်တို့ သိနိုင်မယ်လို့ ထင်တယ်။ ဒီကြားထဲမှာ ဘယ်တော့ သိနိုင်မလဲ၊ ဘယ်တော့ ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ သတင်းသမားတွေ အနေနဲ့ကတော့ မေးမြန်းလို့ ရနိုင်မယ်လို့ ထင်တယ်။ စုံစမ်းရေးလုပ်နေတဲ့အဖွဲ့ကနေပြီးတော့ ဒါက ဒီလိုဖြစ်ပါတယ်၊ တရားခံဘယ်သူ့ကိုတော့ မိထားပါပြီ။ ဘယ်သူကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်၊ နောက်ထပ် ပါဝင်နေသူတွေရှိတယ်၊ ဒါကို ဖော်ထုတ်နေတယ် စသဖြင့် သူတို့ဆီကနေ ထုတ်ပေးလာရင်တော့ ကျွန်တော်တို့ရဲ့မီဒီယာတွေ သတင်းစာ၊ ရုပ်သံ၊ ဝက်ဆိုက် ဒါတွေကနေပြီးတော့ ဖြန့်ချိပေးမှာပေါ့။ ဒီအနေအထားရှိပါတယ်။

မေး။   ။ လေဆိပ်က စီစီတီဗီမှတ်တမ်းတွေ၊ အဖမ်းခံထားရသူတွေရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ၊ ဥပမာ ဖမ်းခံထားရသူ အောင်ဝင်းဇော်ဟာ ယခင်တပ်မတော်အရာရှိဟောင်းဆိုတာ ဟုတ်လား မဟုတ်လား၊ စသည်ဖြင့် ဒါတွေဟာ လုံခြုံရေးအရ လျှို့ဝှက်ထားစရာမလိုအပ်ဘူးဆိုတာ ရှင်းလင်းနေတယ်။ ဆိုတော့ လျှို့ဝှက်စရာ မလိုတာတွေပါ အကုန်လျှို့ဝှက်ထားတယ်ဆိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တမင် သတင်းထိမ်ချန်ပြီး ဒီအမှုကို လိုသလို ပုံဖော်ဖို့ ကြိုးစားနေတာလား။

ဖြေ။   ။ ကျွန်တော်တို့ကလည်း အများနည်းတူ သိချင်တာပါပဲ။ စုံစမ်းတဲ့တာဝန်တွေ ထမ်းဆောင်နေကြတဲ့သူတွေကည်း အဖြေ ပေါ်အောင်လို့တော့ သူတို့စွမ်းဆောင်နေကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့ သူတို့အဖြေရတဲ့အထိကို စောင့်ဆိုင်းရမယ်လို့ပဲ ကျွန်တော်ကတော့ နားလည်ပါတယ်။

မေး။   ။ နိုင်ငံတော်သမ္မတကရော ဒီစုံစမ်းစစ်ဆေးနေမှုအခြေအနေနဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ ရရှိလာတဲ့ အချက်အလက်မှန်သမျှကို ပြည့်ပြည့်ဝဝ ရရှိနေပါသလား။

ဖြေ။    ။ ကျွန်တော်တို့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနပေါ့။ နိုင်ငံတော်သမ္မတ အနေနဲ့ကတော့ ဒီစုံစမ်းစစ်ဆေးရေးသည် ဘယ်အတိုင်းအတာ ရောက်နေတယ်၊ ဘယ်လောက်သိရမလဲ ဆိုတာကတော့ သူသိချင်လို့ မေးမြန်းရင် သူသိနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

မေး။     ။ ခု ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဌာနကထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာမျက်နှာဖုံးမှာ ဦးကိုနီဓာတ်ပုံနဲ့ သတင်းကို ဇန်နဝါရီ ၃ဝ ရက် မနက်စောစောမှာ အင်တာနက်မှာ တွေ့ရတယ်။ တကယ် သတင်းစာထွက်လာတော့ ဒီသတင်းနဲ့ ဦးကိုနီဓာတ်ပုံဟာ အထဲရောက်သွားတယ်။ ဆိုတော့ ဘယ်လိုဖြစ်သွားပါသလဲ။ ဒါဟာ နိုင်ငံရေးအရ တွက်ဆပြီး ဆရာတို့သဘောနဲ့ဆရာတို့ လုပ်လိုက်တာလား၊ ဒါမှမဟုတ် သမ္မတရုံး၊ သို့တည်းမဟုတ် ပြည်ထဲရေးက ညွှန်ကြားတာလား၊ ဖိအား ပေးတာလား။

ဖြေ။  ။ အဲဒါတော့ ကျွန်တော်လည်း တိတိကျကျမသိဘူး။ သို့သော် စာမျက်နှာရှေ့ပိုင်းမှာ ဘယ်ပုံမျိုးကို တင်မယ်၊ ဘယ်သတင်းမျိုးကိုတင်မယ် ဆိုတဲ့ဟာတွေတော့ အယ်ဒီတာတွေ ယေဘုယျ မူဝါဒတော့ ရှိတယ်ဗျ။ ဒါပေမဲ့ အသေးစိတ်ကတော့ သက်ဆိုင်ရာအယ်ဒီတာအဖွဲ့တွေ လုပ်ကြတာပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ သတင်းစာတွေကို ညဘက်ကြည့်တာ ရှိပါတယ်။ အဲဒီညကတော့ စိစစ်တာတွေ လုပ်ဖြစ်လား မလုပ်ဖြစ်လား ဆိုတာတော့ သေချာမမှတ်မိတော့ဘူး။

မေး။  ။ ဦးကိုနီ သတ်ခံရတာ အများထင်မြင်နေတဲ့နိုင်ငံရေးကြောင့်လား၊ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် ဒါသူ့ပုဂ္ဂလိကကိစ္စတစ်ခုကြောင့်လား။ တစ်ခုခုများ သိရပြီလား။

ဖြေ။    ။ ဒီအမှုမျိုးကတော့ တော်တော်ရှုပ်ထွေးတဲ့အမှုမျိုး ဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့ မှန်းဆတာတွေကတော့ အမျိုးမျိုး အဖုံဖုံ လျှောက်ပြီးတော့ မှန်းဆလို့ရတာပေါ့။ မှန်းဆချက်တွေကတော့ ပြောဖို့ ခက်ပါတယ်။ ဦးကိုနီကို ဒီလိုလုပ်ချင်ရင် ဦးကိုနီသည် ရန်ကုန်မြို့ထဲ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေး၊ အဖွဲ့အစည်းကိစ္စရော ပုဂ္ဂိုလ်ရေးအရလည်း ဒီလိုပဲ သွားလာလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တမင်တကာ ကြံစည်ပြီးတော့ လူရှေ့သူရှေ့တောင်မှ လုပ်ရဲတဲသူတွေအတွက်တော့ ခက်ခဲစရာအကြောင်း မရှိဘူးပေါ့ဗျာ။ အဲဒါကို ဒီလိုလေဆိပ်လိုနေရာမျိုးမှာ လုပ်တာကတော့ ဒီလုပ်ကြံမှုကို ပေါ်လွင်စေချင်တဲ့သဘော ရှိတာပေါ့ဗျာ။ လူတွေကို တုန်လှုပ်ချောက်ချား စေချင်တဲ့စိတ်၊ မလုံခြုံတဲ့စိတ် ဒီလိုမျိုးဖြစ်စေချင်တာပေါ့။ ထင်ထင်ရှားရှား လုပ်တယ် ဆိုတော့ မတည်ငြိမ်မှုတွေဖြစ်အောင်လုပ်တယ်ဆိုတဲ့ ကောက်ချက်မျိုးတော့ ချလို့ရနိုင်တယ်။ ဒီအပြင် အများကြီးစဉ်းစားပြီးတော့ စဉ်းစားမှုတစ်ခုတည်းနဲ့တင် ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ ကောက်ချက်ချဖို့တော့ မလွယ်ဘူးထင်တယ်။

မေး။   ။ ဒီအမှုမှာ ပါဝင်သူတွေအားလုံး တရားဥပဒေရှေ့မှောက်ကို ခေါ်ဆောင် အပြစ်ပေးနိုင်မယ်လို့ ဆရာယုံကြည်ပါသလား။

ဖြေ။   ။ အားလုံးလို့ပြောတာတော့ ခက်တာပေါ့။ ဥပမာပြောရရင် ကြီးကျယ်သွားမလားလို့တော့ မပြောတတ်ဘူး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတယ်၊ ဂဠုန်ဦးစောရဲ့ တပည့်တွေက ကိုယ်ထိလက်ရောက်သွားလုပ်တယ်။ ဂဠုန်ဦးစောက ခိုင်းစေတယ်လို့ ဆိုတယ်။ ပြီးတော့ သူတို့ကို အပြစ်ပေးလိုက်တယ်ပေါ့နော်။ သို့သော် အခုကာလအထိကို ဂဠုန်ဦးစောတင် မဟုတ်ဘူး၊ ဘယ်သူတွေက ဘာတွေဘာတွေ စသဖြင့် သီအိုရီတွေက ရှိတယ်။ ဒီလိုအမှုအခင်းမျိုးတွေမှာတော့ ဟိုဟာဟိုလို ဖြစ်နိုင်တယ်၊ ဒီဟာဒီလိုဖြစ်နိုင်တယ် ဆိုတာတွေကတော့ ရှိနိုင်တာပေါ့။ ဆိုလိုချင်တာက ဂဠုန်ဦးစောလည်း မိပြီ၊ သူ့တပည့်တွေလည်း မိပြီဆိုတော့ သာမန်အားဖြင့် ကွင်းဆက်ကတော့ ပျက်သွားပြီလို့ ထင်တယ်။ အခုကတော့ ဒီဟာကို အလေးအနက်ထားပြီး စုံစမ်းထောက်လှမ်းနေတယ်လို့တော့ ကျွန်တော်တို့ကတော့ နားလည်တယ်။ လောလောဆယ် လက်ငင်း လုပ်ကြံတဲ့လူတွေလည်း မိထားပြီ၊ နောက်ကွယ်က ခိုင်းစေတဲ့သူတစ်ယောက်ကိုလည်း မိထားပြီ။ စောစောကပြောတဲ့ အတိုင်းအတာမျိုးကတော့ ကျွန်တော်ကတော့ အချိန်တန်ရင်မိမယ်လို့ ထင်တယ်။  ။

Show More

Related Articles

Back to top button