လမ်းလျှောက်တတ်ခါစ မမိုးသန္တာသည် ချစ်စဖွယ်အမူအရာလေးများ လုပ်တတ်ပြီး လိုချင်သည့်အရာကိုလည်း လက်ဖြန့်တောင်းတတ်စပြုလာသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှ အသက် ၃၀ အရွယ် ကိုသန်းစိုးအောင်နှင့် ၂၃ နှစ်အရွယ် မနန္ဒာတို့၏ သမီးဦးလည်းဖြစ်၊ အိမ်၏ ဆည်းလည်းလေးဖြစ်သော ထိုကလေးသည် အသက် တစ်နှစ်နှင့် နှစ်လအရွယ်သို့ ရောက်ပြီဖြစ်သည်။
“စကားသာ မပြောတတ်တာ၊ နို့သောက်ချင်ရင် ပါးစပ်လေးကနေ ဟန်ပြတယ်။ တိရစ္ဆာန်လေးတွေ့ရင် လာ၊ လာ၊ လာ ဆိုပြီး လက်လေးနဲ့ ရမ်းပြီးခေါ်တယ်။ အမူအရာတွေ အကုန်လုပ်တတ်နေပြီ။ သမီးရေ အိပ်မယ်ဟေ့ဆိုရင် ဘုံး၊ ဘုံး၊ ဘုံး ဆိုပြီး ခေါင်းအုံးလေးယူလာပြီးတော့ တုံးလုံးလှဲလိုက်တာ” ဟု မနန္ဒာက ဆိုသည်။
သို့သော်လည်း လူ့လောကထဲသို့ ရောက်သည်မှာ များစွာမကြာသေးသော သမီးလေးသည် နိုင်ငံ၏ အခြေအနေဆိုးများ၏ ရိုက်ခတ်မှုကို အပြင်းအထန်ခံလိုက်ရသည်။
ဇွန်လ ၁၉ ရက်နေ့က ဝမ်းလျှောသည့် ကလေးကို ဖခင်က ညဘက်တွင် ဆိုင်ကယ်ဖြင့် ဆေးခန်းသွားပြရာ လမ်းတွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်တို့ပါဝင်သည့် လှည့်ကင်းယာဉ်တန်းနှင့် တိုးမိသည်။ ၎င်းတို့ဆိုင်ကယ်ကို လှည့်ကင်းကားတစ်စီးဖြင့် လိုက်တိုက်ရာ ကလေး၏ ဦးခေါင်း ဒဏ်ရာအပြင်းအထန်ရပြီး နာရီပိုင်းအတွင်း သေဆုံးသွားလေသည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတို့ကို လမ်းပေါ်တွင်လည်းကောင်း၊ နေအိမ်အတွင်းတွင်လည်းကောင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် လိုက်လံရန်ပြုနေရာ ဒဏ်ရာရ၊ သေဆုံးသူ အများအပြား ရှိလာနေရာ ထိုအထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။
ကျိုင်းတုံမြို့တွင် ကားဖြင့် လိုက်တိုက်ခံရသူ ကလေးငယ်၏ ဖြစ်ရပ်မှာ အွန်လိုင်းလူမှုကွန်ရက်ကြောင့် လူသိများ ထင်ရှားလာသည်။
ဝမ်းနည်းဖွယ်ကောင်းသော အချက်တစ်ခုမှာ ပြည်သူတို့ အခြေအနေဆိုးများ ရင်ဆိုင်နေရချိန်တွင် ရန်ပြုနှိပ်ကွပ်သူတို့ မည်သို့မျှ အရေးယူအပြစ်ပေးမခံရဘဲ ရန်ပြုခံရသူတို့သာ ထပ်ဆင့်နစ်နာမှုများနှင့် ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။
ဖခင်ဖြစ်သူ အမှုဖွင့်ခံရ
ကုန်တင်ကုန်ချအလုပ်သမား ခင်ပွန်းသည်မှာ အလုပ်ပင်ပန်းသဖြင့် အိမ်ပြန်ရောက်ရောက်ချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်ဟု မနန္ဒာက ပြောသည်။
ထိုနေ့က သမီးလေး တစ်နေ့လုံး မရပ်မနား ဝမ်းသွားနေသောကြောင့် ဆေးခန်း မဖြစ်မနေပြရတော့မည်ဟူသော အသိကြောင့် မနန္ဒာသည် အိပ်ပျော်နေသော ခင်ပွန်းသည်ကို ခေါ်နှိုးယူရသည်။
“ည ၉ နာရီကျော်ပေါ့နော်။ ကလေးက နေမကောင်းဘူး၊ ဝမ်းတွေ တအားလျှောနေတော့ အမျိုးသားက ဆေးခန်းလိုက်ရှာပြီးပြတာ။ ကျွန်မက ဆေးခန်းစာအုပ်ယူနေတုန်း မစောင့်ဘဲနဲ့ (ဆိုင်ကယ်) မောင်းထွက်သွားတာ ကလေးဇောနဲ့ဆိုတော့” ဟု မနန္ဒာက ပြောသည်။
ကိုသန်းစိုးအောင်သည် သမီးလေးကို ဘယ်ဘက်လက်ဖြင့် ပွေ့ချီကာ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရင်း မြို့အတွင်း တစ်လမ်းဝင်တစ်လမ်းထွက် ဆေးခန်းလိုက်ရှာသည်။ ဆေးခန်းများပိတ်ထားသည့်အဆုံး ၎င်း၏ ဦးလေးအိမ်သို့ ဝင်ရောက် အကူအညီတောင်းပြီး ည ၁၀ နာရီတွင် အိမ်ပြန်လာခဲ့သည်။
သူတို့၏ ဆိုင်ကယ်မှာ အမှတ် (၅) ရပ်ကွက် အထက်ပိုင်း၊ တောင်ကြီး-ကျိုင်းတုံကားလမ်းဘေးရှိ ရွှေနဂါးစားသောက်ဆိုင်အနီးတွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်တို့ပါဝင်သည့် လှည့်ကင်းအဖွဲ့နှင့် တိုးပြီး ထိုအထဲမှ ကားတစ်စီးက ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။
ကလေးသည် ညာဘက်နားထင်၊ ဦးခေါင်းအနောက်ဘက်၊ ခြေထောက်တို့ ထိခိုက်သွားပြီး ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု မနန္ဒာက ယူဆသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ဒေသအခြေစိုက်သတင်းဌာန တာချီလိတ်သတင်းအေဂျင်စီတွင် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ စစ်ဘက်နှင့် ရဲဘက်တို့မှ ၁၉ ဦးပါ အဖွဲ့သည် မော်တော်ယာဉ် သုံးစီးဖြင့် လှည့်ကင်းလှည့်နေစဉ် ကိုသန်းစိုးအောင်၏ ဆိုင်ကယ်ကို စစ်ဆေးရန် အချက်ပေးသော်လည်း ရပ်တန့်မှုမရှိဟု ဖော်ပြထားသည်။
ဆိုင်ကယ်က မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဦးဝင်းအောင်မျိုးမောင်းနှင်လာသည့် ကားကို ဘေးမှ ဝင်တိုက်ပြီး တိမ်းမှောက်သွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က တင်ပြထားကြောင်း ဖော်ပြပါရှိသည်။
ထိုအချက်သည် ခင်ပွန်းသည်၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု မနန္ဒာက ပြောသည်။
မျက်နှာချင်းဆိုင်မှလာသည့် ရဲကား(မီးတန်းကား)သည် လမ်းပြောင်းပြန်ယာဉ်ကြောဘက် ကျော်လွန်မောင်းနှင်လာသဖြင့် အဆိုပါကားကို ရှောင်လိုက်ချိန်တွင် နောက်ကလာသော ကားတစ်စီးက ဝင်တိုက်လိုက်ခြင်းဖြစ်ကြောင်း ခင်ပွန်းသည်ထံမှ သိခဲ့ရသည်ဟု ဆိုသည်။
ဆိုင်ကယ်မှောက်ပြီး လဲသွားသည့် ကိုသန်းစိုးအောင်ကို ရဲနှင့် စစ်သားများက ဝိုင်းဝန်းရိုက်နှက်ကြသည်ဟု မျက်မြင်သက်သေတစ်ဦးထံမှ သိရကြောင်း မနန္ဒာက ပြောသည်။
“ဝိုင်းရိုက်တဲ့အချိန်မှာ ကျွန်မယောက်ျားက ကျွန်တော့်ကလေးပါတယ်၊ ကျွန်တော့်ကလေးပါတယ်လို့ ပြောမှ ကလေးကို သွားကောက်ရတာ။ ကလေးတောင် ရှာပြီးကောက်ရတာ” ဟု အဆိုပါ မျက်မြင်သက်သေကို ကိုးကားပြီး မနန္ဒာက ပြောသည်။
“အရမ်းကို ခံစားရတာပေါ့။ ဖြစ်ဖြစ်ချင်း ကိုယ့်နားထဲတောင် ကိုယ်မယုံနိုင်ဘူး”
နောက်တစ်နေ့ (ဇွန် ၂၀) မွန်းလွဲတစ်နာရီခွဲတွင် သမီး၏ ရုပ်အလောင်းကို ကျိုင်းတုံပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ ထုတ်ယူခွင့်ရပြီး သုသာန်တွင် ချက်ချင်းသင်္ဂြိုဟ်ခဲ့သည်။ သမီးလေး၏ နာရေးကို မိတ်ဆွေများက လာရောက်ပို့ဆောင်ကြကြောင်း မနန္ဒာက ဆိုသည်။
“အဲဒီအချိန်မှာ အရမ်းကို ငိုလိုက်ရတာပေါ့နော်၊ ဒီကလေးလေးတစ်ယောက်ပဲရှိတာ ဆိုတော့လေ။ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရတာ ကျွန်မအရမ်းကို စိတ်လည်းတိုမိတယ်၊ စိတ်လည်းနာမိတယ်” ဟု မနန္ဒာက ပြောသည်။

ကလေး၏ အရိုးပြာ ရေမျှောအပြီး အိမ်ပြန်ရောက်ချိန် ညနေငါးနာရီခွဲခန့်တွင် ရပ်ကွက်လူကြီးက လာခေါ်သဖြင့် ၎င်းတို့လင်မယား ကျိုင်းတုံမြို့နယ်ရဲစခန်းသို့ လိုက်သွားကြရာ စခန်းတွင် ခင်ပွန်းသည် အဖမ်းခံလိုက်ရသည်။
“ကျွန်မ သူတို့ကို တောင်းပန်ပါတယ်၊ ၇ ရက်လောက်ပဲ ခွင့်ပေးပါလို့၊ ကလေးသင်္ဂြိုဟ်ပြီးပြီပေါ့၊ ရက်လည်လေးပဲ လုပ်ချင်လို့ပါ၊ ယောက်ျားနဲ့အတူပေါ့ ခွင့်တောင်းတယ်။ လုံးဝမရခဲ့ဘူး” ဟု မနန္ဒာက ဆိုသည်။
ကိုသန်းစိုးအောင် အရက်သေစာသောက်စားထားပြီး မဆင်မခြင်မောင်းနှင်မှုကြောင့် ကလေးသေဆုံးရသည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်သည်။
ပေါ့လျော့ခြင်းဖြင့်လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဒေသခံအများအပြားကမူ အမှန်တကယ် အမှုဖွင့်ခံရသင့်သူမှာ ကားဖြင့် ဝင်တိုက်သည့် ထွေအုပ်ရုံးတာဝန်ရှိသူဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း မနန္ဒာက ထိုအချက်ကို လက်မခံပေ။
“အမှုဖွင့်ဖို့ လုံးဝ စိတ်ထဲမှာ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့က တစ်ရက်လုပ်၊ တစ်ရက်စားသမားတွေ။ ပိုက်ဆံများများလည်း မရှိဘူး။ ဒီအမှုဖွင့်ရင် သူ (မြို့နယ်ထွေအုပ်ရုံးဝန်ထမ်း) အနည်းဆုံး ထောင် ၇ နှစ်ကျမယ်၊ သူ့ရာထူးလည်း ပြုတ်မယ်၊ သူ့မှာ မိသားစုရှိတယ်၊ ကလေးလည်းရှိတယ်၊ ကျွန်မတို့ အဲဒါကိုကြည့်ပြီး မလုပ်ခဲ့ဘူး၊ ကျေအေးပေးခဲ့တယ်” ဟု ပြောသည်။
အခြားသေဆုံးမှုများ
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုသည် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုနှင့် ရင်ဆိုင်ရသည်။
စစ်ကောင်စီတပ်များက ထိုကန့်ကွက်မှုများကို အကြမ်းနည်းဖြင့် ကိုင်တွယ်ရာ ဒဏ်ရာရ၊ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။
ငါးလနီးပါးအတွင်း အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရသူများမှာ မရေမတွက်နိုင်ကြောင်း သိရသည်။
သေဆုံးသည့်ကလေးအများစုမှာ ဆန္ဒပြပွဲတွင် ပါဝင်၍ မဟုတ်ဘဲ ဘေးမှ ရပ်ကြည့်နေရင်း၊ မိမိအိမ်တွင် ဆော့ကစားနေရင်း၊ မိဘရင်ခွင်တွင် တိုးဝှေ့နေရင်း ကျည်ဆန်က ၎င်းတို့ကို ထိမှန်ခြင်းဖြစ်သည်။
မမိုးသန္တာ ဆုံးပါးခဲ့သည့် ဇွန်လ ၁၉ ညတွင်ပင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန် (ခ) ဖိုးစိန် ဆော့ကစားနေစဉ် စစ်သားများရောက်ရှိလာသဖြင့် ထွက်ပြေးရာမှ အပစ်ခံရပြီး သေဆုံးသွားခဲ့သည်။
တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ အလျှိုလျှိုပေါ်ပေါက်လာချိန်တွင်လည်း ရွာထဲသို့ ဝင်စီးသော စစ်သားများ ပစ်သတ်သောကြောင့်လည်းကောင်း၊ တောတောင်ထဲ စစ်ဘေးရှောင်ရင်း ဖျားနာ၍လည်းကောင်း ကလေးငယ်များ သေဆုံးခဲ့ရပြန်သည်။
မေလ ၂၇ က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာရွာ၌ စစ်တပ် ရွာထဲဝင်လာချိန်တွင် ကြောက်အားလန့်အားထွက်ပြေးသည့် အသက် ၁၄ နှစ်အရွယ် မောင်ဆန်းဒေးအေး ဦးခေါင်းတည့်တည့် ကျည်ထိမှန်ပြီး ဆုံးပါးခဲ့သည်။
လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းခဲ့သည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တွင်ပင် စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှုမရသဖြင့် လသားအရွယ်နှင့် မွေးကင်းစ ရက်သားအရွယ် ကလေးငယ်များ သေဆုံးခဲ့ရပြန်သည်။
လမ်းစမ်းလျှောက်တတ်စကလေးကို ဆုံးရှုံးလိုက်ရသည့် ကုန်တင်ကုန်ချအလုပ်သမား ကိုသန်းစိုးအောင်၏ မိသားစုအတွက် ရည်မှန်းချက်ကတော့ ရိုးရိုးရှင်းရှင်းပင်။
“သုံးဘီးဆိုင်ကယ်တစ်စီးလောက် ဝယ်ချင်တယ်ပြောတယ်။ သုံးဘီးလေးနဲ့ ပစ္စည်းပို့ရင် မိသားစုစားဝတ်နေရေး ချောင်လည်မယ်။ ကုန်တင်ကုန်ချမှာဆို သုံးဘီးနဲ့ ကားကြီးပေါ်က ပစ္စည်းတွေ ကဲ့ရတာလေ။ လုပ်အားခလည်းရတယ်၊ သုံးဘီးခလည်းရတယ်ပေါ့နော်” ဟု မနန္ဒာက ပြောသည်။
အိမ်ထောင်သက် လေးနှစ်ထဲဝင်ချိန် ချစ်စရာသမီးလေးတစ်ယောက်ထွန်းကားခဲ့ပြီး မိသားစုအတွက် အနာဂတ်အစီအစဉ်များ အစပျိုးချိန်တွင်ပင် စစ်အာဏာရှင်လက်အောက် သမီးလေးမှာ နေ့မြင်ညပျောက်ဖြစ်ခဲ့ရပြီး ခင်ပွန်းဖြစ်သူ အချုပ်ထဲရောက်ရသည်။
အဖေတူသမီး မမိုးသန္တာမှာ ဖခင်ဖြစ်သူကို ‘ပါပါး ပါပါး’ ဟု မပီကလာ ပီကလာ ခေါ်တတ်နေပြီ။ တစ်လ ငါးသောင်းပေး၍ ငှားနေရသော အိမ်ခန်းကျဉ်းလေးတွင် မိသားစုသုံးယောက်အတူနေထိုင်ခဲ့သည်။ ကိုသန်းစိုးအောင်မှာ အလုပ်သွားခါနီးတိုင်း သမီးကို နမ်းရှုပ်လေ့ရှိပြီး အလုပ်ကပြန်လာလျှင်လည်း သမီးလေးကို ဦးဆုံး ပွေ့ချီနမ်းသည်။
၎င်းတို့အတွက် တရားမျှတမှုရရှိရန် မည်သို့မျှ မတတ်နိုင်ခဲ့သည့်အခြေအနေတွင် ၎င်းတို့၏ မိသားစုအသိုက်အမြုံ ပျက်စီးခဲ့ရသကဲ့သို့ ကျူးလွန်သူများ ထပ်တူမကြုံတွေ့ရဖို့ကိုသာ ဆုတောင်းမိသည်ဟု မနန္ဒာက ဆိုသည်။
“ကိုယ့်သားသမီးကလည်း ဆုံးရတယ်၊ ယောက်ျားးဖြစ်သူကလည်း အချုပ်ထဲမှာဆိုတော့ မတရားဘူးထင်တယ်။ ဒါပေမယ့် ကျွန်မလည်း ဘာမှလုပ်လို့မရဘူး။ ကျွန်မယောက်ျားကို အချုပ်ထဲကနေ ပြန်လွတ်စေချင်တယ်” ဟု မနန္ဒာက ဆိုလေသည်။



