“သူ့ဖုန်းကို စက်လေးနဲ့ထိုးကြည့်တော့ ဖျက်ထားတဲ့ပုံတွေ ပေါ်တယ်လို့ ပြောတယ်။ ကိုယ်က ဘယ်လိုဖျက်ဖျက်၊ ပုံတွေ အကုန်ပေါ်တယ်တဲ့” လို့ မှော်ဘီမြို့နယ်က ရွာသားတစ်ဦးက ဆန္ဒပြပွဲက ပုံတွေ တွေ့လို့ စစ်သားတွေရဲ့ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာကို ခံရပြီး ကိုယ်ဝန်ပျက်ကျခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်စဉ်အကြောင်း Myanmar Now ကို ပြန်ပြောပြခဲ့ပါတယ်။
ဒီဝါကျကို ဖတ်မိတဲ့အချိန်မှာ ကျွန်မ အတော်ကို တုန်လှုပ်သွားမိတယ်။ ပြီးခဲ့တဲ့တစ်ရက်ကလည်း အချိတ်အဆက်ကောင်းတဲ့ အရင်းအမြစ်တစ်ခုက ကျွန်မကို ပြောထားတာကတော့ မကြာသေးမီကမှ လူသိများတဲ့ အဖမ်းအဆီးတစ်ခုဟာ ဖုန်းခေါ်တာတွေကို စောင့်ကြည့်ပြီး ဖမ်းတာလို့ သူတို့ယုံကြည်တယ် ဆိုတာပါပဲ။
တကယ်ဆို ကျွန်မ အံ့သြမသွားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုစောင့်ကြည့်နည်းပညာတွေ စစ်ကောင်စီလက်ထဲမှာ ရှိမရှိဆိုတာကို ကျွန်မစုံစမ်းနေတာ သုံးလကျော်၊ လေးလနီးပါး ကြာခဲ့ပါတယ်။ ဒီနည်းပညာတွေကတော့ Wi-Fi တွေကို စောင့်ကြည့်လေ့လာနိုင်တယ်။
ဖုန်းကိုပိတ်ထားတဲ့ စကားဝှက်တွေကို ဖော်ပြနိုင်တယ်၊ ဖုန်းထဲက data တွေ၊ ပယ်ဖျက်ခဲ့တဲ့ဖိုင်တွေ ပြန်ပြီးဖော်ထုတ်နိုင်တယ်၊ လူတွေရဲ့ လူမှုမီဒီယာကွန်ရက်တွေကိုလည်း ဆက်စပ်ကြည့်နိုင်ပါတယ်။
ပြည်သူတွေအတွက် စိတ်ပူစရာတွေ အများကြီးရှိနေတဲ့အချိန်မှာ ကျွန်မအနေနဲ့ မလိုအပ်ဘဲ နောက်ထပ် စိုးရိမ်စရာတစ်ခုကို မချပြချင်ပါဘူး။
ဒါပေမဲ့ စစ်ကောင်စီလက်ထဲမှာ ဘယ်လိုစက်ပစ္စည်းတွေ၊ နည်းပညာတွေ ရှိနေတယ်ဆိုတာရယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို သိဖို့က အလွန်အရေးကြီးတဲ့အကြောင်း ကျွန်မယုံကြည်တဲ့အတွက် ဒီအာဘော်ကို ရေးရတာပါ။
ဒီစုံစမ်းစစ်ဆေးမှုကို နယ်သာလန်အခြေစိုက် သတင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Lighthouse Reports က ဦးဆောင်ပါတယ်။ သူတို့က သတင်းဌာနမျိုးစုံက သတင်းထောက်တွေ ပူးပေါင်းပြီး အကြောင်းအရာတွေထဲကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေး သတင်းပြုတာကို အဓိကထားတဲ့ သတင်းအဖွဲ့အစည်းပါ။ ဒီတစ်ကြိမ်မှာတော့ ဥရောပကုမ္ပဏီများက “dual use” ခေါ်တဲ့ အရပ်ဘက်ရော၊ စစ်ရေးအတွက်ပါ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ်နောက်ယောင်ခံပြီး ဖိနှိပ်ဖို့ သုံးလို့ရတဲ့ ဒီနည်းပညာတွေ စက်တွေကို မြန်မာပြည်ကို ရောင်းနေသလား၊ ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ရန်ပုံငွေတွေကို အသုံးပြုတာတွေလား၊ ဥရောပဥပဒေတွေရော ချိုးဖောက်လားဆိုတာကို စုံစမ်းတာပါ။
ကျွန်မအနေနဲ့ အဖမ်းအဆီးခံခဲ့ရသူတွေ၊ ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမတ်ဟောင်းတွေ၊ ဒီကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေကို မေးမြန်းခဲ့သလို အဖွဲ့သားတွေဟာလည်း Justice For Myanmar က ရတဲ့ ရာချီတဲ့ ဘတ်ဂျက်စာရွက်စာတမ်းတွေရယ်၊ အခြားပေါက်ကြားတဲ့ data တွေ၊ ပွင့်လင်းအရင်းအမြစ် စာမျက်နှာတွေကို ဖတ်ရှုလေ့လာခဲ့ပါတယ်။
ဒီစာရွက်စာတမ်းတွေထဲမှာ ဆွီဒင်၊ အီတလီ၊ ကနေဒါ၊ အမေရိကန်၊ အစ္စရေး စတဲ့နိုင်ငံတွေက ထိပ်တန်းနည်းပညာဆိုင်ရာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ ၄၀ ခန့်ကို တွေ့ရပါတယ်။ ဘယ်ကုမ္ပဏီက ဘယ်ပစ္စည်းတွေ ရောင်းချခဲ့သလဲဆိုတာကို ခြွင်းချက်မရှိ သိဖို့ခက်ခဲပေမဲ့ တချို့နည်းပညာတွေ မြန်မာပြည်ကို ရောက်လာခဲ့တယ်ဆိုတာက သေချာပါတယ်။
ကိရိယာတွေကိုဝယ်ဖို့ တင်ဒါစာရွက်စာတမ်းတွေ၊ ဒီတင်ဒါတွေကို ဘယ်မြန်မာကုမ္ပဏီတွေက ရခဲ့တယ်၊ ဘယ်ဟာတွေ တင်ပို့ခဲ့လဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်မတို့ တွေ့ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်အဖမ်းခံရပြီး ရိုက်နှက်ခံခဲ့ရတဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်မတို့ရဲ့ တွေ့ရှိချက်တွေကို သတင်းတွေ ရေးသားထုတ်ပြန်ခဲ့တာပါ။ နောက် ၂ ရက်အကြာ Lighthouse Reports ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ Al-Jazeera English ဟာ စိတ်တုန်လှုပ်ချောက်ချားစရာ မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ စစ်ကောင်စီကနေ အတိုက်အခံတက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရေးသမားတွေအပေါ် အသုံးချနေတဲ့ အကြမ်းဖက်မှုတွေအပြင် ပျော့ပျောင်းပေမဲ့ ဆိုးညစ်ယုတ်မာတဲ့ သူလျှိုနည်းပညာ tools တွေအကြောင်း ချပြတာပါ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံခဲ့တဲ့ ကိုမြအေးဟာဆိုရင် ပယ်ဖျက်ထားတဲ့ အီးမေးလ်ကြောင့် တရားစွဲဆိုခြင်းခံနေရတယ်လို့ သူ့သမီး မဝေနှင်းပွင့်သုန်က AJE သတင်းထောက် Ali Fowle ကို ပြောခဲ့ပါတယ်။
ကျွန်မကိုယ်တိုင်လည်း စစ်အစိုးရဟာ ဒီကိရိယာတွေကို မကြာခင် ကျယ်ကျယ်ပြန့်ပြန့် သုံးရင်သုံးလာနိုင်တယ်လို့ စိုးရိမ်တာကို Ali ကို ပြောပြခဲ့ပါသေးတယ်။
စစ်အစိုးရမှာ ဒီလို tools တွေကို အပြည့်အဝ အသုံးချဖို့ လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ လူအင်အားရှိလား မရှိဘူးလားဆိုတာ မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ ဒါပေမဲ့ သမိုင်းအရ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မတို့သိနေသလို ကျွန်မတို့ရဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေက ကျွန်မတို့ကို ပြန်ပြီးဒုက္ခပေးနိုင်တယ်ဆိုတာကိုလည်း သူတို့က ကောင်းကောင်းကြီး သိနေပါတယ်။ သူတို့ကို လျှော့မတွက်သင့်ပါဘူး။
တွေ့ရှိချက်များ
စုံစမ်းတွေ့ရှိတာတွေကို ရေးထားတဲ့ ဆောင်းပါးတွေကို ဖတ်ရင် အတော်ရင်လေးဖို့ကောင်းပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူတွေရဲ့လက်ထဲကို ဒီလိုနည်းပညာတွေ မရောက်စေဖို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပေမဲ့ ဒီစည်းကမ်းတွေကို ပြဋ္ဌာန်းရာမှာ အားနည်းတာတွေ ဒါမှမဟုတ် လွတ်လပ်စွာအနက်ဖွင့်တာတွေကြောင့် အာဏာရှင်တွေအသုံးချနိုင်တဲ့ လစ်ကွက်တွေကို ဖန်တီးပေးနေသလိုဖြစ်နေပါတယ်။
ဥပမာ − အီတလီသတင်းသမား Riccardo Coluccini ဟာ Investigative Reporting Project Italy (IRPI) အတွက် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဘတ်ဂျက်မှာ ပါတဲ့ အီတလီကုမ္ပဏီ SecurCube ရဲ့ BTS Tracker အကြောင်း ရေးသားခဲ့ပါတယ်။
ဒီပစ္စည်းဟာ ရေဒီယိုလှိုင်းတွေကို စစ်ဆေးနိုင်ပြီး အချက်ပြစွမ်းအားကို တိုင်းတာနိုင်ပါတယ်။ ဒီလို “dual use” နည်းပညာတွေ မြန်မာနိုင်ငံတင်သွင်းရေးကို ပိတ်ဆို့ကန့်သတ်ထားတဲ့ ဥရောပသမဂ္ဂကောင်စီက ရိုဟင်ဂျာတွေအများအပြား ထွက်ပြေးဒုက္ခရောက်ပြီးနောက် ၂၀၁၈ မှာ ထပ်ပြီး တင်းကျပ်ခဲ့တာပါ။
ဒါပေမဲ့ SecurCube ကတော့ ၂၀၁၉ ခုနှစ်မှာ သူတို့အတွက် မြန်မာပြည်ကို ဒီလိုပစ္စည်းတွေရောင်းဖို့ ဘာကန့်သတ်ချက်မှ မရှိဘူးလို့ တခြားအီတလီသတင်းစာတစ်စောင်ကို ပြောပါတယ်။ ဒီလိုပိတ်ပင်ထားပေမဲ့လည်း ဘယ်လို့ပို့ကုန်မျိုး ဆက်ရောင်းနေသလဲလို့ ရီကာဒိုက အီတလီသတင်းစာ Domani ဆောင်းပါးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ ဘတ်ဂျက်သုံးစွဲမှုအစီရင်ခံစာမှာ တွေ့ရတဲ့ ဆွီဒင်က MSAB ကုမ္ပဏီဟာ အီးယူရန်ပုံငွေတွေရရှိခဲ့ကြောင်းကို သတင်းသမားနှစ်ယောက်ဖြစ်တဲ့ Zach Campbell နဲ့ Caitlin Chandler တို့က The Intercept အွန်လိုင်းသတင်းဌာနမှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
MSAB ကတော့ စမတ်ဖုန်းပေါ်က data တွေကို scan လုပ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့ သူတို့ရဲ့ထုတ်ကုန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ရောင်းချခဲ့တယ်လို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးလက်အောက်က အထူးစုံစမ်းစစ်ဆေးရေးဌာနဟာ ဒီပစ္စည်းသုံးဖို့ ၃ နှစ်စာလိုင်စင် ဝယ်ယူလိုကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လျှောက်ထားပါတယ်။ ဒီတင်ဒါကို အရင်က MySpace International လို့ လူသိများပြီး အခုတော့ Creative Exploration လို့ အမည်ပြောင်းခဲ့တဲ့ ကုမ္ပဏီက အောင်မြင်ထားတာပါ။
ဒီကုမ္ပဏီရဲ့ အဓိကဒါရိုက်တာတွေက စစ်အရာရှိဟောင်းတစ်ဦးနဲ့ သူ့ဇနီးပါ။ ဇနီးသည်ရဲ့ ဖခင်ကတော့ အရင်စစ်အုပ်ချုပ်ရေးခေတ်တုန်းက ရုရှားမှာ သံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်အရာရှိဖြစ်ကြောင်း New York Times သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီ Lighthouse Reports ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုကနေထွက်လာတဲ့ OpenText နဲ့ Magnet Forensics ဆိုတဲ့ ကနေဒါကုမ္ပဏီနှစ်ခုအကြောင်းကို သတင်းသမား Nathan Vanderklippe က အွန်လိုင်းသတင်းစာမျက်နှာ The Globe and Mail မှာ ရေးသားခဲ့ပါတယ်။ သူတို့ ရောင်းချလိုက်တာကတော့ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေကနေ သတင်းအချက်အလက်တွေကို ထုတ်ယူနိုင်၊ စာဝှက်ဖြည်နိုင်တဲ့ အစွမ်းထက်ကိရိယာတွေပါ။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြင်ရတာကတော့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေဆီကနေ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးချနိုင်တဲ့ နည်းပညာတွေ ဝယ်ထားပြီးပြီ၊ စောင့်ကြည့်မှု အပြည့်ရှိနေတဲ့ နိုင်ငံဖြစ်ဖို့ တည်ဆောက်နေတယ်ဆိုတာပါပဲ။
အခြေအမြစ်မရှိတဲ့ တုံ့ပြန်မှု
ဒီကုမ္ပဏီတွေဟာ သူတို့ပစ္စည်း မြန်မာပြည်ကို မရောင်းပါဘူးလို့ ငြင်းသူကငြင်းပြီး တချို့ကလည်း အရပ်သားအစိုးရလက်ထက်မှာတုန်းက ရောင်းတာလို့ ဖြေရှင်းပါတယ်။
ဒါပေမဲ့ ဝေးဝေးလံလံ မသွားဘဲ Google မှာ ရှာလိုက်ရင်ပဲ စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားကို ကိုင်ထားနိုင်တယ်ဆိုတာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဥပမာဆိုရင် ၂၀၁၆ မှာ အစိုးရပြောင်းခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ခု ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်ရှိဝန်ကြီးရော အရင်ဝန်ကြီးရောဟာ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ်ဘဝကနေ လာခဲ့သူတွေပါ။ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ၂၀၂၀ ဖေဖော်ဝါရီမှာ ခန့်အပ်ခဲ့တာဖြစ်ပြီး အခုချိန်အထိ ဒီတာဝန်ကို လက်ကိုင်ထားတာဟာ ထင်ရှားတဲ့လက္ခဏာပါ။
ဘာလို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ အဖမ်းခံရသူက အဖမ်းခံရ၊ ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူကပုန်းနဲ့ ဘယ်သူမှ မကျန်တော့သလောက်ပါပဲ။
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဟာ NLD အုပ်ချုပ်မှုအောက်မှာလို့ ဆိုလို့ရပေမဲ့ အရင်စစ်အရာရှိအများအပြား နေရာယူထားပြီး NLD လက်အောက်မှာတောင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကနေ “ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ပင်ခြင်း” လို့ ခေါ်တဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အစိတ်အပိုင်းတချို့မှာ လိုင်းတွေပိတ်ခဲ့တာဟာ ဒီဝန်ကြီးဌာနလက်ချက်ပါ။
ပြီးတော့ ဆိုင်ဘာလုံခြုံရေးအကြောင်းပြချက်နဲ့ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ထဲမှာလည်း ဒီနည်းပညာတွေ ဝယ်ဖို့ ပြင်ဆင်တာ တွေ့ရပါတယ်။ ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးပြီး တရားရုံးတင်ရာမှာလည်း Cellebrite နည်းပညာ သုံးတာပါ။
ဒါကြောင့်မို့လို့ ဒီအနောက်နိုင်ငံကကုမ္ပဏီတွေ ဆက်ဆံနေသူတွေဟာ “အရပ်သား” အစိုးရ (ဒါမှမဟုတ်) “အရပ်သား” ကြားခံကုမ္ပဏီတွေ မဟုတ်ဘူးဆိုတာကို ဖော်ပြနေတဲ့ သာဓကတွေ အများကြီးပါ။
ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာအကြောင်းကြောင့်သာမကပဲ ဥပဒေအရပါ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ဒီအချက်တွေကို ကြည့်ရှုထည့်သွင်း စဉ်းစားဖို့ ကုမ္ပဏီတွေမှာ တာဝန်ရှိပါတယ်။ မသိချင်ယောင်ဆောင်ဖို့ မသင့်ပါဘူး။ အခုတော့ အပြစ်မဲ့တဲ့ မြန်မာပြည်သူလူထုက ခံစားရမှာပါ။ ပြည်သူတွေဘက်ကလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လိုအပ်ပါတယ်။
အချက်အလက်လုံခြုံဖို့ ဘယ်လိုလုပ်ရမလဲ၊ ဘယ် apps တွေကို ဘယ်လိုသုံးရမလဲဆိုတာတွေကို မြန်မာလိုရှင်းပြထားတဲ့ အရင်းအမြစ်ကောင်းတွေ ရှိပါတယ်။ လေ့လာပါ။ လိုက်နာပါ။
၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံပွင့်လင်းလာလို့ ဆင်းကတ်စျေးနှုန်း ဒေါ်လာရာဂဏန်းကနေ တစ်ဒေါ်လာခွဲအထိ ကျဆင်းသွားတာနဲ့အမျှ တစ်နိုင်ငံလုံးနီးပါး အွန်လိုင်းပေါ် ရုတ်တရက်ရောက်လာကြလို့ ဆယ်စုနှစ်တစ်ခုကြာလာတဲ့အခါမှာ ကျွန်မတို့တွေဟာလည်း ကြေက်ကြောက်လန့်လန့် အထီးကျန်ဘဝကို မေ့လျော့သလိုဖြစ်လာခဲ့ပါတယ်။
ဖုန်းလိုင်း ဖြတ်နားထောင်နေသလား၊ လက်ဖက်ရည်ဆိုင်စကားဝိုင်းတွေကို ထောက်လှမ်းရေးက နားထောင်နေသလားဆိုတဲ့ စိုးရိမ်စိတ်တွေ တဖြည်းဖြည်းပျောက်ပြီး အွန်လိုင်း လူမှုဆက်သွယ်ရေးကွန်ရက်ပေါ်မှာ ကျွန်မတို့ မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ တည်နေရာတွေကို ဝေမျှတာ၊ လုံခြုံရေးအတွက် ပုံပြောင်းမထားတဲ့ apps ပေါ်မှာ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးတာတွေဖြစ်လာပါတယ်။
ဒီအလေ့အကျင့်တွေကို ပြန်ပြီးထိန်းသိမ်းရမှာပါ။ ဖုန်းအင်တာနက် ပြန်မကောင်းသေးတဲ့ ပြန်မရသေးတဲ့နေရာတွေ အများကြီးရှိသေးတယ်ဆိုတဲ့ အခက်အခဲမျိုးကို ကျွန်မ နားလည်ပါတယ်။
ဒီနေရာမှာ သတင်းသမားတွေအပြင် ပြည်သူလူထုတွေအတွက် ရွေးချယ်စရာအဆိုး ၂ ခုကို ချင့်ချိန်နေရတာပါ။ သတင်းအချက်အလက်မျှဝေရင် ကိုယ်ရော ကိုယ့်မိသားစုရော အန္တရာယ်တွေ့နိုင်သလို မမျှဝေရင်လည်း မတရားမှုတွေ ဆက်ဖြစ်အောင် ဥပေက္ခာပြုထားသလိုမျိုး ဖြစ်နေမလားပေါ့လေ။
ဥရောပနိုင်ငံတွေဟာ မြန်မာပြည်မှာ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ပေါ်ထွန်းရှင်သန်စေချင်ကြောင်း၊ မြန်မာနိုင်ငံသားတွေဘက် ရပ်တည်ကြောင်း ကြေညာချက်တွေ အများကြီးထုတ်ခဲ့တာပါ။ အဲဒီလိုတကယ်ခံစားရတယ်ဆိုရင် စောင့်ကြည့်နည်းပညာတွေကို စစ်ကောင်စီလက်ထဲ ရောက်မသွားရေးအတွက် ဒဏ်ခတ်ပိတ်ဆို့မှုကို ပိုပြီး တင်းကျပ်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းတွေ ပိုမိုကောင်းမွန်ရေးအတွက်လည်း ဥပဒေတွေ ထိန်းညှိရမှာပါ။
အနောက်နိုင်ငံတွေဆီက မရရင်လည်း တရုတ်နဲ့ ရုရှားလို စစ်ကောင်စီနဲ့ ရင်းနှီးသူတွေက အဲဒီလိုနည်းပညာတွေ ထောက်ပံ့ပေးနိုင်နေတုန်းပဲလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါက သီးခြားဆွေးနွေးရမဲ့ အကြောင်းအရာပါ။ အနောက်နိုင်ငံတွေဟာ ကျွန်မတို့ကို အမြဲတမ်း လက်ချာရိုက် ပို့ချပေးနေတဲ့ တန်ဖိုးတွေကို သူတို့ကိုယ်တိုင် လိုက်နာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။