အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖောင်းပြင်ကို နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၊၂ ဒါဇင်နီးပါး ဒဏ်ရာရ

ဖောင်းပြင်မြို့ အရှေ့ပိုင်း ဟော်ဇောင်းရွာနှင့် ဈေးတန်းကို ယမန်နေ့ နေ့လယ်ပိုင်းကစပြီး တိုက်လေယာဉ်များ၊ Y 12 အမျိုးအစားသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများဖြင့် တနေကုန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် ၄ နာရီဝန်းကျင်တွင်လည်း ထိုဈေးတန်းနေရာကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ဟော်ဇောင်းကျေးရွာကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)ကစပြီး နှစ်ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ် (၁) တပ်ရင်းမှ သိရသည်။ 

ဖောင်းပြင်မြို့နယ် အရှေ့ပိုင်း ဟော်ဇောင်းရွာနှင့် ဈေးတန်းကို ယမန်နေ့ နေ့လယ်ပိုင်းကစပြီး တိုက်လေယာဉ်များ၊ Y 12 အမျိုးအစားသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများဖြင့် တနေကုန်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် ၄ နာရီဝန်းကျင်တွင်လည်း ထိုဈေးတန်းနေရာကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

နေ့လယ်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ၁၈ ကြိမ်၊ ၊Y 12 ဖြင့် နှစ်ကြိမ်၊  ဟုမ္မလင်းလေတပ်မှ တက်လာသည့် ဂျိုင်ရိုကော်ပတာဖြင့် သုံးကြိမ် ဗုံးကြဲခဲ့သလို ယနေ့ နံနက်လေးနာရီဝန်းကျင်တွင်လည်း တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း မော်လိုက်ခရိုင်အမှတ် ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုတွင် ခရီးသွားပြည်သူများ၊ ကားသမားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန် သူမရှိဟုမော်လိုက်ခရိုင် အမှတ် ၁ တပ်ရင်းတာဝန်ရှိသူကဆိုသည်။ 

“ကားတွေကို စနစ်တကျရပ်နားဖို့၊ ယာဉ်တန်းတွေ စုပုံမရပ်ထားဖို့ ဆော်ဩသတင်းပေးထားတာရှိတယ်။ အဲ့ဒါကြောင့် ပြည်သူအထိအခိုက်တော့ရှိတယ်။ သေဆုံးမှုတော့ မရှိသေးဘူး။ ဒဏ်ရာရတဲ့သူကလည်း ၂၀၊ ၃၀ ဝန်းကျင်လောက် ရှိမယ်”ဟု ၎င်းကဆက်ပြောသည်။ 

အိမ်ခြေ ၁၅၀ ခန့်ရှိသည့် ဟော်ဇောင်းရွာနှင့် ဈေးတန်းသည် ဖောင်းပြင်နှင့် ပင်လည်ဘူးကို ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီးဘေးတွင်ရှိပြီး ကုန်စည်စီးဆင်းမှုကောင်းမွန်သည့်နေရာဖြစ်ကာ ကုန်ကားနှင့် ခရီးသွားများ ခရီးတထောက်ရပ်နားသည့်နေရာဖြစ်သည်ဟု ဆိုသည်။ 

“ ကုန်ကားတွေ ဆီကားတွေ စခန်းချရပ်နားရတဲ့နေရာ။ ဟုမ္မလင်းဘက်ကိုလည်း သွားလို့ရတော့ စည်နေတာပ” ဟု ဒေသခံတစ်ဦးကပြောသည်။ 

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဖောင်းပြင်မြို့နယ်၌ တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသများတွင် ထိန်းချုပ်ထားသလို အရှေ့ဘက်ကပ်လျက်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုများက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဖောင်းပြင်မြို့နယ်နှင့် ကပ်လျက်ရှိ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအနီး ပင်နုတ်ဆွတ်မှော် စားသောက်ဆိုင်ကို  ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ခုနစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။ 

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ရှိ NUG စိုးမိုးထိန်းချုပ်ထားသည့် နေရာများကို ယမန်နေ့ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံများထံကသိရသည်။

ဇန်နဝါရီလအတွင်း နိုင်ငံ့အနှံ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၂၇ ဦးသေဆုံး၊ ၂၄၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွင်လေကြောင်းတိုက်ခိုက်မှုအများဆုံးဖြစ်ကြောင်း CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button