စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေမှော်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နေ့လယ်က ဂျိုင်ရို ကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ခုနစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဟုမ္မလင်းမြို့နယ် ဥရုချောင်းအနီး ပင်နုတ်ဆွတ်မှော်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဂျိုင်ရို ကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေလက်ရာစားသောက်ဆိုင်အနီး ကျရောက်ပေါက်ကွဲသဖြင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ပင်နုတ်ဆွတ်ဆိုတဲ့မှော်ရဲ့ စားသောက်ဆိုင်ကို (ဗုံး) ချတဲ့အခါမှာ ကားသမားတွေလည်း ဝင်ရောက် စားသောက်နေကြတာရှိတယ်။ အရပ်သားတွေရှိတယ်။ အဲ့ဒီမှာ အရပ်သားတချို့ထိခိုက်သေဆုံးမှု ရှိသွားတယ်”ဟု ဟုမ္မလင်း တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ပင်နုတ်ဆွတ်မှော်အနီး လေကြောင်းမှတိုက်ခိုက်သော်လည်း ထိခိုက် သေဆုံးမှုမရှိခဲ့ဘဲ နာရီပိုင်းအကြာ ဒုတိယအကျော့ လေကြောင်းမှ လာရောက်ပစ်ခတ်ချိန်တွင် အများအပြားသေဆုံးခဲ့သည်။
ရွှေမှော်ဖြစ်သည့်အတွက် ဒေသအနှံ့အပြားမှ ရွှေ့ပြောင်းလုပ်သား များပြားသဖြင့် သေဆုံးသူများကို အမည်နှင့်တကွ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့မှ ၁၀ မိုင်ခန့်သာကွာဝေးသည့် ပင်နုတ်ဆွတ်မှော်သည် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများ စစ်ဆိုင်ထားကြသည့်နေရာဖြစ်ပြီး လူနေထူထပ်သည့်မှော်ထဲတွင် တော်လှန်ရေးအင်အားစုများ တပ်စွဲ အခြေချထားခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။
ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ၂၀ ရက်က ကလေးလေဆိပ်မှတဆင့် ဂျိုင်ရိုကော်ပတာ လေးစီး ပို့ဆောင်ခဲ့ပြီးနောက် ဂျိုင်ရိုကော်ပတာဖြင့် ပထမဆုံးအကြိမ်လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂျိုင်ရိုကော်ပတာက အရင်တုန်းက ဟုမ္မလင်းမှာမရှိဘူး။ အမောင်းသင်နေတာလို့ သတင်း သဲ့သဲ့ ကြားတာကြာပြီ။ အထိုင်ချပြီးတော့ တိုက်ခိုက်မှုလုပ်တာမရှိသေးဘူး။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ကတော့ ကလေးလေဆိပ်ကနေ ဟုမ္မလင်းလေတပ်ကို ဂျိုင်ရိုကော်ပတာ လေးစီး ပို့လိုက်တယ်။ အမောင်းသင် ထားတဲ့သူတွေလည်းရှိနေတော့ ချက်ချင်းဆိုသလို ရောက်ပြီးမကြာဘူး Scouting (ကင်းထောက်)လုပ် ဝဲပျံပြီးလေကြောင်းတိုက်ခိုက်တဲ့ပုံရှိပါတယ်”ဟု အထက်ပါဒေသခံက ပြောသည်။
နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသဖြင့် လေကြောင်းကိုအဓိကသုံးနေရသည့် စစ်တပ်သည် ကုန်ကျစရိတ်နည်းသည့် အပြင် ပိုမိုလွယ်ကူစွာသုံးနိုင်သည့် အင်ဂျင်တပ်လေထီးများကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ နိုင်ငံ အလယ်ပိုင်းဒေသများတွင် အသုံးပြုလာခဲ့ပြီး ယမန်နှစ် နှစ်လယ်ပိုင်းတွင် ဂျိုင်ရိုကော်ပတာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်။
စားသောက်ဆိုင်အနီး ကျရောက်ပေါက်ကွဲမှုကြောင့် သဲပြင်ပေါ်တွင် တွင်းငယ်တစ်ခုဖြစ်သွားသည်။ အနီးရှိ ဆိုင်လည်း ပျက်စီးပြီး ဆိုင်ကယ်အချို့လည်း သဲပြင်ပေါ်တွင် ပြန့်ကြဲနေသည်ကို Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် စက္ကန့် ၄၀ ကျော်ကြာရုပ်သံဖိုင်တွင် တွေ့ရသည်။
စစ်ကော်မရှင်တပ်သည် စစ်ကိုင်းတိုင်းအတွင်း တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာ၊ ထောက်ပို့ လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေပြီး လူသေဆုံး ထိခိုက်မှုများ ပေါ်ပေါက်နေသည်။
ပြည်ထောင်စုနေ့ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်အနီး တော်လှန်ရေး တပ်ဖွဲ့စခန်းတစ်ခုကို ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။ အဆိုပါစခန်းရှိ လက်နက်ခဲယမ်းများအပါအဝင် အဆောက်အအုံများလည်း မီးလောင်ပျက်စီးခဲ့ရသည်။
စစ်တပ် အသုံးပြုသည့် ပါရာမိုတာ (Paramotor) နှင့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များသည် အနိမ့် ပျံသန်းရန်လွယ်ကူသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြေပြန့်ဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး တိုက်ခိုက်မှုပြုလုပ်လေ့ရှိပြီး ရခိုင်ပြည်နယ်တွင်လည်း ရံဖန်ရံခါ အသုံးပြုကြောင်း တက်ကြွလှုပ်ရှားသော အရပ်ဘက်အဖွဲ့ ဖြစ်သည့် Fortify Rights က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂၇ ဦးသေဆုံး၊ ၂၄၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုထက်ဝက်နီးပါးသည် စစ်ကိုင်းတိုင်းတွင်ဖြစ်ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရမှုလည်းအမြင့်ဆုံးဖြစ်ကြောင်း CDM စစ်သားများနှင့်ဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (MDSI)က ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်ထားသည်။



