
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ညတွင်းချင်းပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးကို စစ်ကောင်စီက ဖမ်းခဲ့သည်။
ယမန်နေ့ (ဇွန် ၂၉) နံနက်ပိုင်းက တောင်သာမြို့နယ်၊ ဇီးပင်ကန်ရွာတွင်ပြုလုပ်သည့် မင်္ဂလာဆောင်တစ်ခုမှ ပြန်လာသည့် ထွေအုပ်ဝန်ထမ်း ဦးလူမော် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ည ၁၁ နာရီခန့်တွင် မြို့နယ် NLD သတင်း၊ ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးမောင်စိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
“မြို့ပေါ်မှာ (အာဏာသိမ်းမှုဆန့်ကျင်သည့် မည်သည့်လှုပ်ရှားမှု) ခေါင်းဆောင်လုပ်ထားတာ ဘာမှမရှိဘူး။ ဘာကြောင့်ဆွဲတယ်ဆိုတာကို မပြောတတ်ဘူး” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ယနေ့(ဇွန်၃၀) ညနေပိုင်းအထိ ဦးမောင်စိန်ကို မည်သည့်နေရာ၌ ဖမ်းဆီးထားကြောင်းပင် မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဘယ်ကိုလိုက်ရမှန်းတောင် မသိဘူးဖြစ်နေတယ်။ တောင်သာမှာ ရှိလား၊ မရှိလားတောင် မသိဘူး။ ထဲထဲဝင်ဝင်လည်း သူတို့နား(စစ်ကောင်စီ) မသွားရဲဘူး။ ဒီကောင်တွေက ပြောရဆိုရ ခက်ခဲတာလေ” ဟု အထက်ပါမိသားစုဝင်က ပြောသည်။
ဦးမောင်စိန်မှာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက NLD ပါတီဝင်များကို ပစ်မှတ်ထားနေသည့် စစ်ကောင်စီ၏ အန္တရာယ်ကြောင့် တိမ်းရှောင်နေခဲ့သူဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် မကြာမီရက်ပိုင်းအတွင်းကမှ တောင်သာမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ မိဘများနေထိုင်ရာ အိမ်သို့ ရောက်ရှိတည်းခိုနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း အဆိုပါမိသားစုဝင်ထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည့် ပျူစောထီးအဖွဲ့တွင် ပါဝင်နေသည့် ထွေအုပ်စာရေးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း တောင်သာမြို့လူငယ်ပြောက်ကျားအဖွဲ့က အခင်းဖြစ်သည့်နေ့၌ပင် ထုတ်ဖော်ပြောကြားခဲ့သည်။
တောင်သာမြို့နယ်တွင် ဇွန်လအတွင်း၌ပင် စစ်ကောင်စီနှင့် ပူးပေါင်းသူ၊ သတင်းပေးဒလန်ဟု နာမည်ကျော်သူ လေးဦးကို လုပ်ကြံခံရကြောင်း တစ်ဦးမှာ အသက်မသေဘဲ ပြင်းထန်စွာဒဏ်ရာရသွားကြောင်း အထက်ပါ ပြောက်ကျားအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ တရကြမ်းလုပ်ဆောင်နေသည့် တောင်သာမြို့နယ်တွင် ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်းရှိရာ စစ်ကောင်စီဖမ်းဆီးသွားစဉ်က ကျန်းကျန်းမာမာရှိသည့် အသက် ၅၀ အရွယ် ဦးမောင်စိန်၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်နေကြောင်း မိသားစုဝင်က ပြောသည်။