၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး၊ စစ်အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွန်ခဲ့သော ငါးနှစ်လုံးလုံး မြန်မာနိုင်ငံ၏ အစိုးရအကြီးအကဲအဖြစ် နိုင်ငံတကာက အသိအမှတ် မပြုခဲ့ကြပါ။ မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီနှင့် စစ်ကော်မရှင်တို့ကိုလည်း ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့က မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုခဲ့ကြပါ။
ထိုသို့ နိုင်ငံတကာ အသိအမှတ်မပြုသော အာဏာသိမ်း စစ်အုပ်စု ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ဖွဲ့စည်း ဖြစ်ပေါ်လာမည့် အစိုးရကို နိုင်ငံတကာအဖွဲ့အစည်းများက တရားဝင်မှု (Legitimacy) ပေးမည်လား။ သို့တည်းမဟုတ် တရားမဝင်အစိုးရအဖြစ် ဆက်လက်သတ်မှတ်မည်လား။ မည်သည့်စံနှုန်းအခြေခံဖြင့် နိုင်ငံတကာ အသိုက်အဝန်းက တုံ့ပြန်ကြမည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
လွန်ခဲ့သော ငါးနှစ်လုံးလုံး နိုင်ငံတကာစင်မြင့်ထက် တရားဝင်မှု ဆုံးရှုံးနေသော စစ်ခေါင်းဆောင်သည် နိုင်ငံအနှံ့ စစ်မီးလျှံများကြားမှ အဆိုပါ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ် ဖွဲ့စည်းမည့် အစိုးရသစ်ကို ရွေးကောက်ပွဲမှတဆင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရအဖြစ် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုကြလိမ့်မည်ဟု စစ်ခေါင်းဆောင် မျှော်လင့်နေနိုင်ပြီး၊ အထူးသဖြင့် ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ရရှိရေးသည် စစ်အုပ်စု အမျှော်လင့်ဆုံးအရာ ဖြစ်နိုင်ပါသည်။
အတုအယောင် ရွေးကောက်ပွဲအလွန် ဖွဲ့စည်းမည့် အစိုးရသစ်တွင် မင်းအောင်လှိုင်သည် သမ္မတရာထူး ရယူ မည်လား။ သို့တည်းမဟုတ် ကြိုတင်ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို အသုံးချပြီး သမ္မတအထက်တွင်နေရန် ပြင်ဆင်နေပြီလား ဆိုသည့် မေးခွန်းများ ယခုတလော ထွက်ပေါ်လျက်ရှိသည်။
မည်သို့ပင်ဆိုစေ သေချာသည့်အချက်မှာ စစ်ခေါင်းဆောင်နှင့် စစ်ဗိုလ်တစ်သိုက်သည် စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအသွင်ယူအစိုးရသစ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေပြီး၊ နိုင်ငံတကာအသိုက်အဝန်းက ထိုအစိုးရသစ်ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး မပြုရေး အဆုံးအဖြတ်ကာလကိုလည်း မကြာခင် တွေ့မြင်လာရပေလိမ့်မည်။
ယနေ့အချိန်ကာလသည် နိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော ယခင် စစ်အစိုးရက ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပကာ ရွေးကောက်ခံအစိုးရသစ် ဖွဲ့စည်းအသွင်ကူးပြောင်းပြီးနောက် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများနှင့် အလားသဏ္ဌာန်တူသည်ဟု မျှော်လင့်တွက်ဆကြသူများလည်း ရှိကြသည်။ သို့သော် စစ်ဗိုလ်တစ်သိုက် အရပ်သားအသွင်ဖြင့် အစိုးရဖွဲ့ခြင်းကလွဲလျှင် လက်ရှိ နိုင်ငံ၏ အခြေအနေအရပ်ရပ်သည် ၂၀၁၀ ပြည့်နှစ် အခြေအနေနှင့် များစွာကွာခြားသွားပြီ ဖြစ်ပြီး၊ နိုင်ငံတကာအသိုက်အဝန်း၏ ရပ်တည်ချက်နှင့် တုံ့ပြန်ချက် အပြောင်းအလဲများကိုလည်း တွေ့မြင်နေရပြီ ဖြစ်သည်။
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂတွင် အသိအမှတ်ပြုဆဲ
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကုလသမဂ္ဂက နောက်ဆုံး အတည်ပြုထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများနှင့်နိုင်ငံခြားရေးဝန်ကြီးများ စာရင်း၌ မြန်မာနိုင်ငံ၏နိုင်ငံအကြီးအကဲ (Head of State) အဖြစ် သမ္မတဦးဝင်မြင့် နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြု ဖော်ပြထားသည်။ ထို့အတူ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နောက်ဆုံးအတည်ပြုထားသော အဖွဲ့ဝင်နိုင်ငံများ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်များ စာရင်း၌ မြန်မာနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သမ္မတဦးဝင်းမြင့် အစိုးရက ခန့်အပ်ခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး ကုလသမဂ္ဂသည် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီနှင့် စစ်ကော်မရှင်တို့ကို လက်မခံကြောင်း နှစ်စဉ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန် ရောက်ရှိလာတိုင်း Credential Committee က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ် ကြီး ဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြု လက်ခံခဲ့ခြင်းအားဖြင့် ပြသခဲ့သည်။ တစ်နည်းအားဖြင့် တရားဝင် ရွေးကောက်ပွဲဖြင့် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ ခန့်အပ်သည့် ကိုယ်စားလှယ်ကိုသာ လက်ခံကြောင်း ယေဘုယျ နားလည်နိုင်ပါသည်။
ဤနေရာတွင် မင်းအောင်လှိုင်၏ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရသစ်ကို ကုလသမဂ္ဂက ပြောင်းလဲ အသိအမှတ်ပြု လက်ခံမည်လား။ သို့မဟုတ် လွန်ခဲ့သော ငါးနှစ်လုံးလုံး ရပ်တည်ခဲ့သော သမ္မတ ဦးဝင်းမြင့်အစိုးရကိုသာ ဆက်လက် အသိအမှတ်ပြုမည်လား စသည့် စိတ်ဝင်စားဖွယ် မေးခွန်းများ ဖြစ်ပေါ်လာသည်။ ထိုမေးခွန်းများအတွက် ကုလသမဂ္ဂ၏ ရပ်တည်ချက်ကို စောင့်ကြည့်ရပေလိမ့်မည်။
စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့်ချိန်ကာလ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် မြန်မာပြည်သူများ ၎င်းတို့၏ နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ်စွာနှင့် ငြိမ်းချမ်းစွာ ကျင့်သုံးခွင့်ရစေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီး ပေးရန်” ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင် ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပါ။
ထိုနေ့ တစ်နေ့တည်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး Volker Türk က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး “မကြသေးမီက စစ်တပ် အတင်းအကျပ် စီစဉ်ခဲ့သော ရွေးကောက်ပွဲသည် နိုင်ငံသားတို့၏ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့ပြီး၊ ထိုရွေးကောက်ပွဲသည် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အမြုံအတွင်း ကွဲပြားမှုများကို ပို၍နက်ရှိုင်းစေလိမ့်မည်” ဟု ဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ၏ ထုတ်ပြန်ချက်သည် အပြင်းထန်ဆုံး ဟု ဆိုရပေလိမ့်မည်။ အဆိုပါ ထုတ်ပြန်ချက်အား “တရားမဝင် ရွေးကောက်ပွဲ များမှ တရားမဝင်ရလဒ်များကိုသာ ရရှိလိမ့်မည်” ဟု ခေါင်းစဉ်တပ်ထားပြီး၊ စစ်ကော်မရှင် စီစဉ်သော ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အာဏာ အပြောင်းအလဲကိုလည်း ဆန့်ကျင်ကန့်ကွက်ရန် နှိုးဆော်ထားသည်။
တွမ်အင်ဒရူးက ဆက်လက်၍ “မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုက်အဝန်းက ငြီးငွေ့လာကာ စစ်အုပ်ချုပ်ရေးမှ အရပ်သားအသွင်ယူ ပြောင်းလဲမှုကို လက်ခံလာကြလိမ့်မည်ဟု စစ်အုပ်စု မျှော်လင့်နေကြောင်း၊ နိုင်ငံတကာအစိုးရများက ၎င်းတို့၏ မျှော်လင့်ချက်အတိုင်း ဖြစ်လာစေရန် ခွင့်ပြု၍မရ” ဟု ပြင်းပြင်းထန်ထန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်။
မြန်မာ့အရေး အာဆီယံ၏ ရပ်တည်ချက် အရေးကြီးသောအချိန်အခါ ရောက်ရှိ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို ကုလသမဂ္ဂ အသိုက်အဝန်းအကြား လက်ခံခြင်း မရှိသလို၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ကြီးအတွင်း မတူညီသော ရပ်တည်ချက်များရှိနေပြီး ဘုံသဘောထား ရပ်တည်ချက် ချမှတ်နိုင်ခြင်း မရှိခဲ့ပါ။ အချို့သော အာဆီယံနိုင်ငံများက အသစ်ပေါ်ထွက်လာမည့် အစိုးရနှင့် ဆက်ဆံရန် ဆန္ဒရှိနေကြသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ ကျင်းပပြီးစီးခဲ့သည်ဟု မှတ်သားထားသည်” ဟုသာ တိုတိုရှင်းရှင်း ဖော်ပြထားပြီး၊ အဆိုပါ အာဆီယံ၏ တုံ့ပြန်ချက်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုစဉ်က အာဏာရှင်ဟောင်း သန်းရွှေ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပေါ် တုံ့ပြန်မှုနှင့် များစွာကွာခြားကြောင်း လေ့လာတွေ့ရှိရသည်။
ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံသည် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြေညာချက်တစ်စောင် ချက်ချင်းထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကို အရေးကြီးသော တိုးတက်မှု ခြေလှမ်းတရပ်အဖြစ် ကြိုဆိုခဲ့ရုံမျှမက “လိုအပ်ပါက အာဆီယံပဋိညာဉ်နှင့်အညီ မြန်မာနိုင်ငံအား ထောက်ခံ သွားရန် အာဆီယံအသင်းကြီးအနေဖြင့် အသင့်ရှိပါသည်” ဟု အာဆီယံ၏ ရပ်တည်ချက်ကို ထုတ်ဖော်ခဲ့သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက်

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်သည့်အပြင် အာဆီယံပဋိညာဉ်စာတမ်း၏ အခြေခံမူများကို ချိုးဖောက်ခဲ့ခြင်းဖြစ်၍ လက်ခံနိုင်ဖွယ်မရှိ ဟု ယူဆထားကြသော နိုင်ငံများ ရှိသည်။ ထိုနိုင်ငံများထဲ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား ကဲ့သို့သော အာဆီယံကို စတင်ထူထောင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည်။
အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို ဖြေရှင်းရန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံ ခေါင်းဆောင်များက “တူညီဆန္ဒ ၅ ရပ်” ချမှတ်ခဲ့သော်လည်း၊ ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင် သဘောတူညီခဲ့ပြီးမှ အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့ခြင်းသည် အာဆီယံ အသင်းကြီးကို မထီမဲ့မြင်ပြုရာ ရောက်ခဲ့သည်။
ထို့ကြောင့် အာဆီယံပဋိညာဉ်၏ အခြေခံမူများကို ချိုးဖောက်ခဲ့သော၊ “တူညီဆန္ဒ ၅ ရပ်” အကောင်အထည် ဖော်ရန် ငြင်းဆန်လျက်ရှိသော မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲ အဆင့်အတန်းတွင် အသိအမှတ်မပြုဘဲ၊ အာဆီယံထိပ်သီး အစည်းအဝေးများကို တက်ရောက်ခွင့် ပိတ်ပင်ခြင်းဖြင့် အရေးယူခဲ့သည်။ ထို့အတူ အဖွဲ့ဝင် နိုင်ငံများအကြား နိုင်ငံရေးအရ ဆုံးဖြတ်ချက်များချမှတ်သည့် အရေးကြီးသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများတွင်လည်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။
မြန်မာနိုင်ငံက “တူညီဆန္ဒ ၅ ရပ်” ကို လက်ခံလိုက်နာ အကောင်အထည်ဖော်ခြင်းမရှိသရွေ့ ထိုအစည်းအဝေး များသို့ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားမည့် ဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်များက မပြောင်း လဲခဲ့ပါ။
ထို့အတူ မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲက အာဆီယံသဘောထားကို ပြောင်းလဲနိုင်ခြင်း ရှိမရှိ၊ ထိုရွေးကောက်ပွဲက ပေါ်ထွက်လာမည့် အစိုးရသစ်ကို အာဆီယံက ပြန်လည်အသိအမှတ်ပြု ဆက်ဆံ လာခြင်း ရှိမရှိ ဆိုသည့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက်ကို အဆုံးအဖြတ်ပေးမည့် အလွန် အရေးကြီးသော အချိန်အခါ ရောက်ရှိလာနေပြီ ဖြစ်သည်။ အကြောင်းမှာ အာဆီယံ၏ “တူညီဆန္ဒ ၅ ရပ်” ကို ကုလသမဂ္ဂနှင့် တစ်ကမ္ဘာလုံးက ထောက်ခံထားကြသောကြောင့် ဖြစ်သည်။
မြန်မာ့ပြဿနာ မြန်မာဦးဆောင် မဖြေရှင်းနိုင်
ဤနေရာတွင် ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအကြား မြန်မာပြဿနာအပေါ် ချဉ်းကပ်ပုံမှာ “မြန်မာပိုင်ဆိုင်ပြီး မြန်မာဦးဆောင်သော” (Myanmar-owned, Myanmar-led) ဖြေရှင်းနည်းသည် မှန်ကန်ပါ၏လော။ အဆိုပါ အသုံးအနှုန်းကို စတင်သုံးစွဲခဲ့သူမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ ဖြစ်သည်။ ယင်းနောက်ပိုင်း အာဆီယံအသင်း၏ ထုတ်ပြန်ချက်များတွင် အကြိမ်ကြိမ် သုံးစွဲလာသည်ကို တွေ့မြင်ရသည်။
ထိုအသုံးအနှုန်းက ညွှန်ပြနေသည့် လားရာမှာ မြန်မာ့ပြဿနာသည် ပြည်တွင်းရေးသာဖြစ်၍ အာဏာသိမ်း စစ်တပ်နှင့် နိုင်ငံရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းဖြင့်သာ အဖြေရှာရန်၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် တိုက်ရိုက်ဝင်ရောက်စွက်ဖက်မည် မဟုတ်ဘဲ၊ ဘေးမှ အားပေးကူညီသည့် အဆင့်တွင်သာနေမည်ဟု အဓိပ္ပာယ်ရသည်။ ထိုကဲ့သို့ ချဉ်းကပ်နည်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော လက်တွေ့ပကတိအခြေအနေနှင့် အလွန်အလှမ်းကွာဝေးလျက်ရှိပြီး၊ မြန်မာစစ်အာဏာရှင်များကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသရွေ့ မြန်မာ့ပြဿနာ မြန်မာဦးဆောင် မဖြေရှင်းနိုင်ပါ။
ထို့အပြင် မြန်မာ့အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် ရုရှားနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အမြစ်တွယ်စေရန်၊ ဒီမိုကရေစီအင်အားစုများ မျိုးသုဉ်းပျောက်ကွယ်စေရန် မြန်မာ့ပြည်တွင်းရေးကို ထဲထဲ ဝင်ဝင် စွက်ဖက်လျက်ရှိပြီး၊ စစ်ခေါင်းဆောင်များကို ကိုယ်ထိလက်ရောက် အကူအညီပေးလျက်ရှိသည်။ အမေရိကန်နှင့် အနောက်ကမ္ဘာက ဒဏ်ခတ်အရေးယူထားသော မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းချပံ့ပိုးပေးခြင်းနှင့် ကုလသမဂ္ဂတွင် အကာအကွယ်ပေးခြင်းတို့ကို ပူးပေါင်းကူညီလျက်ရှိသည်။
ထို့ကြောင့် လွန်ခဲ့သော ငါးနှစ်အတွင်း မြန်မာအရေး အဖြေရှာရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် သုံးဦး၊ အာဆီယံအထူးကိုယ်စားလှယ် ခြောက်ဦးနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ဦး အသီးသီး ခန့်အပ်ခဲ့သော်လည်း၊ အဆိုပါ အထူးကိုယ်စားလှယ်များအားလုံး မြန်မာ့အရေး အဖြေရှာနိုင်စွမ်းမရှိ ကြပါ။ အခြားတစ်ဖက်တွင် မြန်မာ့အရေးသည် ဒေသတွင်းနိုင်ငံများအထိ ရိုက်ခတ်နေပြီး၊ ဒေသတွင်းပြဿနာ အဆင့်ထိ ရောက်ရှိနေပြီ ဆိုသည့်အချက်ကို အာဆီယံအသင်းကြီးနှင့် ကုလသမဂ္ဂတို့ လက်မခံသေးသရွှေ့၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန် မဖြစ်နိုင်ပါ။
ထိုအခြေအနေတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူး သတိပေးသလို နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာ့အရေးအပေါ် ငြီးငွေ့လာပြီး၊ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်ခေါင်းဆောင်များ အရပ်ဝတ်ဖြင့် အသွင်ပြောင်းလဲ အုပ်ချုပ်မည့် အတုအယောင် ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို အခြားရွေးချယ်စရာ မရှိသဖြင့် မျက်စိမှိတ် လက်ခံလိုက်ကြမည့်အရေး အလွန်စိုးရိမ်စရာ ကောင်းလှပါသည်။
အတုအယောင်ရွေးကောက်ပွဲအလွန် ပေါ်ထွက်လာမည့် စစ်အုပ်စုကြီးစိုးသော အစိုးရကို နိုင်ငံတကာက လက်ခံရန် ဖြစ်နိုင်ခြေ ရှိမရှိ ဆိုသည်မှာ အာဆီယံ၏ “တူညီဆန္ဒ ၅ ရပ်” ရပ်တည်ချက် ပြောင်းလဲခြင်း ရှိမရှိ ဆိုသည့် အချက်အပေါ်မူတည် လျက်ရှိသည်။ အကြောင်းမှာ မြန်မာ့အရေး ဖြေရှင်းရန် ကမ္ဘာကြီးက အာဆီယံအပေါ် ပုံအပ်ထား၍ ဖြစ်သည်။



