နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူရေး ဖြစ်နိုင်ခြေများသထက်များလာကြောင်း နိုင်ငံတကာရှိ ဥပဒေရေးရာကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားသည်။
စစ်အာဏာသိမ်းမှု ငါးလကျော်အချိန်ထိ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စစ်ကောင်စီထံ စီးဝင်နေဆဲဖြစ်သဖြင့် ထိုဝင်ငွေများ စစ်ကောင်စီထံမရောက်ရှိစေရေး ပြည်ပနိုင်ငံအစိုးရများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် MOGE ကို အရေးယူပိတ်ပင်မှုများပြုလုပ်ရန် တောင်းဆိုမှုများလည်း ဆက်တိုက်မြင့်တက်နေသည်။
သဘာဝဓာတ်ငွေ့ဝင်ငွေအများစုမှာ နိုင်ငံပိုင်ဘဏ်များ၏ ပြည်ပရှိ ငွေစာရင်းသို့ စီးဝင်နေသည်။ နိုင်ငံတွင်းရှိ အခြားအဖွဲ့အစည်းများနည်းတူ ထိုနိုင်ငံပိုင်ဘဏ်များသည်လည်း စစ်ကောင်စီလက်တွင်း၌ ရှိနေသည်။
သဘာဝဓာတ်ငွေ့ဝင်ငွေများမှာ စစ်ဗိုလ်ချုပ်ကြီးများထိန်းချုပ်သည့် တွင်းနက်ကြီးသဖွယ်ဖြစ်နေပြီး ထိုဝင်ငွေများအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူလိုက်မည်ဆိုပါက စစ်ကောင်စီ၏ ဘဏ္ဍာရေးမှာ သိသိသာသာအထိနာမည်ဖြစ်သည်။ စစ်အာဏာမသိမ်းမီ ခန့်မှန်းထားချက်များအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ − ၂၀၂၁ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှနေ၍ ကျပ်ဘီလျံ ၂,၃၀၅ ရရှိမည်ဖြစ်ပြီး ဒေါ်လာ သန်း ၁၅၀၀ ခန့်ရှိ ပမာဏဖြစ်သည်။
ထိုပမာဏသည် ခန့်မှန်းနိုင်ငံ့ဝင်ငွေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ပြည်ပသွင်းကုန်များပေးချေရန် စစ်ကောင်စီအတွက် အလွန်အရေးကြီး နိုင်ငံခြားငွေရလမ်းတစ်ခုပင်ဖြစ်သည်။
နိုင်ငံတကာ၏ အရေးယူပိတ်ပင်မှုများ ထိထိရောက်ရောက် ဖြစ်စေရေးအတွက် မြန်မာနှင့် နိုင်ငံတကာ ရေနံကုမ္ပဏီများ၊ နိုင်ငံတကာဘဏ်များအကြား ဘဏ္ဍာရေးနှင့် ဥပဒေအရ ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ရောင်းချရာမှ ရရှိသည့် ဝင်ငွေများနှင့် ပတ်သက်၍ “နိုင်ငံခြားငွေက ပြည်ပမှာပဲ ထားတာပါ။ ဘယ်တုန်းကမှ မြန်မာနိုင်ငံထဲရောက်သွားတာ မဟုတ်ပါဘူး” ဟု မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားဆောင်ရွက်နေသော၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Earthrights International မှ ဘင်ဟ့ဒ်မန်က ပြောသည်။
“အတိတ်မှာတုန်းကတော့ သဘာဝဓာတ်ငွေ့က ရတဲ့ဝင်ငွေ ၉၉ ရာခိုင်နှုန်းကို နိုင်ငံတော်အသုံးစရိတ်ထဲ ရောက်မသွားစေဖို့ စစ်တပ်က ငွေလဲလှယ်နှုန်းခြယ်လှယ်တာတွေ၊ ငွေစာရင်းအရ အလွယ်တကူမသိနိုင်အောင်လုပ်တယ်။ လက်တွေ့မှာလည်း အဲဒီဝင်ငွေတွေကို ရုရှားကနေ စစ်လေယာဉ်တွေ ဝယ်ယူဖို့ သုံးတာပဲ” ဟု ၎င်းက ပြောသည်။
“ရွေးစရာမရှိ”
မြန်မာ့ကမ်းလွန်တွင် နိုင်ငံတကာကုမ္ပဏီများက ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနှင့် တရုတ်နိုင်ငံရှိ နိုင်ငံပိုင်ကုမ္ပဏီများတဆင့် ပြည်ပကို တင်ပို့ရောင်းချပြီး အချို့ကို ပြည်တွင်းသုံးအတွက် ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည်။
လက်ရှိတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအစိုးရများက စစ်အုပ်စုနှင့် စစ်တပ်လက်အောက်ခံကုမ္ပဏီများကို အရေးယူပိတ်ပင်မှုများပြုလုပ်ထားသော်လည်း မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေအများစုကို ချုပ်ကိုင်ထားသည့် နိုင်ငံပိုင် MOGE ကို အရေးယူခြင်း မရှိသေးပေ။
သို့သော် အဆိုပါအခြေအနေမှာ တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်ဟု ဩစတြေးလျနိုင်ငံသား ဥပဒေရေးရာကျွမ်းကျင်သူ ခရစ်ဆီဒိုတီက ဆိုသည်။
“နိုင်ငံတကာအစိုးရတွေက ဒဏ်ခတ်အရေးယူပိတ်ပင်မှုတွေကို တဖြည်းဖြည်းချင်း တင်းကျပ်နေတယ်။ MOGE လည်း မကြာခင် ဒီအခြေအနေ (အရေးယူခံရခြင်း) ရောက်လာမယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဥပဒေရေးရာကျွမ်းကျင်သူ ခရစ်ဆီဒိုတီသည် စစ်တပ်က ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည့် အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ကုလအချက်အလက်ရေးအဖွဲ့အနေဖြင့် မြန်မာ့သဘာဓာတ်ငွေ့လုပ်ငန်းအပေါ် အရေးယူရေး ထောက်ခံခြင်းမရှိခဲ့ကြောင်း၊ အကြောင်းမူ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် လူထုကို ဝန်ဆောင်မှုပေးရန် အရပ်သားအစိုးရအတွက် ပို၍ခက်ခဲစေမည်ဖြစ်သောကြောင့်ဟု ဆီဒိုတီက ဆိုသည်။
သို့သော် စစ်အာဏာသိမ်းမှုက အဆိုပါအခြေအနေကို ပြောင်းလဲစေခဲ့သည်ဟု ၎င်းက ပြောသည်။
“စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းအထောက်အပံ့တွေ၊ ငွေကြေးအထောက်အပံ့တွေ ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ သဘာဝဓာတ်ငွေ့ဝင်ငွေက စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို အားကောင်းနေစေတယ်ဆိုရင် တခြားရွေးချယ်စရာ မရှိတော့ဘူးလေ” ဟု ဆီဒိုတီက ပြောသည်။
အမေရိကန်ပြည်ထောင်စုက မည်သည့်အရေးယူပိတ်ပင်မှုမဆို ချမှတ်နိုင်ပြီး MOGE ကို အရေးယူဆောင်ရွက်ရန် အမေရိကန် ဥပဒေပြုလွှတ်တော်အမတ်အဖွဲ့နှစ်ခုက ဘိုင်ဒင်အစိုးရကို တောင်းဆိုထားပြီးဖြစ်သည်။
အမေရိကန်ရေနံကုမ္ပဏီကြီး Chevron ကမူ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ၎င်း၏ အကျိုးအမြတ်များသော ရင်းနှီးမြှုပ်နှံမှုများက ထိခိုက်နိုင်သောကြောင့် ဒဏ်ခတ်အရေးယူပိတ်ပင်မှုမပြုရန် အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရဌာနနှင့် အဓိကကျသော ဥပဒေပြုလွှတ်တော်အမတ်များကို စည်းရုံးသွေးဆောင်လျက်ရှိကြောင်း The New York Times သတင်းစာက ပြီးခဲ့သည့်မေလအတွင်း ရေးသားခဲ့သည်။
TotalEnergies ဟု အမည်ပြောင်းထားသော ပြင်သစ်ရေနံကုမ္ပဏီကြီးကမူ နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို လိုက်နာသွားမည်ဟု ထုတ်ဖော်ပြောကြားထားသော်လည်း နိုင်ငံတကာအစိုးရများအနေဖြင့် သတိထားလုပ်ဆောင်ရန်လည်း အသိပေးထားသည်။
ဒဏ်ခတ်အရေးယူမည်ဆိုပါက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို အဓိကဝယ်ယူနေသည့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို လုပ်ကိုင်နေသည့် တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီတို့ကိုလည်း အရေးယူရန် လိုအပ်သည်။
“အမေရိကန်အနေနဲ့ PTT နဲ့ တခြားတတိယအဖွဲ့အစည်းတွေကို ဘယ်လိုလက်ခံလာအောင် ဆောင်ရွက်နိုင်မလဲဆိုတာ ပုံဖော်ကြည့်သင့်တယ်” ဟု ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ လေ့လာရေးဌာနမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဂရက်ဂိုရီပေါလင်းက ပြောသည်။
“ဒါက အမေရိကန်အစိုးရက လုပ်ဆောင်ထားတာတွေထက် ပိုရှုပ်ထွေးပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ မြန်မာစစ်အုပ်စုကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးထားသည့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့နေသည့် သဘာဝဓာတ်ငွေ့အပေါ် ဒဏ်ခတ်အရေးယူပိတ်ပင်ခြင်းမျိုးကို သဘောတူမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံပိုင် PTT နှင့် ၎င်း၏ မိတ်ဖက်ကုမ္ပဏီများဖြစ်သော Chevron, Total တို့သည် စစ်အုပ်စုထံသို့ စီးဝင်နေသည့် ဝင်ငွေအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု ပေါလင်းက မှတ်ချက်ပြုသည်။ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့သည့် ပိုက်လိုင်းမှရရှိသည့် အကျိုးအမြတ်များနှင့် ပတ်သက်၍ အခြားရင်းနှီးမြှုပ်နှံသူများကို ခွဲဝေမပေးရန် ထိုကုမ္ပဏီသုံးခုက မေလအတွင်း သဘောတူညီခဲ့သည်ကိုလည်း ၎င်းက ထောက်ပြသည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသော်လည်း ထိုပိုက်လိုင်းစီမံကိန်းမှ ရရှိသော အကျိုးအမြတ်သည် စစ်အုပ်စုထံ စီးဝင်နေသည့် ဝင်ငွေ၏ မပြောပလောက်သော ပမာဏသာဖြစ်သည်ကို ထောက်ပြခဲ့ကြသည်။
ထိုပိုက်လိုင်းစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီတစ်ခုချင်းအနေဖြင့် MOGE ကို လအတန်ကြာ အကျိုးအမြတ်ခွဲဝေပေးခြင်း ရှိမရှိကိုမူ သေသေချာချာ မသိရပေ။
(ဤသတင်းကို Myanmar Now နှင့် ဗြိတိန်နိုင်ငံအခြေစိုက် Finance Uncovered အဖွဲ့ ပူးပေါင်းရေးသားသည်။)



