
လွန်ခဲ့သည့်ဆယ်နှစ်ကတည်းက ဒေါ်လှကြည်ထံတွင် ရှိခဲ့သည့် စိတ်ကူးယဉ်အိပ်မက်မှာ ယခုအခါ အမှန်တကယ် အကောင်အထည် ပေါ်လာပြီဖြစ်သည်။
တပ်မတော်နှင့် ကေအင်န်ယူအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဒေါ်လှကြည်တစ်ယောက် သားသမီးများကိုလက်ဆွဲ ပြေးလွှားရင်း ထိုင်းနိုင်ငံဘက်ရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင် ဆယ်စုနှစ်တစ်ခုကြာ ခိုလှုံခဲ့ရသည်။ နှစ်ပေါင်းများစွာ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရသည့် သူ့အဖို့ ကိုယ့်နိုင်ငံဘက် ပြန်ချင်စိတ်ကသာ ကြီးစိုးနေခဲ့သည်။
နှစ်နိုင်ငံ အစိုးရသဘောတူညီချက်ဖြင့် ဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်အရ ပထမဦးဆုံး ရှေ့ပြေး စီမံကိန်းအနေဖြင့် အောက်တိုဘာလတွင် ပြည်တော်ပြန်လာကြသော နို့ဖိုးစခန်းမှ ဒုက္ခသည် ၆၅ ဦးထဲတွင် အဘွားဒေါ်လှကြည်တိုု့မိသားစုုလည်း ပါဝင်သည်။
“ပြန်မယ့်ရက်ကျမှ နေမကောင်းဖြစ်နေလို့ နောက်တစ်သုတ်မှ အမိုးကိုပို့မယ်ဆိုတာကို ပြန်ချင်တယ်၊ အမိုးကိုပို့ပါဆိုလို့ သူတို့ကပို့တာ၊ အခု အမိုးစိတ်ချမ်းသာတယ်” ဟု နိုဝင်ဘာလကုန်ပိုင်းတွင် ဒေါ်လှကြည်က ပြောပြသည်။
ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကုလသမဂ္ဂအဖွဲ့တစ်ခုက ပြည်တော်ပြန် ဒုက္ခသည်တစ်ဦးချင်းစီကို သုံးလစာ အသုံးစရိတ်အဖြစ် ကျပ် သုံးသိန်းကျော်နှင့် ညီမျှသည့် ဘတ် ၈,၃ဝဝ ထောက်ပံ့သည်။ ထို့ပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ် သုံးသိန်းစီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကျပ်တစ်သိန်းစီ ထောက်ပံ့သည်။ ထိုငွေပမာဏသည် ၎င်းတို့၏ စားရေးသောက်ရေးကို လအနည်းငယ်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
ဒေါ်လှကြည်က ဝင်ငွေရှိသူ သားဖြစ်သူကို မှီခိုနိုင်သော်လည်း သူနှင့်အတူ ပြန်လာသူ အိမ်နီးချင်း ဒေါ်ရှုမဝ အတွက်ကတော့ ရပ်တည်ရေးအတွက် စိတ်ပူနေရသည်။
“ရေရှည် ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ဒေါ်ရှုမဝက တွေးတွေးဆဆ ဆိုသည်။
ထိုင်းနိုင်ငံတွင် ဒေါ်လှကြည်၊ ဒေါ်ရှုမဝတို့ကဲ့သို့ မြန်မာ ဒုက္ခသည်ဦးရေ တစ်သိန်းနှင့် သုံးထောင်ခန့် ရှိနေသည်။ လွန်ခဲ့သည့် ၆ နှစ်က စတင်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်နေပြီး ဒုက္ခသည်များ တတိယနိုင်ငံ တစ်ခုခုသို့ သွားရောက် အခြေချနိုင်သည့် အခွင့်အလမ်း နည်းပါးနေချိန်တွင် ရွေးချယ်စရာအဖြစ် ကျန်ရစ်သည်မှာ နေရပ်ရင်း ပြန်လည် အခြေချရေး ဖြစ်လာသည်။
သို့သော်လည်း ရှေ့ပြေး စီမံကိန်းရလဒ်ကို ကြည့်လျှင် ပမာဏ များပြားလှသော ဒုက္ခသည်များကို ကြိုဆိုနေရာချထားရေး၊ ဘဝ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်မှာ အစိုးရအတွက်ရော ကာယကံရှင်များ အတွက်ပါ ဆက်လက် လျှောက်လှမ်းရဦးမည့် ခရီးရှည်ကြီးတစ်ခု ဖြစ်နေကြောင်း တွေ့ရသည်။
ပြန်လည်နေရာချထားရေး
ဒေါ်လှကြည်သည် မြဝတီမြို့မှ သုံးမိုင်ခန့်အကွာတွင် တည်ရှိသော လေးကေ့ကော်မြို့သစ်တွင် နေရာတစ်ခု ရထားသည်။ ထိုမြို့သစ်ကို စစ်ရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရန်၊ ကေအင်န်ယူအဖွဲ့ဝင်မိသားစုများ အခြေချရန် တည်ထောင်ထားခြင်းဖြစ်သည်။
ဆန္ဒအလျောက် မြန်မာနိုင်ငံပြန်လိုသူများ၏ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေးတို့အတွက် အစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့က ကူညီထောက်ပံ့မည်ဟု ဆိုထားသည်။
ပထမအကြိမ်ပြန်လည်ဝင်ရောက်လာသူ ၆၅ ဦးသည် နို့ဖိုးဒုက္ခသည်စခန်းမှဖြစ်ပြီး အမျိုးသမီး ၃၅ ဦး၊ အမျိုးသား ၃ဝ ပါဝင်ကြောင်း၊ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်ပေးသည့် ကဏ္ဍများတွင် အမျိုးသမီးများကို နှစ်သိမ့်ဆွေးနွေး နားထောင်ပေးခြင်းနှင့် ကလေးပျော်အစီအစဉ်များ ပါဝင်ကြောင်း မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဇော်က ပြောသည်။
အမျိုးသမီးအများစုက အိမ်နေရာပြန်လည်တည်ဆောက်ရေး၊ စားဝတ်နေရေးတို့အတွက် အဓိက စိုးရိမ်ပူပန်သည်ဟု ဖွင့်ဟကြကြောင်း၊ ၎င်းတို့ ဝင်ငွေရရှိရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် သီးခြား အစီအစဉ်များ ဖြစ်ပေါ်မလာသေးကြောင်း ဦးမြင့်ဇော်က ဆိုသည်။
“တကယ်တော့ အကူအညီပေးရေးတို့၊ လူမှုရေးလုပ်ငန်းတွေ တော်တော်များများမှာ နောက်ဆက်တွဲ စောင့်ရှောက်မှု ဆိုတာ ရှိရတယ်။ သူ့အကန့်အသတ်နဲ့သူ၊ သူ့လုပ်ထုံးလုပ်နည်းလေးတွေ ရှိတယ်” ဟု ဦးမြင့်ဇော်က ရှင်းပြသည်။
မြဝတီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဝေက ဒုက္ခသည်တို့ နေရပ်ရင်းပြန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေး အပါအဝင် ပညာရေး၊ ကျန်းမာရေးတို့အတွက် ဌာနဆိုင်ရာအလိုက် လုပ်ဆောင်ပေးခဲ့ကြသည်ဟု ဆိုသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း နောက်ဆက်တွဲ စောင့်ကြည့်ရေးအတွက် မည်သည့်ဌာနက တာဝန်ယူမည်ဟူသော ညွှန်ကြားချက် မရရှိသေးကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
တစ်ချိန်တည်းမှာပင် တနင်္သာရီတိုင်းဒေသကြီးအနီးရှိ ထမ့်ဟင်း ဒုက္ခသည်စခန်းမှလည်း ဆန္ဒအလျောက် နေရပ်ပြန်ကြသူ ၆ ဦး ရှိသည်ဟု UNHCR ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ပြန်လည်ဝင်ရောက်လာသူ အားလုံးအတွက် နေရာထိုင်ခင်း အဆင်ပြေ ချောမွေ့နေသည်တော့ မဟုတ်ပါ။
အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရသူတို့မှာ ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ဒုက္ခသည် ၁၅ ဦး ဖြစ်သည်။ အိမ်ထောင်စုအနေဖြင့် လေးစု ပါဝင်သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဂိုဒေါင်တစ်ခုအတွင်း တန်းစီထားသည့် သစ်သားခုတင်ငယ်လေးများတွင် သူတို့ နေထိုင်လျက်ရှိပြီး အိမ်နေရာမချထားနိုင်သေးမီ ဌာနက တစ်ဦးကို ကျပ်သုံးထောင် နေ့စဉ်ထောက်ပံ့ပေးထားသည်။ ဂိုဒေါင်ထဲတွင် တစ်လကျော် ကြာပြီဖြစ်သော ဒေါ်ခင်စန်းရီက အနာဂတ်အတွက် စိုးရိမ်ပူပန်နေရသည်။ အရစ်ကျငွေသွင်းပြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် အစိုးရက စီစဉ်ပေးသော်လည်း ကနဦး ပေးသွင်းရမည့် သိန်းသုံးဆယ်ကို သူတို့မိသားစု မည်သို့မျှ လက်လှမ်းမမီနိုင်ခြေ။
“ဘာမှ သေချာစီစဉ်ထားတာ မရှိသေးဘူး။ ကိုယ့်နိုင်ငံခေါ်ပြီး တန်ဖိုးနည်းတိုက်ခန်း ရောင်းနေသလိုပဲ။ ကိုယ့်ဆီ ပြန်လာတော့မှ ဂိုဒေါင်ထဲနေရတော့တယ်” ဟု ဒေါ်ခင်စန်းရီက စိတ်ပျက်လက်ပျက် ဆိုသည်။
သုံးလေးကြိမ်လာရောက် တွေ့ဆုံသွားသော ရန်ကုန်ရှိ UNHCR ရုံး ကိုယ်စားလှယ်များက တစ်စုံတစ်ရာ စီစဉ်ပေးလေမည်လားဟုလည်း သူတို့က မျှော်လင့်နေကြသည်။
ရန်ကုန်တွင်သောင်တင်နေသူများအနက် ကိုအေးလွင်၏ အိမ်ထောင်စုတွင် ကလေး ၄ ယောက် အပါအဝင် မိသားစု ၆ ဦး ရှိသည်။ ကိုအေးလွင်သည် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံရမည်ကို စိုးရိမ်သည့်အတွက် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသူဖြစ်သည်။
ကိုအေးလွင်၏ အကြီးဆုံးကလေးက မြဝတီမြို့ရှိ အဘိုးအဘွားတို့အိမ်တွင် ရှိနေပြီး အထက်တန်းကျောင်းတက်ရောက်နေရသည်။ ရန်ကုန်ရှိ ဂိုဒေါင်ထဲတွင် ရောက်နေသော သူ၏ မောင်လေး၊ ညီမလေးတို့ကတော့ ကျောင်းဆက်မတက်နိုင်သေးပေ။
“ကလေးတွေ ပညာရေးကိုမျှော်မှန်းပြီး ကိုယ့်နိုင်ငံကိုပြန်လာတာ။ ခုတော့ အငယ်လေးတွေက ကျောင်းတစ်နှစ်နားရမယ့် အခြေအနေဖြစ်နေပြီ” ဟု ကိုအေးလွင်က မျှော်လင့်ချက်မဲ့စွာဖြင့် ဆိုသည်။
ပြန်လည်ထူထောင်ရေး
ထိုင်းနိုင်ငံရောက် ဒုက္ခသည် အများအပြားသည် မိမိနိုင်ငံပြန်လာလိုကြသည်။ ပထမအသုတ်၏ အခြေအနေ၊ အတွေ့အကြုံအကြောင်း ကြားသိရသူများထဲမှ တချို့က နေရပ်ပြန်ရန် ချီတုံချတုံဖြစ်နေကြသည်။
ဆန္ဒအလျောက် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှု မရှိကြောင်း ကရင် ဒုက္ခသည်များဆိုင်ရာ ကော်မတီက ဆိုသည်။ ထိုအဖွဲ့သည် ဒုက္ခသည်တို့ကို နှစ်ပေါင်း ၃ဝ ကျော်ကြာ ကူညီခဲ့သည့် အတွေ့အကြုံရှိသော အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
လက်ရှိအခြေအနေတွင် ဒုက္ခသည်များ နေရပ်ပြန်လည် အခြေချရေးအစီအစဉ်တို့မှာ အဆင်သင့်မဖြစ်သေးကြောင်း ကော်မတီဝင် နော်ဘလူးမင်းနိုက်ဇန်က ဆိုသည်။
“မိမိဆန္ဒအလျောက်ပြန်တယ် ဆိုပေမယ့် သတင်းအချက်အလက်တွေကို သေချာမသိရသေးဘဲနဲ့ ထောက်ပံ့ငွေလေးရကြပြီး ပြန်တယ်ဆိုတာနဲ့ မလုံလောက်ဘူး။ ဘယ်အပိုင်းတွေကို ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းအချက်အလက်တွေရရှိမှ ပြန်ဖို့သင့်တယ်” ဟု သူက ဆိုသည်။
ပြည်တော်ပြန်တို့အတွက် အရေးကြီးသည့် အချက်တစ်ခုမှာ ပြန်လည်ထူထောင်ရေးဖြစ်သည်။ ၎င်းတို့အတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိရေးအတွက် ကူညီမည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဆိုသည်။ ဒုက္ခသည်တို့ကမူ အလုပ်အကိုင် ရရှိရေးအတွက် အစိုးရဘက်က ကမ်းလှမ်းမှု မရှိသေးကြောင်း ပြောပြကြသည်။
ထောက်ပံ့ငွေကလည်း စားသောက်ကုန် နှင့် လိုအပ်သည့်ပစ္စည်းပစ္စယများ ဝယ်ယူပြီးနောက် လျော့ပါးလာသည်။
ထောက်ပံ့ငွေ ကုန်သည့်အခါ စားဝတ်နေရေးအတွက် မြက်ရိတ်ပြီး ဝင်ငွေရှာဖို့ စဉ်းစားထားသည်ဟု နယ်စပ်ဒုက္ခသည်စခန်းတွင် နှစ်ပေါင်းများစွာ ခိုလှုံခဲ့သူ ဒေါ်ရှုမဝက အားမလျှော့တမ်း ဆိုသည်။ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးမည်ဆိုပါက သူ့တွင် ဆန္ဒတစ်ခုရှိသည်။
“တစ်ပိုင်တစ်နိုင် မွေးမြူရေးလေး လုပ်ချင်တယ်။ နေပူထဲလည်း မထွက်ရဘူး၊ စားဖို့သောက်ဖို့တော့ ဖြစ်တယ်လေ” ဟု ဒေါ်ရှုမဝက မျှော်လင့်တကြီး ပြောလိုက်သည်။ ။