ထီမထိုးခြင်း၊ အခွန်အခများမပေးဆောင်ခြင်းတို့ကြောင့် အခွန်ရငွေထိခိုက်လာချိန်တွင် ငွေဖြူမပြနိုင်ပါက ပေးဆောင်သော ဝင်ငွေခွန်ကို ထက်ဝက်လျှော့သည့်နည်းဖြင့် မက်လုံးပေးကာ အခွန်ရငွေတိုးလာရန် အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းလာသည်။
အိမ်ခြံမြေ၊ ကားနှင့် အစုရှယ်ယာများဝယ်ယူတည်ထောင်ခြင်းအတွက် ဝင်ငွေရလမ်းမပြသနိုင်ပါက စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်ခေါင်းစဉ်ဖြင့် ငွေပမာဏအလိုက် ရာခိုင်နှုန်းတစ်ခု သတ်မှတ်ကာ အခွန်ကောက်ခံနေခြင်းဖြစ်ပြီး အချို့သောနှုန်းများကို စစ်ကောင်စီက ထက်ဝက်လျှော့ချသည်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ၂၀၂၀ ဩဂုတ်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၏ ပုဒ်မ ၂၅ ပါအခွန်နှုန်းထားများကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ကျပ်သိန်း ၁,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀,၀၀၀ အထက် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ဟု ဇွန် ၁၇ တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။
ကျပ်သိန်း ၁,၀၀၀ နှင့် ကျပ်သိန်း ၁,၀၀၀ မှ ၃၀၀၀ အထိကောက်ခံသည့် အခွန်နှုန်းထားသည် မူလနှုန်းထားထက် ထက်ဝက်လျှော့ချထားခြင်းဖြစ်ပြီး ကျန်ဝင်ငွေအလွှာများအပေါ်တွင် ကောက်ခံသည့်ပမာဏမှာ မပြောင်းလဲပေ။
အခွန်လျှော့ချမှုအကျိုးသက်ရောက်မည့်ကာလမှာ ဇူလိုင် ၁ မှ စက်တင်ဘာ ၃၀ အထိဖြစ်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်လာရန်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြသည်။
အခွန်နှုန်းလျှော့ချလိုက်ခြင်းမှာ ကျဆင်းနေသည့် အခွန်ရငွေကို ပြန်လည်တိုးတက်လာရန်အပြင် စစ်ကောင်စီနှင့် ဆက်နွှယ်သူများလက်ဝယ်ရှိ ပမာဏများပြားလှသော ငွေမဲ(တရားမဝင်ငွေကြေး) အခွန်နှုန်းထားအနည်းငယ်ဖြင့် ငွေဖြူဖော်ရန် (တရားဝင်ငွေအဖြစ်ပြောင်းရန်) ဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“အာဏာပိုင်တွေနဲ့ အလျဉ်းသင့်တဲ့ ပုဂ္ဂိုလ်တော်တော်များများက ငွေတွေအများကြီးရှိတယ်။ အခွန်လည်းမဆောင်ဘူး။ ငွေမဲတွေအနေနဲ့ရှိနေတယ်။ အဲဒါတွေနဲ့ လည်ပတ်နေတာတွေရှိတယ်ဆိုတော့ အဲဒီအထဲကနေ အခွန်ဆောင်လာလို့ရှိရင် အစိုးရအတွက်လည်း ရငွေရနိုင်တယ်။ ငွေမဲတွေကို တရားဝင်ငွေဖြူဖြစ်အောင်လုပ်တဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက ဆိုသည်။
စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်ပုဒ်မ ၂၅ သည် ကမ္ဘာ့နိုင်ငံများတွင် မြန်မာတစ်ခုတည်းတွင်သာရှိပြီး ငွေကြေးခဝါချမှုကို အားပေးသည့်ပြင် ငွေမဲမှ ငွေဖြူဖော်သည့်ပုဒ်မဟုပင်ဆိုနိုင်ကြောင်း အခွန်ကျွမ်းကျင်သူတို့က ကောက်ချက်ချသည်။
ငွေကြေးခဝါချမှုဆိုင်ရာစည်းမျဉ်းများကို မလိုက်နာသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ ခုကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းတွင် ထည့်သွားရန် ဥရောပသမဂ္ဂ(EU) က စီစဉ်နေကြောင်း ၂၀၂၀ မေလအတွင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်ပြီး ယင်းအဖွဲ့အစည်း၏ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial action Task Force- FATA) ၏ စံနှုန်းများအရ မြန်မာသည် Grey List ထဲတွင် ပါဝင်သည်။
ပုံမှန်အခွန်ဆောင်သူများအနေဖြင့် ဝင်ငွေသိန်း ၃၀၀ နှင့်အထက်ဖြစ်ပါက ၂၅ ရာခိုင်နှုန်းဆောင်နေရချိန်တွင် အစဉ်တစိုက်အခွန်ရှောင်သူများအနေဖြင့် အခွန်ရာခိုင်နှုန်းအနည်းငယ်ဆောင်ကာ ငွေဖြူဖော်နိုင်ခြင်းကြောင့် မျှတမှုမရှိကြောင်းလည်း အထက်ပါအမည်မဖော်လိုသည့် စီးပွားရေးပညာရှင်က ဆိုသည်။
ထို့ကြောင့် ဝင်ငွေခွန်နှုန်းထားကို ၃၀ ရာခိုင်နှုန်းကောက်ရန် ၂၀၂၀ ဩဂုတ်က စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာ ၃၀ ရာခိုင်နှုန်းမှာ မြင့်မားလွန်းသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှမ်းမိုးသည့်လွှတ်တော်က ရာခိုင်နှုန်းအလိုက်ကောက်ခံရန် လျှော့ချပေးခဲ့သည်။
ထိုစဉ်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် နှစ်စဉ်ဘတ်ဂျက်လိုငွေပြနေသဖြင့် အခွန်လျှော့ချခြင်းကို သဘောမတူဘဲ ၃၀ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြောဆိုခဲ့သည်။
“အခွန်စနစ်ပြင်ပတွင်ရှိနေတဲ့လုပ်ငန်းများ လွတ်မြဲလွတ်မနေအောင် ဥပဒေနဲ့အညီ စီမံကြပ်မတ်နိုင်ရေး ဆောင်ရွက်သင့်ပါတယ်။ အခွန်နှုန်းထားလျှော့ချပေးခြင်းကြောင့် ငွေကြေးခဝါချမှုကို အားပေးသလိုဖြစ်သွားနိုင်တာကိုလည်း သတိပြုထည့်သွင်းစဉ်းစားသင့်ပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မျိုးက ပြောဆိုခဲ့သည်။
ယခုအခါ အခွန်မဆောင်ရန်သပိတ်မှောက်မှုများကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် လျှော့ထားသည့် အခွန်နှုန်းထားကို ထပ်မံလျှော့ကာ အိမ်ခြံမြေ၊ ကားတို့ ပိုမိုဝယ်ယူလာနိုင်ခြင်းမှ အခွန်ငွေတိုးရရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးကလည်း သုံးသပ်သည်။
“မက်လုံးပေးတဲ့သဘောပဲ။ ဒါပေမယ့် ရှင်းရှင်းပြောရရင် ဆောင်ကိုမဆောင်ချင်လို့ မဆောင်တာ။ တစ်ခုပဲရှိတယ်။ အဲ့ဒီငွေတွေနဲ့ အခြေပစ္စည်းဝယ်ရင်တော့ ဆောင်ချင်ဆောင်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
အခွန်ရှောင်ချင်သူများအနေဖြင့် အခြေပစ္စည်းမဟုတ်ဘဲ ရွှေတုံးရွေခဲများဝယ်ယူပါက စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန် မပေးဆောင်သည့်နည်းဖြင့် အခွန်ရှောင်ခြင်းမှာ ငွေကြေးခြမ်းသာသူများအကြားတွင် ရှိနှင့်ပြီးဖြစ်သည်။
မူလကတည်းက အခွန်ရှောင်သူများရှိသည့်ပြင် ယခုအခါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် အခွန်ရလမ်းကို လူထုက ရှောင်ရှားလျက်ရှိသဖြင့် စစ်ကောင်စီက ထိုသို့ ခြေလှမ်းလာခြင်းဖြစ်သည်။
ပြည်သူတို့က ထီမထိုးဘဲ သပိတ်မှောက်နေကြသောကြောင့် အောင်ဘာလေထီရောင်းချရမှု ကျဆင်းသွားပြီး တစ်လတစ်ကြိမ်ပင် ပုံမှန်ထီမဖွင့်နိုင်သည့်ပြင် ယင်းမှရသည့် အခွန်ရငွေလည်း အကြီးအကျယ်ကျဆင်းနေသည်။
ထီလက်မှတ်ရောင်းရငွေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ဆုငွေချီးမြှင့်သည့် အောင်ဘာလေထီကို ယခင်က အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်ခဲ့သော်လည်း အမြင့်ဆုံးဆုကို ကျပ်သိန်း ၅,၀၀၀ သာ ပေးနိုင်တော့သည်။
စစ်အုပ်စု၏ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုသည် ပြည်သူ့အခွန်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများဖြစ်ပြီး စစ်အုပ်စုသက်ဆိုးမရှည်စေရေးအတွက် ၎င်းဝင်ငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြိုးပမ်းနေသည်။
လက်ရှိတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများထံမှ အခွန်ငွေများ စစ်အုပ်စုထံ မစီးဆင်းစေရေးအတွက် ပြည်တွင်း၊ ပြည်ပက ဖိအားပေးတောင်းဆိုမှုများကြောင့် ရေနံကုမ္ပဏီကြီးအချို့က အမြတ်ငွေခွဲဝပေးခြင်းကို ရပ်ဆိုင်းထားသည်။