သတင်း

လှိုင်သာယာတွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး ယနေ့ (ဇွန် ၁၈) တွင် သေနတ်ဖြင့်  ၃ ချက်ပစ်ခတ်ခံရသော်လည်း သေဆုံးဒဏ်ရာရခြင်း မရှိကြောင်း မျက်မြင်တစ်ဦးက ပြောသည်။ 

ယနေ့ နံနက် ၇ နာရီခန့် ၁၉ ရပ်ကွက် ၊ ဦးချစ်မောင်လမ်းအတွင်း လမ်းလျှောက်ထွက်လာသော အသက် ၅၂ နှစ်အရွယ် ရာအိမ်မှူး ဦးမောင်ထွန်း (ခေါ်) အညာသားကို လူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လူနှစ်ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့ သူ့ (ရာအိမ်မှူး) ကို ပစ်တာပဲ။ သူက လျင်တယ်၊ ရှောင်ပြီး ပြေးလိုက်တော့ မထိလိုက်ဘူး။ ကြားတာကတော့ ၃ ချက်ကြားလိုက်တယ်။ ထိခိုက်ဒဏ်ရာတော့ မရလောက်ဘူး”ဟု ၎င်းမျက်မြင်က ပြောသည်။ 

ရာအိမ်မှူးမောင်ထွန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်ကာ အကြီးစားဒလန်(စစ်တပ်သတင်းပေး)၊ လာဘ်စားသူအဖြစ် ရပ်ရွာက စွပ်စွဲထားသူဖြစ်သည်။

“သူက ရပ်ကွက်ဥက္ကဋ္ဌကိုပါ ကျော်ပြီးတော့ ရဲတို့ စစ်သားတို့နဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တာတွေရှိတယ်။ ရပ်ကွက်ထဲ ဆန်တို့၊ ဆီတို့ ဝေတာတွေဘာတွေရှိရင်လည်း သူက ဖြတ်စားတယ်၊ လျှပ်စားတဲ့ပုံစံမျိုးရှိတယ်။ ရပ်ကွက်ထဲမှာ သူက အကြီးစားဒလန်လို့ပဲ သိထားကြတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

“ရပ်ကွက်ထဲမှာ သူက ထစ်ခနဲဆို ရဲနဲ့ စစ်တပ်ကို ဖုန်းလှမ်းခေါ်တယ်။ ခေါ်ပြီးဖမ်းခိုင်းတယ်။ ရပ်ကွက်ထဲက ကလေးတွေအကြောင်း စုံစမ်းတယ်။ သူ မကြည်ရင်လည်း မကြည်တဲ့လူကို ရဲနဲ့ စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတယ်”  

 စစ်တပ်နှင့် ရဲက လမ်းဆုံလမ်းခွများတွင် ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးရှာဖွေခဲ့ပြီး ပင်လုံစျေးအနီးတွင် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။ 

အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီကို အထောက်အကူပြုနေသည်ဟု ယူဆရသူအများအပြား ပစ်မှတ်ထားလုပ်ကြံခံနေရသည်။

 ဇွန် ၁၆ တွင် အသက် ၅၀ ခန့်အရွယ် ဦးလှဦးမှာ လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းမကြီး ပင်လုံစျေးအနီး ယုဝတီပရိဘောဂဆိုင်ရှေ့တွင် ပစ်သတ်ခံရသည်။ ဇွန် ၁ တွင်လည်း လှိုင်သာယာမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်   ဦးစိုင်းလင်းဇော် ပစ်သတ်ခံရသည်။ 

စစ်ကောင်စီက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်း ၆ မြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့တို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ အပြင်းအထန်ဖိနှိပ်နေသည်။ 

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများအတွက် အာဏာသိမ်းစစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငါးသိန်းစီသတ်မှတ်ကာ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ဇွန် ၁၂ ထုတ်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ရန်ကုန်တိုင်းအတွင်း လက်ရှိတွင် ၇ ဦးအတွက်  ထောက်ပံ့ထားပြီးဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button