အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲ တတိယပိုင်းကာလတွင်  မန္တလေးတိုင်း ၈ မြို့နယ်အတွင်း စစ်ကြောင်းထိုးနေ

စစ်တပ်က မဲပုံးထောင်မည့် မန္တလေးတိုင်းမြို့နယ်တချို့တွင် အင်အား အများအပြားသုံးပြီး စစ်ကြောင်းထိုးနေသည်၊ စစ်ရှောင်သူများပြားသည့် ထိုမြို့များတွင် မြို့ပေါ်ရပ်ကွက်များတွင်သာ မဲရုံဖွင့်နိုင်ဖွယ်ရှိသည်။

စစ်တပ်က  မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သော  မြို့နယ် ရှစ်ခုတွင် မြို့ပေါ်ရပ်ကွက်များ၌ လုံခြုံရေးတိုးမြှင့်ထားပြီး ကျေးရွာများကို လက်နက်ကိုင်အင်အားထောင်ချီသုံး၍ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင်  ရွေးကောက်ပွဲနောက်ဆုံးအပိုင်းကျင်းပမည့်  မြို့နယ်ပေါင်း ၆၃ မြို့နယ် ရှိရာ  ထိုအထဲတွင်  ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ မလှိုင်၊ မြစ်သား၊ မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်ကြောင်းရှိနေခြင်း ဖြစ်သည်။

ချမ်းမြသာစည်နှင့် မြစ်သားမြို့နယ်နှစ်ခုမှလွဲ၍ ကျန်ခြောက်မြို့နယ်တွင် လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသဖြင့်  တိုက်ပွဲ မကြာခဏ ဖြစ်တတ်သည်။ စစ်တပ်မြို့ မိတ္ထီလာနှင့် ကပ်လျက်ရှိသည့် မလှိုင်မြို့နယ်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။ 

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း  မြင်းခြံခရိုင်တွင် စစ်တပ်က အင်အား အဆမတန် သုံးစွဲထားသည်ဟု   ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောသည်။

“အဆမတန် သူတို့က အင်အားသုံးထားပါတယ်။ မလှိုင်နယ်ဘက်မှာဆိုရင် ရောက်နေတာက အင်အားမရှိဘူးဆိုရင် အင်အား ၆၀၀ လောက်တော့ရှိပါတယ်ဗျ” ဟု ၎င်းက Myanmar Now ကို  ပြောသည်။ 

“တောင်သာ(မြို့) ပတ်ချာလည်မှာလည်း သူတို့ အင်အားဖြန့်ထားတာက ၂၀၀ ဝန်းကျင် ၃၀၀။ အဲ့ဒီလို ပတ်ဖြန့်ထားတာရှိပါတယ်။ တောင်သာမှာ စစ်တပ်မရှိပေမယ့်  တော်တော်ကိုအလုံးအရင်းနဲ့ချထားပြီး ရွေးကောက်ပွဲကို ရအောင်လုပ်မယ့် သဘောပါ” 

သို့ရာတွင် မြို့ပေါ်ရပ်ကွက်များတွင်သာ မဲရုံဖွင့်နိုင်မည်၊  ကျေးရွာများတွင် စစ်ကြောင်းဝင်ပြီး အိမ်ထောင်စုဇယားနှင့် မဲစာရင်းစစ်ဆေးမှုရှိသော်လည်း မဲရုံများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်နိုင်ဖွယ်မရှိဟု ၎င်းက ဆိုသည်။ 

“လူထုကတော့ ဘယ်ကြည်ဖြူလိမ့်မတုန်း။ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင်တော့ ပြည်သူလူထုက လက်ခံနိုင်မှာလေ။ တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။ 

မြင်းခြံတွင်လည်း စစ်တပ်က အင်အားအများအပြားသုံးနေသည်ဟု သိရသည်။ 

ယခုလလယ်ပိုင်းမှစ၍ မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ပတ္တာကျေးရွာကို စစ်ကြောင်းထိုးရာတွင်လည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ 

“အင်အားကတော့ အကုန်လုံးပေါင်းမယ်ဆိုရင် ထောင်ဂဏန်းနားကပ်မယ်လို့ ယူဆလို့ရတယ်။ စစ်ကြောင်းက လောလောဆယ်တော့ မြင်းခြံဘက်မှာက ကျွန်တော်တို့သိရသလောက် သုံးကြောင်း လောက်ရှိတယ်။ မြင်းခြံရဲ့အရှေ့ဘက်မှာ တစ်ကြောင်းနဲ့အနောက်ဘက်မှာ နှစ်ကြောင်းလောက်ရှိတယ်” ဟု ၎င်းက  ဆိုသည်။ 

ထိုစစ်ကြောင်းများနှင့် တော်လှန်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

မြင်းခြံခရိုင်အတွင်းပါဝင်ပြီး မန္တလေးမြို့မှ မိုင် ၄၀ အကွာရှိ ငါန်းဇွန်မြို့နယ်တွင်  စစ်တပ်စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။

ငါန်းဇွန်မြို့နယ်မှ သံကုန်း၊ ဆပ်ပြာကျင်း၊ သပြေကန်၊ ခလမ်းရိုး၊ ကုန်းလယ်၊ ငါန်းမြာကြီး၊ မိုးတောင် စသည့်ရွာများမှ ဒေသခံတို့ စစ်ဘေးရှောင်နေရပြီး   ယနေ့တိုင် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများကဆိုသည်။

“ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာတွေ၊ မဲစာရင်းကောက်တာမျိုးတွေ ဘယ်ရွာမှာမှ မရှိဘူး။ ငါန်းဇွန်မြို့ပေါ်မှာပဲရှိတယ်”ဟု ငါန်းဇွန်မြို့ သံကုန်းကျေးရွာမှ ရှောင်တိမ်းထားရသည့် ဒေသခံ အမျိုးသားက ပြောသည်။

 ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက  ငါန်းဇွန်မြို့နယ် ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြုလုပ်သည့်  ဟောပြောပွဲအတွက်  စစ်တပ်က မြို့တွင်း၊ မြို့ပြင် အင်အား ၂၀၀ ဖြင့် လုံခြုံရေးပေးထားသည်ဟု ဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပမည့် ယခုရက်ပိုင်း၌ ငါန်းဇွန်မြို့နယ်အတွင်း ကင်းလှည့်ခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းတို့ ပြုလုပ်နေသည်ဆိုသည်။

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါ် ပြည်သူ့စစ်အဖွဲ့သို့ ဝင်ရောက်သူ များပြားသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“ငါန်းဇွန်မှာတော့ ရွေးကောက်ပွဲအတွက် ဖိအားပေးတာမျိုး မကြားရဘူး။ မြို့ပေါ်က ဝန်ထမ်းများတော့ စီးပွားရေးချို့တဲ့တယ်။ စီးပွားရေးအဆင်မပြေကြတော့ မြို့နေလူထုတော်တော်များများက ပျူထဲကို ဝင်ကြတာတွေများတယ်။ ရွေးကောက်ပွဲကို မကြိုက်သူတွေလည်းရှိပေမယ့် ငြိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

မြို့ပေါ်ရပ်ကွက်များတွင်သာ မဲပုံးထောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မန္တလေးမြောက်ဘက် သပိတ်ကျင်းမြို့နယ်တွင်လည်း ဒေသခံ အများအပြား စစ်ဘေးရှောင်နေရဆဲဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“သပိတ်ကျင်းဆိုလည်း ဒေသခံသိန်းနှင့်ချီ၊ သောင်းနှင့်ချီ ရှောင်တိမ်းနေကြတာလေ။ မြို့ပေါ်လောက်ပဲ လူရှိမှာ။ အနီးအနားရွာတွေ တလောကစစ်ကြောင်းတွေထိုးတော့ အကုန်ပြေးနေကြရတာ။ ပြန်မဝင်နိုင်ကြသေးဘူး”ဟု သပိတ်ကျင်းဒေသခံ အမျိုးသမီးက ပြောသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့တို့အပါအဝင် မန္တလေး- မိုးကုတ်လမ်းမကြီးတစ်လျှောက် မြို့များ၊ကျေးရွာများကို ပြီးခဲ့သည့်နှစ် ဇွန်လတွင် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ်လတွင် သပိတ်ကျင်းမြို့၊ ဒီဇင်ဘာလတွင် မတ္တရာနှင့်စဉ့်ကူးမြို့တို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

မန္တလေး-မိုးကုတ်လမ်းတစ်လျှောက် မြို့များကျေးရွာများအပါအဝင် သပိတ်ကျင်းမြို့နယ် ရွာအများစုသည် စစ်တပ်၏ပြင်းထန်သော ထိုးစစ်များကြောင့် ဒေသခံများ ရှောင်တိမ်းခဲ့ရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

နယ်မြေမတည်ငြိမ်သော်လည်း စစ်တပ်က ရွေးကောက်ပွဲ လုပ်နိုင်သည့်မြို့ဖြစ်ကြောင်း နာမည်ကောင်း ရလိုသဖြင့် မဖြစ်မနေ မဲပုံးထောင်ခြင်း ဖြစ်နိုင်သည်ဟု သူက ယူဆသည်။

“လမ်းပန်းအခြေအနေတွေကြောင့်ရော၊ သူတို့ပြန်ထိန်းချုပ်တော့ မနေရဲကြတာလည်းပါမယ်။ သူတို့ကလည်း ရှိတဲ့လူနဲ့ရှိသလို လုပ်မယ်ထင်တယ်” ဟု အထက်ပါဒေသခံအမျိုးသမီးကပြောသည်။

ပုသိမ်ကြီးမြို့နယ် မြောက်ပိုင်းတွင်လည်း ဒေသခံအများအပြား စစ်ဘေးရှောင်နေရကြရသည်။

ပုသိမ်ကြီးမြို့နယ် ကျေးရွာများကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက မဲစာရင်းများထုတ်ပေးပြီး၊ ဧည့်စာရင်းစစ်ခဲ့သည်။ ယခုရက်ပိုင်း ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်ဟု အမည်မဖော်လိုသည့် ပုသိမ်ကြီးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

“လုံခြုံရေးကတော့ တစ်မြို့နယ်လုံး မြို့ပတ်လမ်း၊ လမ်းကြိုလမ်းကြားကအစ ကင်းပတ်တာ၊ ကင်းပုန်းချထားတာတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

တပ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့နယ်နှင့်ထိစပ်သည့် မြို့နယ်တောင်ပိုင်းကျေးရွာများတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများထံက သိရသည်။ 

ပုသိမ်ကြီးမြို့နယ်သည် ပျူစောထီးအားကောင်းသော ကျေးရွာအချို့ရှိပြီး အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း သွားရောက်ပြီး မဲပေးရန်ခြိမ်းခြောက်ပြောဆိုကြောင်း ၎င်းကဆိုသည်။ 

“သေနတ်မိုးပြီး မဲထည့်ခိုင်းတဲ့ပုံစံမျိုးပေါ့။ တော်တော်များများကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားကြပါဘူး။ တချို့လည်း ကြိုပြီး ခရီးထွက်တာတွေရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

Related Articles

Back to top button