ရုရှားခရီးသွားဝင်ရောက်မှု တိုးတက်လာရန် ရုရှားနိုင်ငံသားများကို စစ်ကော်မရှင်က ဗီဇာကင်းလွတ်ခွင့် ပေးထားပြီး နှစ်နိုင်ငံတိုက်ရိုက်လေကြောင်း လိုင်းပျံသန်းနေသော်လည်း နှစ်စဉ် မြန်မာနိုင်ငံသို့ ရုရှားခရီးသွား ထောင်ဂဏန်းသာဝင်ရောက်ပြီး ပြည်ပခရီးသည်ဝင်ရောက်မှု ပမာဏစုစုပေါင်း၏ တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကြဉ်ခံထားရသော စစ်ကော်မရှင်သည် အဓိကမဟာမိတ် ရုရှားနှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလာခဲ့ပြီး ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု များပြားလာရန် ဗီဇာကင်းလွတ်ခွင့်ပေးကာ ဆွဲဆောင်နေခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ ရုရှားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃၀ လည်ပတ်ခွင့် စတင်ခွင့်ပြုခဲ့သည်။ ရုရှားနိုင်ငံ၏ တတိမြောက်အကြီးဆုံးမြို့ဖြစ်သည့် ဆိုက်ဘေးရီးယားပြည်နယ်၏ မြို့တော် နိုဗိုဆီဘရစ်နှင့် ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ခရီးစဉ်ကိုလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည်။
ထိုအစီအစဉ်များစတင်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ရုရှားခရီးသွား ၃,၈၉၃ ဦးသာ ဝင်ရောက်ခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်ပခရီးသွားဝင်ရောက်မှု စာရင်းများတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားစုစုပေါင်း ၂၈၁,၈၃၃ ဦးဝင်ရောက်ခဲ့ရာ ခရီးသွားထက်ဝက် တိတိသည် တရုတ်နှင့် ထိုင်းခရီးသွားများဖြစ်သည်ကို ထိုစာရင်းတွင် တွေ့ရသည်။ ထိုခရီးသည် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းသာ ရုရှားနိုင်ငံသားများဖြစ်သည်ကို တွေ့ရသည်။
ဗီဇာကင်းလွတ်ခွင့်ပေးသော်လည်း လေကြောင်းလိုင်းများ ပျံသန်းမှုနည်းပါးခြင်းကြောင့် ၂၀၂၄ ခုနှစ်က ဝင်ရောက်သည့်ပမာဏနည်းတူ နှစ်စဉ် ရုရှားခရီးသွားထောင်ဂဏန်းသာ လာရောက်နေသေးသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UMTA) ဒုတိယဥက္ကဌ ဦးနောင်းနောင်းဟန် က Myanmar Now ကို ပြောသည်။
“MAI ကနေပြီးတော့ ဆိုက်ဘေးရီးယားမြို့တော် နိုဗိုဆီဘရစ်မြို့ကို တိုက်ရိုက်ပျံသန်းတာရှိတယ်။ ဆိုတော့ ဆိုက်ဘေးရီးယားဒေသကခရီးသည်တွေကတော့ လာလေ့ရှိပါတယ်။ ဒါပေမဲ့ မြို့တော် မော်စကိုနဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ စိန့်ပီတာစဘတ်မြို့တော်က ခရီးသည်တွေ လာမယ်ဆိုရင် တဆင့်ခံပြီးလာရမှာ ဖြစ်တဲ့အတွက် နည်းနေသေးတယ်” ဟု ၎င်းက ပြောသည်။
ဦးနောင်းနောင်းဟန် ဦးဆောင်သောအဖွဲ့သည် မြန်မာသို့ ရုရှားခရီးသွားများဝင်ရောက်လာရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လက နိုဗိုဆီဘရစ်မြို့တွင် ကျင်းပခဲ့သည့် ခရီးသွားပြပွဲတွင် သွားရောက်ပြသခဲ့ဖူးသည်။
စစ်ကော်မရှင်နှင့် ရုရှားတို့ကြား နိုင်ငံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းကြောင့် ထိုလုပ်ငန်းများအတွက် လာရောက်သော ရုရှားနိုင်ငံသာများလည်းရှိပြီး ထိုခရီးသည်အရေအတွက်ကို အတိအကျမသိရဟုလည်း ဦးနောင်းနောင်းဟန်က ပြောသည်။
အမေရိကန်က အလည်အပတ်ဗီဇာပိတ်ပင်ခြင်း၊ ဥရောပနိုင်ငံများသို့ ဝင်ထွက်ရန်ခက်ခဲခြင်းတို့ကြောင့် ခရီးဝေးသွားရောက်နိုင်သည့် မြန်မာများသည် ရုရှားကို ရွေးချယ်လာနိုင်သည်ဟုလည်း သူက ဆိုသည်။

မြန်မာဘက်မှ ရုရှားနိုင်ငံသာများကို ဗီဇာကင်းလွတ်ခွင့်ပေးသည့်နည်းတူ အပြန်အလှန်အားဖြင့် ရုရှားဘက်ကလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှစ၍ မြန်မာကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၃၀ လည်ပတ်ခွင့်ပေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုသီတင်းပတ်ထဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကော်မရှင်သည် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး၍ ခွင့်ပြုပေးနေခြင်းဖြစ်သည်။
စစ်ကော်မရှင်လက်ထက်တွင် တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ်တို့နှင့်သာ ဆက်ဆံနေရခြင်းကြောင့် နိုင်ငံရေး၊ စီပွားရေးကိစ္စများဖြင့် ထိုနိုင်ငံမှလာရောက်သူများစွာရှိနေပြီး အပန်းဖြေခရီးအတွက် လာရောက်သူသည် အလွန်ရှားကြောင်း နောက်ထပ် အမည်မဖော်လိုသည့် ဝါရင့်ခရီးသွားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“ကနဦးမှာတော့ တိုက်ရိုက်လေယာဉ်တွေကို MAI က ဆွဲတယ်။ ဆွဲတဲ့အတွက်ကြောင့် အဝင်တွေမှာတော့ အချိုးပြည့်တယ်။ ရုရှားကို အထွက်ကတော့ သိပ်မရှိဘူး။ စီပွားရေးကိစ္စတွေရှိတယ်။ စစ်ရေးကိစ္စတွေရှိတယ်။ နိုင်ငံရေးကိစ္စတွေရှိတယ်။ အဲဒီလိုလာကြတော့ အဝင်မှာတော့လေယာဉ်ပြည့်တယ်”
“အထူးသဖြင့် သူတို့ဆီမှာလည်း စစ်မှုထမ်းတွေခေါ်တော့ မနေရဲတဲ့သူတွေ စစ်ကြောင့်ရှောင်တဲ့သူတွေ လူငယ်လူလတ်တွေပါတာပေါ့။Tourist စစ်စစ်တော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ ရှားတယ်” ဟု ၎င်းက ပြောသည်။
ယူကရိန်းနိုင်ငံနှင့် စစ်ဖြစ်နေသည့် ရုရှားတွင် အရွယ်ရောက်ပြီးလူငယ်များကို စစ်မှုမထမ်းခိုင်းပြီး ရှေ့တန်းသို့ စေလွှတ်နေခြင်းကြောင့်လူငယ်အများအပြား စစ်မှုထမ်းရှောင်ရှားရန် ပြည်ပနိုင်ငံများသို့ သွားရောက် နေထိုင်မှုများလည်း ရှိလာသည်။
နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေပြီး ငပလီကဲ့သို့ ကမ်းခြေများကို လည်ပတ်နိုင်ခြင်းမရှိတော့သည့် မြန်မာတွင် ခရီးသွားဈေးကွက် အသည်းအသန်မြှင့်တင်နေသည့်တိုင် ရုရှားခရီးသွားလာရောက်မှုသည် မဖြစ်စလောက်သာ တိုးတက်မှုရှိကြောင်း ထိုလုပ်ငန်းရှင်က ဆိုသည်။
မြန်မာဘက်မှ ရုရှားနိုင်ငံသို့ သွားရောက်နိုင်သူများသည်လည်း ပညာတော်သင်သွားသူ၊ လူမှုရေးကိစ္စ သွားရောက်လည်ပတ်သူများသာရှိကြောင်း ၎င်းက ဆိုသည်။
ယခုအခါ ရုရှားဘက်က မြန်မာကို ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် လေယာဉ်လက်မှတ်နှင့် ခရီးစဉ်အချို့ကို ကြေညာထားသော်လည်း စုံစမ်းမေးမြန်းသူမရှိသေးကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးက Myanmar Now ကိုပြောသည်။
“သွားလိမ့်မယ်လို့မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီဘက်ကို သွားတဲ့သူ သိပ်မတွေ့ရဘူး။ စင်ကာပူ၊ မလေး၊ ဂျပန် အဲ့ဒီနိုင်ငံတွေလောက်ပဲ သွားကြတယ်များတယ်” ဟု သူက ဆိုသည်။
တစ်ချိန်တည်းတွင် စစ်ကော်မရှင်နှင့် ရုရှားအစိုးရတို့အကြား ဆက်ဆံရေးကောင်းနေသော်လည်း သာမန်ရုရှားပြည်သူများသည် အရှေ့တောင်အာရှခရီးစဉ်တွင် မြန်မာထက် အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံတို့ကိုသာ သွားရောက် လည်ပတ်လေ့ရှိသည်။
မြန်မာနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ရုရှားခရီသွား ၁ ဒဿမ ၇ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်းခရီးသွားဝန်ကြီးဌာန၏ စာရင်းများကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းဌာနက ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံကို တိုက်ခိုက်နေသည့် ရုရှား၏ကျူးကျော်စစ်ကြောင့် ရုရှားခရီးသွားများသည် ဥရောပသမဂ္ဂ (အီးယူ) ၏ ဗီဇာတင်းကျပ်ခံထားရပြီးနောက် အရှေ့တောင်အာရှနိုင်ငံများသို့ စစ်ရှောင်ရန် အလုံးအရင်းဖြင့် ဝင်ရောက်လာနေရာ မြန်မာသို့ တစ်နှစ်လျှင် ရုရှားခရီးသွား နှစ်သိန်းအထိ လာရောက်ရန် စစ်ကောင်စီက မျှော်မှန်းထားသည်။
အမေရိကန်အပါဝင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုဒဏ်ခံနေရသော ရုရှားနှင့် မြန်မာတို့သည် စီပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကြိုးပမ်းနေပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်၊ နျူကလီးယား ဓာတ်အာပေးစက်ရုံနှင့် အခြားစီမံကိန်းများ ပူပေါင်းလုပ်ကိုင်ရန် သဘောတူထားသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။



