သတင်း

ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ တစ်ရာကျော် စစ်ရှောင်နေရ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်များအရေး ကူညီပေးနေသူများက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ ကလိုင်ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာနှင့် ကုန်းဆာကျေးရွာအကြားတွင် ယမန်နေ့ (ဇွန် ၁၅) ညနေ ၅ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် လွယ်ကန်ရွာမှ ဒေသခံ ၁၅၀ ကျော်သည် သုံးမိုင်ခန့်အကွာ ပန်ကူကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက်ပိုင်းတွင် စစ်ရှောင်ရောက်ရှိနေကြသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ရှောင်များအတွက် စားသောက်ကုန်များနှင့် အဝတ်အထည်များလှူဒါန်းထားသော်လည်း အမျိုးသမီးနှင့် ကလေးငယ်များအတွက် အသုံးအဆောင်များအပါအဝင် အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း ကွတ်ခိုင်မြို့အခြေစိုက် စစ်ရှောင်များအရေးကူညီသူများက ပြောသည်။

“ကျွန်တော်တို့တွေ့ခဲ့တာတော့ အိုးခွက်၊ ပန်းကန်တို့ စောင်တို့ ခြင်ထောင်တို့ ဘာတစ်ခုမှ မပါလာကြဘူး” ဟု စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ လက်နက်ကြီးများ အပြင်းအထန်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ဆိုသည်။ 

ရွာအနီးတိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများပြားလာသည့်အတွက် ယနေ့မနက် ၉ နာရီတွင် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း လွယ်ကန်ရွာမှ အသက် ၂၁ နှစ်အရွယ် မိုင်းအိုက်ဝင်းက Myanmar Now ကို ပြောသည်။

“တစ်ခါမှ မဖြစ်ဖူးတော့ ကြောက်တာပေါ့ဗျာ။ အထူးသဖြင့်ကတော့ ကလေးအမေတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ တော်တော်ကြောက်နေကြတာ” ဟု ၎င်းက ပြောသည်။ 

လွယ်ကန်ကျေးရွာသည် ကွတ်ခိုင်မြို့၏ အနောက်ဘက် ၈ မိုင်အကွာတွင်ရှိပြီး အိမ်ခြေ ၄၀ ကျော်နှင့် လူဦးရေ ၂၀၀ ခန့်ရှိကာ တအာင်းတိုင်းရင်းသားများနေထိုင်ကြသည်။ လွယ်ကန်ရွာ၏ အနောက်ဘက် ၁ မိုင်ခန့်ဝေးသည့် မန်နောင်ရွာမှ ဒေသခံများလည်း တိမ်းရှောင်နေရသည်ဟု သတင်းကြားသိရကြောင်း မိုင်းအိုက်ဝင်းက ဆက်ပြောသည်။ 

ရွာတွင်ကျန်နေခဲ့သူများ၏ ပြောပြချက်အရ တိုက်ပွဲဖြစ်ပြီးနောက် လွယ်ကန်ရွာအနီးရှိ စေတီကုန်းတွင် စစ်တပ်က နာရီအနည်းငယ်ကြာ တပ်စွဲခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။

လတ်တလောတွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ပြီးမှ ရွာသို့ ပြန်မပြန်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မိုင်းအိုက်ဝင်းက ပြောသည်။ 

စစ်ကောင်စီက မေ ၃၀ မှ ဇွန် ၃၀ အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တချို့က ယခင်ထုတ်ပြန်နေကျ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို မတ်လကုန်မှစ၍ သက်တမ်းထပ်မံတိုးမြှင့်ခြင်း မရှိပေ။

တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူများကို လတ်တလောတွင် Myanmar Now က ဆက်သွယ်၍ မရသေးပေ။ 

အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်စခန်းတချို့နှင့် စက်သုံးဆီယာဉ်တန်းများ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် KIA,TNLA,MNDAA တို့နှင့် စစ်တပ်တို့ ကွတ်ခိုင်မြို့နယ်အတွင်း မေ ၄ ရက်ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်၊

အဆိုပါတိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေပြီး ရွာအတော်များများတွင် ဒေသခံတို့က လုံခြုံရေးအတွက် ဗုံးခိုကျင်းများတူးထားကြသည်။ 
 

Show More

Related Articles

Back to top button