အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

မဲပုံးမထောင်ဘဲ ဗုံးမိုးများ ရွာခဲ့သည့် မကွေးတိုင်းကျေးလက်ဒေသ

ဟန်ပြပြုလုပ်သည်ဟု ဝေဖန်ခံနေရသည့် ရွေးကောက်ပွဲကို မကွေးတိုင်းတွင်လည်း ကျင်းပခဲ့ရာ ဒေသခံတို့သည် ဗုံးကြဲမှု၊ စစ်ကြောင်းထိုးမှုဒဏ်တို့ကို ရင်ဆိုင်ခဲ့ရသည်။

အာဏာသိမ်းစစ်တပ်က အပိုင်းခွဲစီစဉ်နေသည့် ရွေးကောက်ပွဲသည် မကွေးတိုင်းသို့ ဒုတိယအကြိမ် ရောက်လာရာ ထိုရွေးကောက်ပွဲသည် ဒေသခံတို့အတွက် ဒီမိုကရေစီ အောင်ပွဲမဟုတ်ဘဲ စစ်မီး တောက်လောင်မှုအသစ်တစ်ခုသာ ဖြစ်နေသည်။

ရွေးကောက်ပွဲ အပိုင်း (၂)  ကျင်းပမည့်  ဇန်နဝါရီလ ၁၁ ရက်နေ့အတွက်  မဲပုံးများ ချထားသည်ဟု စစ်တပ်က ဆိုသော်လည်း   မဲပုံးများရောက်မလာမီ စစ်ကြောင်းများက အရင်ရောက်လာသည်။  ဗုံးကြဲ တိုက်ခိုက်မှုများ ရှိနေပြီး ကျေးရွာများကို မီးလျှံများဖြင့် နှုတ်ဆက်နေသည်။ 

ယင်းမတိုင်မီ စစ်တပ်က နယ်မြေစိုးမိုးနိုင်ရန် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ အရှိန်မြှင့်ခဲ့သည်။ ရွေးကောက်ပွဲနေ့တွင်ပင် မြေပြင်စစ်ကြောင်း ထိုးကာ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အနီး နွယ်တမယ်ကျေးရွာကို ပြန်လည် ထိန်းချုပ်ခဲ့သည်။ 

ဤသို့ဖြင့် မကွေးတိုင်းအတွင်း စစ်တပ် နယ်မြေ မစိုးမိုးနိုင်သည့်ကျေးရွာများတွင်  မဲပုံးများ ရောက်ရှိမလာဘဲ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပေါ်ပေါက်ခဲ့ရာ  ဒေသခံ အမြောက်အများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရသည်။

ကွက်ကျားရွေးကောက်ပွဲ 

ရွေးကောက်ပွဲ အပိုင်း (၂) ကို တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် မကွေးတိုင်း မြောက်ပိုင်း ဂန့်ဂေါနှင့် ဆိပ်ဖြူမြို့များအပါအဝင်  နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ နှင့် ဆင်ပေါင်ဝဲမြို့နယ်များတွင် ကျင်းပခဲ့ပြီး  ဂန့်ဂေါမြို့နယ်၊ ကျောမြို့ မြို့ပေါ် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၄၁၂ အုပ်စုတွင် မကျင်းပနိုင်ခဲ့ပေ။

မကွေးတိုင်းတွင် ၂၅ မြို့နယ်ရှိသည့်အနက် မြို့နယ် ၂၀ တွင် ရွေးကောက်ပွဲကို နှစ်ပိုင်းခွဲ ကျင်းပနိုင်ခဲ့သည်။  မြို့သစ်နှင့် တောင်တွင်းကြီးမြို့နယ်မှအပ ကျန်မြို့နယ်အားလုံးတွင် စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အနိုင်ရရှိခဲ့သည်။

တော်လှန်ခုခံမှုအားကောင်းရာ ချင်းပြည်နယ် အောက်ဘက်ရှိ ဂန့်ဂေါခရိုင် ထီးလင်း၊ ဆော၊ ပခုက္ကူခရိုင် မှ ရေစကြို၊ ပေါက်၊ မြိုင် စသည့် ၅ မြို့နယ်တွင် ရွေးကောက် ပွဲကျင်းပရန် အခြေအနေမရှိဟု စစ်တပ်က  ကြေညာထားပြီး ဖြစ်သည်။

အပိုင်း (၁) ကျင်းပရာ  ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊  ပွင့်ဖြူ၊ မင်းဘူး၊ သရက်၊ အောင်လံ စသောမြို့နယ် ၉ ခုတွင်   ကြံ့ခိုင်ရေးပါတီက နေရာအများဆုံး အနိုင်ရခဲ့သည်။ ထိုစဉ်က ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ခု၊ မြစ်ခြေမြို့ပေါ် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၂၅၂ အုပ်စုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ပေ။ 

ထိုသို့ ရွေးကောက်ပွဲကျင်းပရန် စိုင်းပြင်းနေချိန် “အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး” အမည်ဖြင့် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊  နွယ်တမယ်ကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ်က ကြေညာခဲ့သည်။ 

ထို့နောက် ဇန်နဝါရီလ ၁၁ ရက်တွင် နွယ်တမယ်ကျေးရွာကို နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ အလောင်း တစ်လောင်း၊ ဗုံးနှင့်မိုင်းများ၊ စစ်သုံးပစ္စည်းများ  သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်က ထိုနေ့တွင် ထုတ်ပြန်ထားသည်။ 

စလင်းမြို့နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်သော ကျေးရွာအုပ်စု ၈၅ အုပ်စု ရှိနေသည်အထိ စစ်တပ်က နယ်မြေစိုးမိုးမှု ဆုံးရှုံးခဲ့သည်။ တော်လှန်ရေးတပ်များက ဆင်ဖြူကျွန်းမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ရန် ကြိုးစားနေသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရသော ရန်ကုန်မြို့လယ်မှ ရွေးကောက်ပွဲ ဆိုင်းဘုတ်တစ်ခု။ (ဓာတ်ပုံ – Myanmar Now)

ဗုံးကြဲတိုက်ခိုက်မှုများနှင့် မကွေးတိုင်းမြောက်ပိုင်း 

ရွေးကောက်ပွဲ အပိုင်း (၂) မတိုင်မီ ရက်ပိုင်းအလိုတွင်လည်း ဆိပ်ဖြူနှင့် ဂန့်ဂေါရှိ   နယ်မြေ မစိုးမိုးနိုင်သေးသည့် ကျေးရွာအများအပြားကို ဆက်တိုက် ဗုံးကြဲခဲ့သည်။ 

ဂန့်ဂေါမြို့နယ်တွင်လည်း ဇန်နဝါရီလ ၃ ရက်မှ ၈ ရက်နေ့အထိ လေတပ်က  နေ့စဉ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိခိုက်မှုနှင့်သေဆုံးမှုအခြေအနေများ  မသိရပေ။ 

ယောဒေသမှာ ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး အဆက်မပြတ် ဗုံးကြဲခံရသည်ဟု ယောကာကွယ်ရေး တပ် (YDF) ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။ 

“သူတို့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် တစ်ဖက်မှာလည်း ဖိအားပေးတာမျိုးတွေ လုပ်တာပေါ့။ ရွေးကောက်ပွဲအလွန်မှာ စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်ဖို့အတွက် ခဲယမ်း ဖြည့်တင်းတာ၊ လူအင်အား ဖြည့်တင်းတာတွေကိုပါ တပြိုင်တည်း လုပ်နေတာပါ” ဟု ၎င်းက ပြောသည်။ 

၂၀၂၁ ခုနှစ် အကြမ်းဖက်အာဏာသိမ်းမှုအပြီး လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာသဖြင့် စစ်တပ်က နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသ၀ည်။

ရှမ်းပြည်နယ်အတွင်း မြို့ပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည့်အထိ ထိုးစစ်ဆင်ခဲ့သည့် တအာန်း / ပလောင်၊​ ကိုးကန့် လက်နက်ကိုင်အဖွဲ့များနှင့် ပြီးခဲ့သည့်နှစ်အတွင်း အပစ်အခတ်ရပ်စဲပြီးနောက်တွင် စစ်တပ်က ကျန်ဒေသများကို ပိုမိုအာရုံစိုက်လာနိုင်သည်။

မကွေးတိုင်းသည်လည်း ဗုံးကြဲမှုဒဏ် ပိုမိုခံရသည့် ဒေသတစ်ခု ဖြစ်လာသည်။

ကော်မရှင်အရာရှိများ တိုက်ခိုက်ခံရခြင်း 

စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်၏ အနောက်ဘက် မိုင် ၅၀ အကွာရှိ မြို့သစ်မြို့ နှင့် နတ်မောက် မြို့တို့တွင်လည်း  ရွေးကောက်ပွဲဖြစ်မြောက်ခဲ့သည်။ 

သို့သော်လည်း  ရွေးကောက်ပွဲ ထိပ်တန်းအရာရှိများ၏ လုံခြုံရေးမှာ မရေမရာ ဖြစ်ခဲ့သည်။

ထိုအချက်ကို ဇန်နဝါလရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက  ရွေးကောက်ပွဲကော်မရှင်၏ တတိယမြောက် ရာထူးအကြီးဆုံးဖြစ်သူ   ဦးအောင်လွင်ဦး၏ယာဉ်တန်း မြို့သစ်မြို့နယ်တွင်ချုံခို တိုက်ခိုက်ခံရ ခြင်းက သက်သေပြနေသည်။  

ဦးအောင်လွင်ဦးသည်  မကွေးတိုင်း ရွေးကောက်ပွဲကို ကြီးကြပ်ရန် အဓိက တာဝန်ရှိသူဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း   ပြည်သူ့ ကာကွယ်ရေး တပ်မတော်  အမှတ် (၉၀၃) တပ်ရင်းက ထုတ်ပြန်ခဲ့သည်၊  သေဆုံးသူ  ရဲအရေအတွက်သည် ခုနစ်ဦးအထိရှိနိုင်သည်ဟုဆိုသည်။

နေပြည်တော်မှ လာသည့် ဦးအောင်လွင်ဦးနှင့်  လက်ထောက်များသည် ရဲများ ခြံရံလျက် မော်တော်ယာဉ် ငါးစီးဖြင့် သွားလာခဲ့ကြောင်း၊ ၎င်းတို့လမ်းကြောင်းကို သတင်းကြိုတင်ရသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၉၀၃) တပ်ရင်းမှူးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ လက်မခံဘူးပေါ့။ ပြည်သူလည်း လက်မခံဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဟန့်တားတဲ့ ပုံစံမျိုးပါပဲ” ဟု ယာဉ်တန်းတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် ဗိုလ်အောင်ဒင်က ပြောလိုက်သည်။

ကံမမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်သည် ရွေးကောက်ပွဲနေ့က  မဲရုံများကို လိုက်လံ စစ်ဆေးနေသည့် နေ့လယ်ပိုင်းတွင် ပစ်သတ်ခံခဲ့ရသည်။ 

ဦးဇော်မင်းနိုင်နှင့် လုံခြုံရေး ဝန်ထမ်းသုံးဦးတို့သည် မော်တော်ယာဥ် နှစ်စီးဖြင့် မဲရုံများ လိုက်လံ စစ်ဆေးခဲ့ရာ  ပြောင်ကျကျေးရွာနှင့် ပယ်ကျကျေးရွာအကြား တိုက်ခိုက်ခံရကြောင်း စစ်တပ်ဝါဒဖြန့်သူ တို့က တယ်လီဂရမ်တွင် ရေးသားကြသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်က ဖော်ပြထားသည့် ကံမမြို့နယ်တိုက်ခိုက်မှုမှ ဒဏ်ရာရထားသူ တစ်ဦး။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ၎င်းတို့ စိတ်တိုင်းကျ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲပြီး ကျင်းပပြီးစီးရန် စီစဉ်နေသည်။ 

အပိုင်း (၂) နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့်  အပိုင်း (၁) တွင်  စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကသာ အများဆုံးအနိုင်ရခဲ့သည်။ အပိုင်း (၃) ကို  လာမည့် ၂၅ ရက်နေ့တွင်  ဆက်လက် ကျင်းပမည်ဖြစ်သည်။

 အာဏာကို ဆက်လက်ချုပ်ကိုင်လိုသည့် စစ်တပ်က ပါတီအများအပြားကို နှိပ်ကွပ်၊ အာဏာသိမ်းမှု ဆန့်ကျင်သူ ထောင်သောင်းချီကို ထိန်းသိမ်းထားသော အခြေအနေတွင် ပြုလုပ်သည့် အခန်းဆက်ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ကြောင်း နိုင်ငံတကာက ဝေဖန်ထားသည်။ 

ကျေးရွာများကို ဗုံးကြဲခြင်း 

မကွေးတိုင်း အနောက်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ  ရခိုင်ရိုးမနှင့်နယ်မြေခြင်း ဆက်စပ်နေသည့် ငဖဲနှင့် စေတုတ္တရာမြို့နယ်များသည်လည်း ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်သည်။

တောင်ကုန်းတောင်တန်းများ ထူထပ်သည့် ငဖဲ နှင့် စေတုတ္တရာ မြို့နယ်များသည် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့်ဒေသဖြစ်သည်ဟု  ထိုဒေသအခြေစိုက် PRA-Magway ခေါင်းဆောင်က ပြောသည်။

“ပြောက်ကျားဒေသတွေတိုးချဲ့နိုင်ဖို့ ပြောက်ကျားစစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်နေတာပဲ ရှိပါတယ်။ ဒီလိုပြောက်ကျားဒေသ ကျယ်ပြန့်လာခြင်းဟာ ရွေးကောက်ပွဲဒေသတည်ငြိမ်ရေးကို ဟန့်တား ခြိမ်းခြောက်ပြီးသားဖြစ်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်” ဟု ၎င်းက ပြောသည်။ 

“စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပနိုင်မှုကိုပြောရရင်တော့ အခြေခံဒေသ အဖြစ် ကျွန်တော်တို့အကောင်အထည်ဖော်နေတဲ့ ငဖဲနှင့် စေတုတ္တရာမြို့နယ် တောင်ပေါ်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

ငဖဲနှင့် စေတုတ္တရာတို့တွင် မြို့ပေါ်ရပ်ကွက်များတွင်သာ မဲရုံဖွင့်နိုင်မည်ဟု ၎င်းက ရွေးကောက်ပွဲမတိုင်မီ ကြိုတင်သုံးသပ်ခဲ့သည်။

မကွေးတိုင်းသည် စစ်တပ်ကို ကောင်းစွာ တိုက်ခိုက်ထားနိုင်သည့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်နယ်မြို့နယ်များနှင့် ကပ်လျက်တည်ရှိသည့် ဒေသဖြစ်သည်။  မကွေးတိုင်းတွင်လည်း   AA နှင့် မဟာမိတ်တပ်များ၏ လှုပ်ရှားတိုက်ခိုက်မှုများ ရှိနေသည်။ 

မကွေးတိုင်းတွင် စစ်တပ်၏ လက်နက်စက်ရုံအများအပြား တည်ရှိသဖြင့် ထိုစက်ရုံများ၏ လုံခြုံရေးအတွက် တပ်ရင်းအများအပြား အခြေစိုက်ထားသည်။  

ဒီဇင်ဘာလ ၃၀ ရက်နေ့က စစ်တပ်ယာဉ်တန်းတစ်ခုကို ဆော-ဆိပ်ဖြူလမ်းပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

စစ်တပ်ကလည်း ထိုဒေသကို ထိုနေ့တွင်ပင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ လေးရွာမှ လူနေအိမ် ၂၀ နီးပါး လောင်ကျွမ်းခဲ့သည်ဟု ဒေသအခြေစိုက် ဆိပ်ဖြူ ဘာမထီအဖွဲ့ ခေါင်းဆောင်က ပြောသည်။ 

ကျေးရွာများကို ဗုံးကြဲခြင်းကြောင့် ဒေသခံတို့က မဲရုံများရှိသည့်နေရာများသို့ တိမ်းရှောင်ကြသည်ဟု ၎င်းက ပြောသည်။ 

“နယ်ဘက်တွေမှာ ဗုံးကြဲတော့ မြို့ပေါ်တွေကို ပြောင်းရွေ့သွားတာတွေရှိတယ်။ မြို့ပေါ် ပြောင်းရင်တော့ မဲထည့်ရတော့မယ့် အနေအထားမျိုး ဖြစ်သွားတာပေါ့။ ပြည်သူကို ကျွန်တော်တို့ စိုးမိုးတဲ့ ဒေသတွေမှာ မနေရဲအောင်လုပ်တဲ့ သဘောမျိုးတွေပေါ့” ဟု ၎င်းက ပြောလိုက်သည်။

၂၀၂၄ ဧပြီလက တွေ့ရသော ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်များ။

Related Articles

Back to top button