လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး စစ်ရှောင်အများအပြားခိုလှုံနေသည့် ကရင်နီပြည်နယ် အနောက်ခြမ်း မြို့နယ်များတွင် မြေဈေးနှင့်မြေယာရောင်းဝယ်မှု အဆမတန်မြင့်တက်လာကြောင်း သိရသည်။
နိုင်ငံအရှေ့တောင်ဘက် အိမ်နီးချင်း ထိုင်းနှင့် နယ်နိမိတ်စပ်နေသော ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်နယ်လူဦးရေလေးသိန်းအနက် ထက်ဝက်ခန့်သည် စစ်ရှောင်နေကြရသည်။
စစ်အာဏာသိမ်းငါးနှစ်နီးပါးကြာသည့်အထိ နေရပ်မပြန်နိုင်ဘဲ ကာလရှည် စစ်ဘေးရှောင်နေသူများသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ မြို့နယ်သုံးခုတွင် မြေယာများဝယ်ယူ၍ နေအိမ်များတည်ဆောက်လာကြသလို မြေယာများပိုင်ဆိုင်ထားသည့် ဒေသခံဌာနေတိုင်းရင်းသားများကလည်း စီးပွားရေးကျပ်တည်းမှုကြောင့် မြေယာများ ရောင်းချလာခြင်းဖြစ်သည်။
ထိုဒေသရှိ ကျေးရွာအုပ်စုတိုင်းတွင် အာဏာမသိမ်းမီကထက် မြေယာအရောင်းအဝယ်မြင့်တက်လာပြီး ယခင်က ကျပ် ငါးသိန်းမှ ၁၀ သိန်းဝန်းကျင်ရှိသော မြေကွက်တစ်ကွက်သည် ကျပ်သိန်း ၁၀၀ မှ ၁,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားကြောင်း ကယားပြည်လူအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် (KEAN) အစီအစဉ်ညှိနှိုင်းရေးမှူး စောအယ်စေးက ပြောသည်။
“ခါတိုင်းက ငါးသိန်း ၁၀ သိန်းပဲပေါက်တဲ့မြေက အခုက ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးပေါက်တယ်။ ရွာခံဖြစ်တယ် စစ်မရှောင်ရဘူးဆိုပေမယ့် စစ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အလုပ်လုပ်လို့မရဘူး။ စီးပွားရေးဆိုလို့ ရောင်းစရာဆိုလို့ ဒါပဲရှိတော့ ရောင်းတဲ့ကိစ္စဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ကနဦးတွင် ဒေသခံများ၏ ခြံမြေပေါ်တွင် စစ်ဘေးရှောင်ရန် ယာယီနေထိုင်ခွင့်ရကြသော်လည်း အချိန်ကြာလာချိန်တွင် အဆင်မပြေမှုများရှိလာ၍ ကိုယ်ပိုင်မြေယာများ ဝယ်ယူလာကြကြောင်း ၎င်းက ဆိုသည်။
မြေဝယ်လိုအားမြင့်တက်လာချိန် အချို့သူများကလည်း ထိုမြေများကို ဝယ်ယူ၍ အမြတ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချသည့် မြေအရောင်းအဝယ်ဈေးကွက်လည်း ပေါ်ပေါက်လာကြောင်း KEAN အစီအစဉ်ညှိနှိုင်းရေးမှူး စောအယ်စေးက ပြောသည်။
စစ်ဘေးရှောင်များက ကာလတို၊ ကာလရှည်နေထိုင်ရန် ဝယ်ယူမှုအပြင် မြေဈေးကွက်တစ်ခုအဖြစ် ကရင်နီပြည်ပြင်ပမှ ငွေကြေးတတ်နိုင်သူများက ဝယ်ယူမှုများရှိနေသည်ဟု သိရသည်။ ထို့အပြင် ရန်ပုံငွေရှာဖွေနိုင်ရန် ထိုမြေယာများကို တော်လှန်ရေးအဖွဲ့ဝင်များလည်း ဝယ်ယူရောင်းချမှုရှိကြောင်း သိရသည်။
စင်စစ်အားဖြင့် ထိုမြေယာများသည် ရိုးရာဓလေ့အရ စီမံခန့်ခွဲသောမြေများဖြစ်ပြီး အချို့မြေကွက်များသည် ကျေးရွာနယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေများလည်းပါဝင်သည်ဟု KEAN က ယနေ့(ဇန်နဝါရီလ ၁၄ ရက်) တွင် ထုတ်ပြန်သည့် မြေနှင့်သဘာဝအရင်းမြစ်ကာကွယ်ခြင်းဆိုင်ရာအစီရင်ခံစာတွင်လည်းဖော်ပြသည်။
ထိုရောင်းဝယ်မှုကြောင့် ဒေသခံတို့၏ မျိုးဆက်များ မြေပိုင်ဆိုင်မှု လျော့နည်းခြင်း၊ စိုက်ပျိုးမြေများ ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကော်စီ(IEC) အုပ်ချုပ်ယန္တရားအတွက် မြေနှင့် အရင်းအမြစ်ဆိုင်ရာ စီမံမှုများအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
IEC သည် ၎င်းတို့ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများကို မြို့နယ် ၁၆ မြို့နယ် သတ်မှတ်၍ အုပ်ချုပ်နေပြီး လူထုအတွက် ဝန်ဆောင်မှုများ တတ်နိုင်သမျှပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ကြေညာထားသည်။
ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် စစ်တပ်က စစ်မျက်နှာ ငါးခုဖွင့်လှစ်ထားပြီးနေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ဖော်ပြောဆိုထားသည်။
တော်လှန်ရေးတပ်များက မြို့တော်လွိုင်ကော် ထိုးစစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တစ်လေးလုံး စစ်ဆင်ရေးအပြီး စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ကရင်နီပြည်နယ်အတွင်းရှိ စစ်ရေးအရ အရေးပါသော လွိုင်ကော်၊ ဒီးမော့ဆိုမြို့တို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့သည်။ ရှမ်းနှင့် ကရင်နီနယ်စပ် မိုးဗြဲနှင့် ဖယ်ခုံမြို့တို့ကိုလည်း စစ်တပ်က ပြန်လည်သိမ်းပိုက်ထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ကရင်နီထဲမှ လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့ပါဝင်သည်။
ရွေးကောက်ပွဲအပြီးတွင် အာဏာသိမ်းလိုက်ချိန်မှစ၍ ဆယ်စုနှစ်တစ်ဝက်ကြာ ဒုက္ခသုက္ခခံ၍ တော်လှန်ရေးအပေါ် ထောက်ခံအားပေးလာသော လူထုကို စစ်ကော်မရှင် ဖြေလျှော့မှုအချို့ပေး၍ စွဲဆောင်စည်းရုံးကာ တော်လှန်ရေးကို အာရုံစိုက်မှုလျော့ကျရန် ကြိုးပမ်းလာနိုင်ကြောင်း IEC အတွင်းရေးမှူး(၂) ကိုဗညား Myanmar Now ကို ပြောဆိုထားသည်။



