မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် အာဏာရှင် စစ်တပ်နှင့် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများသည် ထိုင်းဘက်ခြမ်းရှိ ဒုက္ခသည်စခန်း ကိုး ခုတွင် ခိုလှုံလာကြသည်မှာ ရာစုနှစ်ထက်ဝက်နီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိုစခန်းများအနက် ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော နို့ဖိုးဒုက္ခသည်စခန်းလည်းပါဝင်သည်။ ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့မှ နို့ဖိုးစခန်းသို့ ကားဖြင့်သွားပါက တောင်တန်းတောင်စွယ် အဆင့်ဆင့်ကို ၆ နာရီကျော်ကြာ ကျော်ဖြတ်ရမည် ဖြစ်သည်။ စခန်း တည်နေရာသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တိုက်ပွဲများနှင့် အာဏာရှင်စစ်တပ်၏ ပစ်မှတ်ထားဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ ဗမာ၊ ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းကျော် ခိုလှုံနေသည့်နေရာလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း ထိုင်းနယ်စပ်နှင့် နိုင်ငံအနှံ့တွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ပြန်လည်ဖြစ်ပွားခဲ့ပြီး မြန်မာဒုက္ခသည်များနေရပ်ပြန်ရန် အလှမ်းပိုဝေးသွားသည်။ အာဏာမသိမ်းမီ နေရပ်ပြန်သူများပင် ထိုစခန်းသို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိ ခိုလှုံခဲ့ရသလို တိုက်ပွဲများကြောင့် အသစ်ရောက်လာသူများလည်း ရှိလာသည်။
အမေရိကန်တွင် သမ္မတ ဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက် ဒုက္ခသည်များ အခက်အခဲကြီးနှစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ထရမ့်က ပြည်ပသို့ပေးနေသည့် ဖွံ့ဖြိုးရေးအကူအညီများ ရပ်လိုက်သဖြင့် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များအတွက် အထောက်အပံ့များလည်း ရပ်ရတော့မည် ဖြစ်သည်။ လာမည့်လမှ စတင်၍ အထောက်အပံ့များလုံးဝရရှိတော့မည်မဟုတ်ဟု သိရကြောင်း ဒုက္ခသည်များက ဆိုသည်။
ထရမ့်က အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ခွင့်ပြုမည့် ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်များကို ရပ်ဆိုင်းပစ်ခဲ့သည်။ ထို့ကြောင့် ထိုင်းမှ ထွက်ခွာမည့်ရက် သိရှိပြီးသား ဒုက္ခသည်တို့လည်း ခရီးစဉ် ပျက်သွားသည်။
စခန်းအတွင်းနေထိုင်သူများအတွက် မကြာသေးမီက သတင်းကောင်းတစ်ခု ပေါ်ပေါက်ခဲ့သည်။ စခန်းအပြင်ဘက်ထွက်ပြီး တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုသည်ဟူသော သတင်း ဖြစ်သည်။
ဒုက္ခသည်အချို့ ထိုအခွင့်အရေး ရလိုက်ပြီး လုပ်ငန်းခွင် ဝင်နေကြပြီဖြစ်သည်။
သို့သော်လည်း အလုပ်ရှင်က သတ်မှတ်လုပ်ခလစာနှင့် အခွင့်အရေးများ မပေးခြင်း၊ မိသားစုနှင့်ခွဲခွာရခြင်းတို့ကြောင့် လုပ်ငန်းခွင်ဝင်ရောက်ရန် စိတ်ဝင်စားမှုနည်းပါးကြသည်ဟု သိရသည်။
ထို့ကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး စခန်းများအတွင်း ပိတ်မိနေသည့် ဒုက္ခသည်တို့သည် ဘဝအတွက် မျှော်လင့်ချက်ကင်းမဲ့မှု၊ အစားအစာအတွက် စိုးရိမ်ပူပန်ရမှု၊ စိတ်အလိုမကျမှုများ ခံစားနေကြရသည်ကို တွေ့ရသည်။













