အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် မဲဆွယ်ပွဲများအတွက် ကြံ့ခိုင်ရေးပါတီ လူငှားနေရ

စစ်တပ်၏ပါတီ နေပြည်တော်တွင် မဲဆွယ်စဉ် စည်ကားသိုက်မြိုက်စေရေးအတွက် အစားအသောက်နှင့် နေ့တွက်ခများ ပေးဝေခဲ့ကြောင်း ပါတီဝင်အချို့နှင့် ဒေသခံများက ပြောသည်။

စစ်တပ် တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေပြည်တော်တွင် ပြုလုပ်သည့် မဲဆွယ်ပွဲ၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲများ စည်ကားစေရန်  လူငှား၍ စီစဉ်နေရကြောင်း ပါတီဝင်အချို့နှင့် ဒေသခံများက ပြောသည်။

တက်ရောက်သူ ရာနှင့်ချီရှိသည့် ပုံမှန်မဲဆွယ်ပွဲနှစ်ခုတွင် ပါဝင်သူ ရှစ်ဦးထက်မနည်းကို Myanmar Now က တွေ့ဆုံစဉ် ၎င်းတို့က ပွဲစည်ကားစေရန် လူငှားနေရခြင်းမှာ  ရွေးကောက်ပွဲကို  ပြည်သူအများစု ဆန့်ကျင်နေကြခြင်းကြောင့် ဖြစ်သည်၊  ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများပင်လျှင်  လုံခြုံရေး စိုးရိမ်နေကြသဖြင့်  မဲဆွယ်ပွဲများ ပုံမှန်ထက် ခြောက်ကပ်လာသည်ဟု ပြောကြသည်။ 

ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ၊ ဗုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ဇေယျာသီရိ   မြို့နယ်များဖြင့် ဖွဲ့စည်းထားသည့်၊ စစ်ရုံးချုပ် တည်ရှိသည့် နေပြည်တော်တွင်  လူဦးရေ တစ်သန်းနီးပါး နေထိုင်ကြပြီး အများစုမှာ  စားဝတ်နေရေးခက်ခဲနေကြသည်။ ဤအခြေအနေတွင် ပါတီထောက်ခံသူများလည်း  မဲဆွယ်ပွဲ တက်ရောက်  ဝန်းရံရေးအတွက်  ကုန်ကျစရိတ် အခက်တွေ့နိုင်သည်၊  ပြည်သူထောက်ခံသည့် အင်အားကြီးပါတီများ မပါဝင်ခြင်းကြောင့်လည်း   အပြိုင်အဆိုင်မဲဆွယ်မှုကို တွေ့ရမည်မဟတ်ဟု ၎င်းတို့က ဆိုကြသည်။

  ပါတီဥက္ကဋ္ဌဦးခင်ရီက  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်   ဇေယျာသီရိမြို့နယ်သို့  ဒီဇင်ဘာ ၂၁ရက်နေ့တွင် ရောက်လာပြီး  ပါတီဝင် ၃၀၀၀ ကျော်နှင့်  တွေ့ဆုံခဲ့သည်။ 

မြို့နယ်ပါတီဝင်အချို့နှင့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်တစ်ခုလျှင် အင်အား ၂၀၀ အထိ လိုက်ပါပွဲတက်ရန်၊ လိုက်ပါသူကို  ဒံပေါက်တစ်ထုတ်နှင့် ကျပ် ၃၅၀၀ ပေးရန် စီစဉ်  စည်းရုံးခဲ့ကြောင်း ဇေယျာသီရိမြို့နယ်ရှိ ဒေသခံများက ပြောသည်။

“စုရပ်လုပ်ပြီး ရွာထဲက လိုက်ထရပ်ကားတွေနဲ့ပဲ သွားကြတာ၊  ဒံပေါက်အထုတ်ထဲမှာ ပိုက်ဆံကို မမြင်အောင်ထည့်ပေးလိုက်တာ” ဟု ယင်းပွဲသို့လိုက်ပါခဲ့သည့် လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ထိုပွဲတက်ရန် စည်းရုံးခံရသူများထဲတွင် အောင်ဇေယျာရပ်ကွက်၊ သိုက်ချောင်းရပ်ကွက်၊ ပုပ္ပားကုန်းရပ်ကွက်၊ ရွှေကျကျေးရွာတို့မှ ဒေသခံများပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

အောင်ဇေယျရပ်ကွက်မှ ဒေသခံ အမျိုးသမီးတစ်ဦးက အစားအစာနှင့် အသုံးစရိတ် ရရှိရန် ပွဲတက်သူများလည်း ရှိသည်ဟု ပြောသည်။

“အိမ်မှာအလုပ်မရှိတဲ့သူတွေကတော့ လိုက်သွားတာပဲ၊ အချိန်ကလည်း နေ့တစ်ဝက်လောက်ပဲကြာတာ ဆိုတော့ လိုက်ကြတယ်၊ အလုပ်ရှိတဲ့သူတွေကတော့ မလိုက်ပါဘူး” ဟု သူက ပြောသည်။

လူ ၃၀၀၀ ဝန်းကျင် တက်ရောက်သည့် ထိုပွဲတွင် ပွဲတက်သူတိုင်းကို အသုံးစရိတ်ပေးမည်၊ ကျပ် ၈၅၀၀ တန် ဒံပေါက် ကျွေးမည် ဆိုလျှင် ကျပ် ၂၆၅ သိန်းကျော် ကုန်ကျမည် ဖြစ်သည်၊  သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် ငှားရမ်းခ အပါအဝင်  အထွေထွေစရိတ်များလည်း ရှိသေးသည်၊ သို့သော်လည်း ပါတီက ပွဲတစ်ပွဲအတွက် မည်မျှ အသုံးပြုမည်ကို မသိရပေ။

ပွဲတက်သူများကို ပါတီတံဆိပ်နှင့် စာတန်းပါသော အင်္ကျီ၊ ဦးထုပ် ပေးဝေရန် ပါတီ၏ မြို့နယ်အဆင့်  တာဝန်ရှိသူများက အကောင်အထည် ဖော်ရကြောင်း ပါတီဝင်တစ်ဦးက ပြောသည်။

“ပါတီဝင်စာရင်းက စာရွက်ထဲမှာပဲရှိတာ၊ အင်အားပြဆိုရင် လူမရှိဘူး၊ အဲဒီအခါကျမှ ရွာထဲပတ်ပြီး လူခေါ်ရတာ” ဟု  ဇေယျာသီရိမြို့နယ်မှ အဆိုပါ ပါတီဝင်က ဆိုသည်။

ပါတီဥက္ကဋ္ဌ၏ မဲဆန္ဒနယ်မြေရှိ ကျေးလက်ဒေသများတွင် နေထိုင်သူ သုံးဦးထက်မနည်းကို မေးမြန်းကြည့်ရာ   အခကြေးငွေဖြင့်   စည်းရုံးသလို အစားအသောက်နှင့် အင်္ကျီ၊ ဦးထုပ် ပေးပြီး မဲဆွယ်ကြောင်း ဆိုကြသည်။

နိုဝင်ဘာလ၂၉ ရက်နေ့   အောင်ဇေယျာရပ်ကွက် မဲဆွယ်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက တစ်ရက်ကြိုတင်ပြီး လှုံ့ဆော်ခဲ့သည်၊  ရပ်ကွက်အတွင်းလှည့်လည်၍ တစ်အိမ် တစ်ယောက် ကြံ့ခိုင်ရေးမဲဆွယ်ပွဲသို့လာရန် အသံချဲ့စက်သုံးပြီး ပြောဆိုဖိအားပေးခဲ့သည်။

မဲဆွယ်ပွဲနေ့တွင်  ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ပါတီဝင်များက မော်တော်ယာဉ် ရှစ်စီးဖြင့် လာရောက်၍ ဘောလုံးကွင်းအတွင်း ယာယီရွက်ဖျင်တဲထိုး၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ပွဲသို့ ရောက်လာသူများကို အအေး၊ မုန့်၊ ရေသန့်ဘူးပါသည့် အထုပ်နှင့် ဦးထုပ်တစ်လုံးစီပေးခဲ့သည်၊  ငွေကြေးများပေးခဲ့ခြင်းမရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။ 

“ပွဲပြီးတော့ ကြံ့ခိုင်ရေး သီချင်းဖွင့်ပြီး ကချင်တဲ့သူတွေ ထွက်ဆိုပြီး ကကြတာပဲ”ဟု ယင်းအမျိုးသားက ဆိုသည်။

ထိုရပ်ကွက်သည် ယခင်နေပြည်တော်မတည်ဆောက်ခင်က ရှိသည့်၊ သရက်ခုံ၊ ရှမ်းစု၊ ကရင်ရွာဟောင်းများကို စုပေါင်းထားသည့် ရပ်ကွက်ဖြစ်သည်။ ဇေယျာသီရိမြို့နယ်သည် စစ်တပ်နယ်မြေ ဖြစ်သောကြောင့်  စစ်တပ်၏ပါတီ အားသာချက်ရှိသည့် မဲဆန္ဒနယ် ဖြစ်သည်။ 

  ရွေးကောက်ပွဲအလွန်တွင်   ဦးခင်ရီသည် ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ စသည့် ရာထူးရဖွယ်ရှိသည်ဟု လေ့လာသူတချို့က ယူဆနေကြသည်။

ဦးတင်ဦးလွင်၏ မဲဆွယ်မှု  ဒီဇင်ဘာလအတွင်းက ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၏ မဲဆွယ်ပွဲတစ်ခုကို  ပျဉ်းမနားမြို့နယ် ဆင်ရုပ်အနီးရှိ ကားကွင်းဟောင်းထဲတွင် ပြုလုပ်ခဲ့သည်။ 

ထိုမဲဆွယ်ပွဲသို့ ထိုမြို့နယ်ရှိ ပါတီဝင်အချို့နှင့် ပါတီထောက်ခံသူအချို့ တက်ရောက်ခဲ့ပြီး အခြားမြို့နယ်များမှ လူဦးရေ ၁၀၀ ထက်မနည်းကလည်း မော်တော်ယာဉ်များဖြင့် လာရောက်သည်ကို တွေ့မြင်ရသည်။

ယာဉ်မောင်းသူများ၏အဆိုအရ လိုက်ထရပ် မော်တော်ယာဉ်တစ်စီးလျှင် ကျပ်တစ်သိန်းနှန်းဖြင့် ငှားရမ်းခဲ့ပြီး ပါတီဝင်မဟုတ်သော ဒေသခံများကို တစ်ဦးလျှင် ကျပ်တစ်သောင်းဖြင့် ခေါ်ယူခဲ့သည်ဟု သိရသည်။ 

ပွဲတွင် တွေ့ရသည့် လိုက်ထရပ်ကားသုံးစီးသည် မဲဆွယ်စည်းရုံးရေး ပြီးဆုံးချိန် ညနေ ငါးနာရီအချိန်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တည်ရှိသည့် ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာဘက်သို့ ပြန်သွားကြသည်ကို တွေ့မြင်ရသည်။

ပွဲတက်သူများ ငွေရကြသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး ပါတီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ပါတီရုံးခွဲများ၊ လမ်းဆုံလမ်းခွတချို့တွင်  မဲဆွယ်ဆိုင်းဘုတ်များ ရှိနေသော်လည်း  ယခင်ရွေးကောက်ပွဲများကဲ့သို့ ပါတီများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေခြင်းများ မတွေ့ရသလို   တက်ကြွစွာပါဝင် အားပေးသည့် လူထုလှုပ်ရှားများလည်း ကင်းမဲ့နေသည်။ 

နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားမှု၊ ပြည်သူအများအပြား ထိခိုက်မှု၊ အစုအပြုံလိုက် သေဆုံးမှု၊ နေအိမ်များ မီးရှို့ခံရမှုများ ပေါ်ပေါက်နေသည့် အချိန်တွင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲပြီး ပြုလုပ်မည် ဖြစ်ရာ  စစ်တပ်၏ပါတီ မဖြစ်မနေ အနိုင်ရရန် အာဏာသိမ်းဗိုလ်ချုပ်များ စီစဉ်ထားပြီး ဖြစ်မည်ဟု လေ့လာသူ အများအပြားက ယူဆနေကြပြီး နိုင်ငံတကာအဖွဲ့အစည်းတချို့ကလည်း အတုအယောင် ရွေးကောက်ပွဲဟု ကြိုတင် ကြေညာထားကြသည်။

စစ်တပ်ကမူ  ရွေးကောက်ပွဲကို မိတ်ဖက်နိုင်ငံများက ကူညီပေးနေသည်၊ ပြည်တွင်းတွင်လည်း ရွေးကောက်ပွဲကို ပြည်သူလူထု အများစုက ထောက်ခံသည်ဟု   ဒီဇင်ဘာ ၁၄ ရက်နေ့   နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Related Articles

Back to top button