သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၁၅ နှစ်ထိချနိုင်သည့် အဂတိမှုဖြင့် စစ်ကောင်စီအမှုဖွင့်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအဖွဲ့ဝင်သုံးဦးကို ထောင် ၁၅ နှစ်ထိ ချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့(ဇွန်၉)က အမှုဖွင့်လိုက်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ/မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကို နိုင်ငံရေးရာထူးယူထားစဉ်အတွင်း အဂတိလိုက်စားမှုကျူးလွန်သည်ဟု စစ်ကောင်စီက စွပ်စွဲထားပြီး ယနေ့ (ဇွန်၁၀) ထုတ် သတင်းစာများတွင် အကျယ်တဝင့်ဖော်ပြထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချနိုင်သည်” ဖော်ပြထားသည်။

ပုဒ်မ ၆၃ မှာမူ အဂတိမှုကျူးလွန်ရန် လှုံ့ဆော်၊ အားထုတ်၊ ပူးပေါင်းကြံစည်၊ စီမံခန့်ခွဲ၊ အားပေးကူညီလျှင် မည်သူမဆို အရေးယူခံရမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ဟု စစ်ကောင်စီက ရည်ညွှန်းထားသည့် ကိစ္စများတွင် NLD အစိုးရလက်ထက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းက ၎င်း၏ လုပ်ငန်းများကို ထောက်ခံပေးရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်း၊ အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာတို့ကို ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နေအိမ်၌ သုံးကြိမ်ခွဲပေးခဲ့သည်ဆိုသော အချက်များပါဝင်သည်။ 

အထက်ပါကိစ္စနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်းကိုယ်တိုင် ထုတ်ဖော်ပြောသည်ဆိုသော ရုပ်သံဖိုင်တစ်ခုကို စစ်ကောင်စီက မတ်လအတွင်း ထုတ်ပြန်ခဲ့ဖူးပြီး အဆိုပါရုပ်သံမှာ ဉာဏ်ရည်တုနည်းပညာသုံး (AI)ဖြင့် ဖန်တီးထားသည်ဆိုသော ဝေဖန်မှုများလည်းရှိခဲ့သည်။ 

အဆိုပါရုပ်သံဖိုင် အစစ်အမှန်ဟုတ်မဟုတ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုဖြင့် တရားစွဲဆိုမည်ဟု ပြောကြားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်သုံးဦးကို အဂတိမှုဖြင့် စစ်ကောင်စီက အမှုဖွင့်အရေးယူရာတွင် ဦးဖြိုးမင်းသိန်းကို အရေးယူမည့် စာရင်း၌ ထည့်သွင်းထားခြင်း မရှိပေ။

“နှစ်မျိုးဖြစ်နိုင်တယ်၊ တစ်မျိုးက အစိုးရသက်သေပေါ့ဗျာ။ အပြစ်ရှိတယ်၊ တရားခံထဲမှာပါတယ်။ သို့သော် သူ့ကို တရားသူကြီးရှေ့မှာ ဖြောင့်ချက်ပေးခိုင်းပြီးတော့ ရုံးရှေ့မှာ အဲဒီအတိုင်း (ပြောခိုင်းတဲ့အတိုင်း) ထွက်ပါမယ်ဆိုတဲ့ ကတိနဲ့သက်သေအဖြစ်ထည့်တာ၊ ဖော်ကောင်ပေါ့ဗျာ။ ဒါမှမဟုတ် နောက်တစ်မျိုးက ရိုးရိုးအစိုးရသက်သေ (တရားလိုပြသက်သေ) ဖြစ်နိုင်တယ်” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်စွဲဆိုခံထားရသည့် အမှုခြောက်မှုစလုံးကို တရားလွှတ်တော်ရှေ့နေအဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေသည့် ဦးခင်မောင်ဇော်က ယခုအဂတိအမှုနှင့်ပတ်သက်၍ ရှေ့နေလိုက်ခွင့်၊ အမှုတွဲမိတ္တူကူးခွင့်မရသေး၍ အတိအကျမပြောနိုင်သေးဟု ဆိုသည်။ 

“ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို တာဝန်ပေးမပေးဆိုတာ လာမယ့်တနင်္လာ (ဇွန်၁၄တွင် မူလစွဲဆိုခံထားရသည့် အမှုခြောက်ခုနှင့် သက်ဆိုင်သည့်ရုံးချိန်းရှိ) နေ့ကျမှသိမယ်။ ပေးဖို့များပါတယ်”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း လာဘ်ငွေပေးခဲ့ပါသည်ဆိုသော ကိစ္စအပြင် ဒေါ်အောင်ဆန်းစုကြည်ထူထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင်တောစီမံကိန်းများကြောင့် တိုင်းပြည်ဘဏ္ဍာငွေနစ်နာမှုရှိကြောင်းလည်း စွပ်စွဲထားသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) အတွက် မြေငှားရာတွင် ရာထူးအရှိန်အဝါကို အသုံးချ၍ ထိုက်သင့်သည့် တန်ဖိုးထက် များစွာလျော့နည်းပေးချေခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာမှ ကျပ်သန်း ၅၂၀၀၊ နေပြည်တော်ရှိ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်း မြေငှားရမ်းမှုတွင် အလားတူပြုလုပ်ခဲ့၍ ကျပ် ၁၉ ဘီလျံကျော် နိုင်ငံ့ဘဏ္ဍာမှ နစ်နာခဲ့သည်ဟု စစ်ကောင်စီက ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နှင့် နောင်တစ်ချိန်၌ ပြတိုက်အဖြစ်သုံးရန် ထည့်သွင်းတည်ဆောက်မှုမှာလည်း လရောင်တောစီမံကိန်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသလို အများပြည်သူလှူဒါန်းငွေများထဲမှ ကျပ် ၁ ဒသမ ၆ ဘီလျံကျော်ကို မလျော်ဩဇာဖြင့် သုံးစွဲ၍ ဆောက်လုပ်စေခဲ့သည်ဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကမူ ဒေါ်အောင်ဆန်းစုကြည်အပေါ် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနှင့် စစ်ကောင်စီက စွပ်စွဲမှုများသည် အခြေအမြစ်မရှိဟု ပြောသည်။

၎င်း၏ နှစ်ပေါင်း ၅၀ ခန့် နိုင်ငံရေးနယ်ပယ်အတွေ့အကြုံအရ ဒေါ်အောင်ဆန်းစုကြည်ထက် ရိုးသား၍ အဂတိကင်းသော နိုင်ငံရေးခေါင်းဆောင် မတွေ့ဖူးခဲ့ဟုလည်း ဦးခင်မောင်ဇော်က ဆိုသည်။

“သူ့မှာ ချွတ်ယွင်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးရာလောဘနဲ့ အဂတိတရားကတော့ သူ့ဉာဉ်ထဲမှာ မပါဘူး။ သူ့ကို လောဘနဲ့ အဂတိကျူးလွန်တယ်လို့ စွပ်စွဲသူတွေဟာ ပက်လက်လှန်ပြီး တံတွေးထွေးနေကြတာပါပဲ” ဟု ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည် အထက်ပါအဂတိမှုများကျူးလွန်ရာတွင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့က လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီက အမှုဖွင့်ထားသည်ဆို သော်လည်း အသေးစိတ်အချက်အလက်များ၊ တရားရင်ဆိုင်ရန် ကိစ္စများကို ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။

ပါတီဥက္ကဋ္ဌနှင့် ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများကို စစ်ကောင်စီက အဂတိမှုဖြင့် ထပ်မံအမှုဖွင့်အရေးယူခဲ့ခြင်းအပေါ် NLD တာဝန်ရှိသူများထံမှ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။ 

ထိုသို့အရေးယူဖွယ်ရှိကြောင်း စစ်ကောင်စီက မတ်လအတွင်း စတင်လေသံပစ်ချိန်ကမူ ဦးဖြိုးမင်းသိန်းပေးခဲ့ရသည်ဆိုသော ငွေ၊ ရွှေတို့နှင့် ပတ်သက်၍ “ဘုရား(ထာဝရငြိမ်းချမ်းရေးစေတီ) တည်ဖို့ လှူတဲ့ကိစ္စတွေပါ။ ဒါကို မတော်မတရား အမှုတပ်၊ အများအမြင်လွဲအောင်လုပ်နေပေမယ့် ဘယ်သူက ဘာလဲဆိုတာ လူထုက ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ ပြောနေစရာကိုမလိုဘူး”ဟု NLD ထိပ်တန်းတာဝန်ရှိသူတစ်ဦးက Myanmar Now ကို မှတ်ချက်ပြုဖူးသည်။

Show More

Related Articles

Back to top button