သတင်း

ကယားပြည်နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသော ကယားပြည်နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့နယ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး သုံးဆခန့် မြင့်တက်နေပြီး ဆိုင်အများစုတွင် ဝယ်ယူ၍ပင်မရတော့ကြောင်း၊ ဆန်ဈေးလည်းတက်သွားပြီး လယ်ယာလုပ်ငန်းသုံးပစ္စည်းများပါမကျန် ဈေးကြီးမြင့်ကုန်ကြောင်း ဒေသခံများက ဆိုသည်။ 

လွိုင်ကော်တွင် လွန်ခဲ့သော တစ်ပတ်ခန့်မှစ၍ ရွှေရင်အေးဆန်တစ်အိတ်ကို ပုံမှန်သုံးသောင်းခွဲရှိရာမှ ငါးထောင်ဈေးတက်သွားပြီး ဓာတ်ဆီတစ်လီတာ တစ်ထောင်ကျပ်မှ နှစ်ထောင်ကျပ်အထိ ပေးဝယ်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် နော်ဂျူးက Myanmar Now ကို ပြောသည်။

“တချို့ပစ္စည်းတွေ တော်တော်များများ မရနိုင်တော့ဘူး၊ ကုလားပဲတွေ အခြောက်အခြမ်းတို့ ဝယ်ရင်တောင်မှ ကုန်စုံဆိုင်တွေမှာ မရှိတော့ဘူး။ အသားဘူး ငါးဘူးတွေလည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ 

ပုံမှန်အားဖြင့် ကျပ်နှစ်သောင်းကျော်ပေးဝယ်ရသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ယခုအခါ ကျပ်သုံးသောင်းခွဲအထိ ပေးဝယ်နေရသလို ယခင်က ကျပ်တစ်သောင်းနှုန်းသာရှိသည့် လေးဂါလံခွဲဆန့် ဒီဇယ်ဆီတစ်ပုံးမှာ ကျပ်နှစ်သောင်းခွဲအထိဈေးတက်သွားကြောင်း လွိုင်ကော်မြို့နယ်၊ ဒေါတနောရွာမှ တောင်သူတစ်ဦးက ပြောသည်။

“ဓာတ်မြေဩဇာမတန်တဆ ဈေးတက်ကုန်တယ်။ စိုက်နေတာ တစ်ဝက်ကျော်ပြီ၊ ပြီးခါနီးပြီ။ မြေဩဇာ လိုချင်သလောက်လည်းမရ၊ ဒီဇယ်လိုချင်သလောက်လဲမရ၊ အဲဒီလိုဖြစ်နေတယ်” ဟု လွိုင်ကော်မြို့နယ်၊ ဒေါတနောရွာမှ တောင်သူတစ်ဦးကပြောသည်။

ဇွန်လ မိုးဦးကျသည် တောင်ယာလုပ်ငန်းများ စတင်ချိန်ဖြစ်သော်လည်း ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဝယ်ယူ၍မရခြင်း၊ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား ပစ်ခတ်မှုများရှိ၍ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းပါ ထိခိုက်နေကြောင်း တောင်သူတို့က ဆိုသည်။

“တချို့လဲ မနက်ပိုင်းရတဲ့အချိန် သွားစိုက်နေကြတယ်။ နေ့လယ်မတိုင်ခင်ပြန်လာ အသံ(ပစ်ခတ်သံ) တွေကြားရင် ပြန်လာနဲ့ အဲဒီလိုဖြစ်နေတယ်။ စိုက်သာစိုက်နေရတာ အခြေအနေက ဘယ်လိုမှန်းမသိ ရမ်းသန်းစိုက်နေရတာ” ဟု လွိုင်ကော်ဒေသခံ အခြားတောင်သူတစ်ဦးက ပြောသည်။ 

မြို့နယ် ၇ ခုရှိသည့် ကယားပြည်နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲများစတင်ချိန် မေ ၂၁ နောက်ပိုင်းတွင် ပြည်နယ်တွင်း သွားလာနေသည့် ယာဉ်လိုင်းများလည်း ရပ်နားထားရသဖြင့် ကူးသန်းသွားလာမှု မရှိသလောက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်နယ်၏ အတွင်းပိုင်းကျပြီး သတ္တုမိုင်းများရှိသည့် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်လည်း ဆန်နှင့် စက်သုံးဆီများပြတ်လပ်နေကြောင်း သတ္တုမိုင်းလုပ်သားအချို့က ပြောသည်။

“လွိုင်ကော်ကနေ ဒီဘက်ကို ကုန်ကားတွေ တက်မလာတာပေါ့။ ကျွန်တော်တို့ ကြားရတာက (ဆန်တွေကို) မယ်စဲ့ (ထိုင်းနယ်စပ်)ကနေ သွားဝယ်နေရတယ် ပြောတယ်။ ဒီဇယ်တွေ ဓာတ်ဆီတွေ ပြတ်တာနဲ့ စက်တွေက အလုပ်လုပ်လို့မရတော့ အလုပ်တွေပါ နားလိုက်ရတော့ အိမ်မှာနေလိုက်ရတာ” ဟု သတ္တုမိုင်းလုပ်သား ကိုသန်းလွင်က Myanmar Now ကို ပြောသည်။

မော်ချီးတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆန်ဈေးမှာ သုံးဆကျော်၊ ဓာတ်ဆီဈေးမှာ ငါးဆခန့် တက်သွားခဲ့ပြီး လုံလုံလောက်လောက်ပင်ဝယ်မရတော့ဟု ၎င်းက ဆက်ပြောသည်။

ပုံမှန် ဆန်တစ်အိတ် ကျပ်လေးသောင်းခွဲမှ တစ်သိန်းသုံးသောင်းအထိ ပေးဝယ်ရပြီး ဓာတ်ဆီတစ်လီတာလျှင် ခြောက်ထောင်ကျပ်အထိ ပေးဝယ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၈ မှစ၍ ကယားပြည်နယ်တွင်း အဓိကအဝင်လမ်းဖြစ်သည့် အောင်ပန်း-လွိုင်ကော်လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ချလိုက်ခြင်း၊ ဇွန်လ ၁ ရက်နေ့တွင် လွိုင်ကော်-တောင်ငူလမ်းပိုင်းရှိ သောက်ရေခပ်တံတားပြိုကျခဲ့ခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးရပ်တန့်သွားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့်  စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့တို့၏ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ ပြည်သူတစ်သိန်းခန့် နေအိမ်စွန့်ခွာနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။ 

ကယားပြည်နယ်သည် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူတို့ကို ရက်ရက်စက်စက်နှိမ်နင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို ခုခံရာတွင် နာမည်ကြီးပြီး အထင်ရှားဆုံးမှာ မေ ၂၅ ရက်က မိုးဗြဲရဲကင်းစခန်းကို ဒေသခံတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ယင်းနောက်တွင် စစ်ကောင်စီက ကယားပြည်နယ်အတွင်း ပြည်သူ့ခုခံမှုများကို အင်အားသုံးနှိမ်နင်းနေပြီး ဒီးမော့ဆိုတွင် မေ ၃၁ ရက်က စစ်သုံးရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲခြင်းအပြင် ၁၂၀ မမ အမြောက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်။ 

Show More

Related Articles

Back to top button