
ရန်ကုန် – ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်မှ အသက် ၃ဝ အရွယ် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းကို ကောက်ရခဲ့သူက ဖုန်းထဲမှ ဓာတ်ပုံတို့ကို ဝတ်လစ်စလစ်ပုံများအဖြစ် ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်မည်ဟု ခြိမ်းခြောက်ကာ ငွေတစ်သိန်း တောင်းခဲ့သည်။
ဒုတိယအကြိမ် ခြိမ်းခြောက်ငွေတောင်းစဉ် ထိုပုံများ အမှန်တကယ်ဖန်တီးပြီး ပေးပို့ရာ ထိုအမျိုးသမီးက မြို့နယ်ရဲစခန်းသို့ တိုင်ကြားရန် ကြိုးစားခဲ့သည်ဟု အမှုဖွင့်ရန် လိုက်ပါကူညီသူ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် ARTICLE 19 ၏ ရန်ကုန်ရုံးမှ စီမံရေးရာအရာရှိ မယဉ်ရတနာသိန်းက ပြောသည်။ သို့သော်လည်း ရဲစခန်းက သူတို့၏ တိုင်ကြားချက်ကို လက်ခံခဲ့ခြင်း မရှိဟု ဆိုသည်။
“ရဲစခန်းမှာ အမှုဖွင့်ဖို့ မနက် ၁ဝ နာရီလောက်ကတည်းက ညနေ ၅ နာရီလောက်အထိ သွားစောင့်ခဲ့ပေမဲ့ တာဝန်ကျရဲတွေကလည်း နည်းပညာနဲ့ ပတ်သက်ပြီး နားမလည်၊ စခန်းမှူးပြန်မလာသေးတာနဲ့ အမှုဖွင့်ခွင့် မရခဲ့ဘူး” ဟု မယဉ်ရတနာသိန်းက ရှင်းပြသည်။
Myanmar Now က တာမွေမြို့နယ်ရဲစခန်းသို့ သွားရောက်မေးမြန်းရာ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အိုင်တီနည်းပညာနှင့် ဆက်စပ်သည့် အမှုမျိုး တိုင်ကြားချိန်တွင် စခန်းမှူးရှိမှသာ လက်ခံ အမှုဖွင့်ပေးသည်ဟု ရှင်းပြသည်။
အမျိုးသမီးအများအပြား အင်တာနက်တွင် ခြိမ်းခြောက်၊ ငွေညှစ်ခံနေရသော်လည်း အနည်းငယ်ကသာ ဥပဒေကြောင်းအရ ဖြေရှင်းကြပြီး ထိုသို့ဖြေရှင်းရာတွင်လည်း အာဏာပိုင်များနှင့် ပတ်ဝန်းကျင်၏ ကူညီမှု အလွယ်တကူမရရှိကြကြောင်း ကာယကံရှင် အမျိုးသမီးများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
အွန်လိုင်းအကြမ်းဖက်မှု
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် မရတနာကျော်သူ (အမည်လွှဲ) ကို ယခုနှစ်လယ်ပိုင်းတွင် အမျိုးသားအများအပြားက ပျော်ပါးရန် ဖုန်းဆက်ပြောဆိုမှု အကြိမ်ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။
သူ၏ဓာတ်ပုံများ၊ ဖုန်းနံပါတ်တို့ကို Facebook စာမျက်နှာတစ်ခုတွင် တစ်စုံတစ်ယောက်က တင်ထားပြီးနောက်ပိုင်း ဖုန်းဆက် စျေးမေးလာကြခြင်းကြောင့် ဖုန်းကတ်ကို ပြောင်းလဲအသုံးပြုခဲ့ကြောင်း ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရဲစခန်းကို မတိုင်ချင်ဘူး။ အမှုဖွင့်ရင်၊ တရားရင်ဆိုင်ကာလက ရှည်သွားရင် အလုပ်ပျက်အကိုင်ပျက်လည်း ဖြစ်ဦးမယ်၊ ကိုယ့်ကြောင့် အိမ်က မိဘတွေ ဂုဏ်သိက္ခာကျမှာလည်း မလိုလားဘူး” ဟု အသက် ၂ဝ ကျော်အရွယ် မရတနာကျော်သူက ဆိုသည်။
အဆိုပါ စာမျက်နှာ ရုပ်သိမ်းသွားနိုင်ရေးအတွက် အင်တာနက်သုံးသည့် သူ့မိတ်ဆွေများက Facebook ထံ တိုင်ကြားကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
ရန်ကုန်အခြေစိုက် Colours Rainbow အဖွဲ့မှ ရှင်းသန့်က လိင်တူချစ်သူများကို အွန်လိုင်းတွင် အမုန်းစကားပြောကြားခြင်း၊ လိင်ပိုင်းဆိုင်ရာ သွေးတိုးစမ်းခြင်း၊ မိမိပုံကို အပြာဝက်ဆိုက်တွင် တင်မည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ပြောသည်။
“တချို့ယောက်ျားတွေက နှမသားချင်းမစာနာဘဲ ဖုန်းဆက်ပြီး စျေးမေးကြတယ်။ နောက်ဆုံး ဖုန်းလာရင်တောင်မှ မကိုင်ရဲတဲ့အဖြစ်မျိုးလေးတွေလည်း ရှိပါတယ်” ဟု ရှင်းသန့်က ပြောပြသည်။
အင်တာနက် လူမှုကွန်ရက်သုံးသူ အမျိုးသမီးတချို့သည် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခံနေရသည်၊ တည်းခိုခန်း၊ ပန်းခြံအတွင်း လူပြတ်သောနေရာတို့တွင် ချိန်းတွေ့သော စုံတွဲတချို့ကို လျှို့ဝှက်ရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုဖိုင် အများအပြားလည်း အင်တာနက်စာမျက်နှာတွင် ရှိနေသည်။
ရန်ကုန်အခြေစိုက် Gender Equality Network အဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ မအေးသဒ္ဒါလှက “နှစ်ကိုယ်ကြားပဲ မြင်တွေ့သင့်တဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေတာ အများဆုံးတွေ့ရတယ်။ အဲ့ဒီလို အွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရတဲ့အခါ အမျိုးသမီးအများစုက ဥပဒေရဲ့အကူအညီ မရယူတာကို တွေ့ရတယ်” ဟု ပြောသည်။
၎င်းတို့အဖွဲ့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေကြမ်း ရေးဆွဲစဉ်က အစိုးရကို နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုတွင် နည်းပညာနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုကိုလည်း ထည့်သွင်းထားသည်ဟု သူက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဦးနေမျိုးကျော် ခေါ် ဘလော်ဂါ နေဘုန်းလတ်က အွန်လိုင်းသုံးစွဲသူအများစု ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု အားနည်းနေသဖြင့် အစိုးရရုပ်သံက နည်းပညာနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ ထုတ်လွှင့်ပေးသင့်သည်ဟု ဆိုသည်။
“ပညာပေးရော ပညာရေးရောကို တစ်ပြိုင်တည်း ဟန်ချက်ညီညီ လုပ်ဆောင်သင့်ပါတယ်” ဟု ဦးနေမျိုးကျော်က ပြောသည်။
အာဏာပိုင်တို့နှင့် နည်းပညာအားနည်းချက်
အကြမ်းဖက်မှုလျော့နည်းလာစေရန်အတွက် အဓိကကြီးသည်မှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
နိုင်ငံတကာကဲ့သို့ပင် နည်းပညာနှင့် ပတ်သက်သည့် ကိစ္စများကို ဖြေရှင်းပေးသည့် ဆိုက်ဘာ (Cyber) ရဲတပ်ဖွဲ့ သီးသန့်ဖွဲ့စည်းရန် လိုအပ်ကြောင်း ဦးနေမျိုးကျော်က သုံးသပ်သည်။
“ရဲဌာနတွေကိုလည်း အဆင့်မြှင့်တင်ဖို့ လိုပါတယ်၊ အိုင်တီနဲ့ပတ်သက်ပြီး ပညာပေးတာတို့၊ စွမ်းဆောင်ရည်မြှင့်ပေးတာတို့ လုပ်သင့်ပါတယ်” ဟု လွှတ်တော်အမတ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုရဲမှူးတစ်ဦးက မြန်မာနိုင်ငံတွင် ဆိုက်ဘာရဲတပ်ဖွဲ့ သီးသန့်မရှိသော်လည်း စီအိုင်ဒီ မှုခင်းရဲတပ်ဖွဲ့အောက်တွင် နည်းပညာမှုခင်းအဖွဲ့ရှိပြီး ညွှန်ကြားချက်ရှိလာပါက အွန်လိုင်းမှုခင်းနှင့် ပတ်သက်သည်များကို စစ်ဆေးပေးသည်ဟု ဆိုသည်။
အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စော်ကားခြင်းတို့နှင့် ကြုံတွေ့ရလျှင် ကာယကံရှင်က အီလက်ထရွန်နစ် သက်သေအထောက်အထားတင်ပြပြီး တရားစွဲဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနက ကြေညာချက်ထုတ်ထားသည်။ မြို့နယ်တရားရုံး၊ ရဲစခန်းတို့တွင် ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထား တိုင်တန်းလာလျှင် အရေးယူနိုင်ရန် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ တွင် လက်မှတ်ထိုးထားသည်။
၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း တစ်ခုခုကို ကျူးလွန်ပါက ငွေဒဏ်မှ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
“၆၆(ဃ) လို ပုဒ်မမျိုးက ပေါ်တာမကြာသေးဘူး။ နည်းပညာကိုလည်း သေသေချာချာနားမလည်၊ ဘယ်ဖြစ်စဉ်က ပြစ်မှုမြောက်လဲဆိုတာကို သေသေချာချာနားမလည်သေးတော့ စခန်းမှူးရှိတဲ့အချိန်ပဲ ပုဒ်မတပ် အမှုဖွင့်ပေးတဲ့သဘောပါ” ဟု တာမွေမြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့က နည်းပညာအားနည်းသဖြင့် ပြည်သူတို့ကို အကာအကွယ်ပေးရာတွင် ခက်ခဲနေသည်ဟု ရန်ကုန်မှ အထင်ကရ ရှေ့နေတစ်ဦးဖြစ်သည့် ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။
“အွန်လိုင်းပေါ်မှာ အကြမ်းဖက်ခံရမှုတွေဖြစ်ရင် အခုလက်ရှိအနေအထားအရ နိုင်ငံတော်နဲ့ဆိုင်နေတဲ့ အမှုကိစ္စတွေကိုတော့ ဖော်ထုတ်အရေးယူနေပါတယ်။
သာမန်လူတွေဖြစ်တဲ့ကိစ္စကိုတော့ အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး” ဦးရောဘတ်စန်းအောင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံကို ပြုပြင်ပြီး အင်တာနက်တွင် ဖြန့်ဝေမှုဖြင့် အရေးယူခံရသူများ၊ အမှုရင်ဆိုင်နေရသူများ ရှိနေသည်။
ပတ်ဝန်းကျင်
ဖုန်းကတ်စျေးနှုန်း ကျပ်သိန်းဂဏန်းပေါက်စျေးရှိသည့်ကာလတွင် မှတ်ပုံတင်ပြီး အသုံးပြုကြသော်လည်း စျေးနှုန်း ကျပ်ထောင့်ငါးရာအထိ ကျဆင်းလာပြီး နိုင်ငံအနှံ့ ကတ်အရေအတွက် သန်းနှင့်ချီ ရောင်းချစဉ် ဆက်သွယ်ရေးကုမ္ပဏီတို့က မှတ်ပုံတင်သည့်လုပ်ငန်း လုပ်ဆောင်ခြင်း မရှိတော့ပေ။
အကျိုးဆက်မှာ မည်သည့်ဖုန်းနံပါတ်ကို မည်သူအသုံးပြုနေသည် ဆိုသည့် အချက်အလက်များမှာ အာဏာပိုင်တို့ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးပေ။ Facebook, Viber အကောင့် အတုဖွင့်ထားသူအများအပြား ပေါ်ပေါက်လာချိန်တွင် ဖုန်းကတ်ဖြင့် အင်တာနက်သုံးစွဲပြီး ပြစ်မှုကျူးလွန်သူတို့ကို ခြေရာခံရ ခက်ခဲလာသည်။
ရန်ကုန်အခြေစိုက် အိုင်တီဖွံ့ဖြိုးရေးအဖွဲ့တစ်ခုဖြစ်သည့် Myanmar ICT for Development Organization (MIDO) မှ တာဝန်ခံတစ်ဦးဖြစ်သည့် မရတနာထွန်းက အကြမ်းဖက်ခံရသူဘက်မှ ရပ်တည်ကြရန် လိုအပ်သည်ဟု ပြောသည်။
“ကိစ္စတစ်ခု အင်တာနက်ပေါ် ရောက်ပြီဆိုတာနဲ့ ဒါက အမှန်ပဲဆိုပြီးတော့ ယူဆတဲ့သူတွေ ရှိသလို၊ အခုလို အွန်လိုင်းမှာ အကြမ်းဖက်ခံရ၊ အရှက်ခွဲခံရတယ်ဆိုရင် လူတွေက ခံလိုက်ရတဲ့သူတွေကို စာနာတာမျိုး မဟုတ်ဘဲ၊ ခံရတဲ့သူကိုပဲ အပြစ်ပုံချတာမျိုးတွေ ရှိတယ်” ဟု သူက ဆိုသည်။
Colours Rainbow မှ ရှင်းသန့်ကလည်း မတရားမှုမှန်းသိပါလျက်နှင့် ကြားနေခြင်းသည် အကြမ်းဖက်သူဘက်မှ ရည်တည်သကဲ့သို့ ဖြစ်သွားနိုင်သည်ဟု သတိပေးသည်။
အိုင်တီ၊ မီဒီယာ၊ အရပ်ဘက်အဖွဲ့များကို ဆက်စပ်အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် ဖန်တီးရာအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သည့် မအိမြတ်နိုးခင်က အကြမ်းဖက်ခံရသူကို ပတ်ဝန်းကျင်က ဖေးမဝိုင်းဝန်းရန် အားနည်းနေဆဲဖြစ်သည်ဟု ပြောသည်။
“အမျိုးသမီးတစ်ဦး အရှက်ခွဲခံရတယ်။ အကြမ်းဖက်ခံရတယ်ဆိုရင် အပြစ်တင်တဲ့အထဲမှာ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြောချင်တာက အမျိုးသမီးတွေကိုလည်း အမျိုးသမီးတွေက ချစ်ဖို့လိုပါတယ်” ဟု မအိမြတ်နိုးခင်က ဆိုသည်။
အွန်လိုင်းအကြမ်းဖက်မှုကို တွေ့မြင်ပါက ကန့်ကွက်ခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းပြုလုပ်သင့်သည်ဟု Gender Equality Network အဖွဲ့မှ မအေးသဒ္ဒါလှက အွန်လိုင်းသုံးသည့် အမျိုးသားများကို တိုက်တွန်းလိုက်သည်။
“အခုက ကျူးလွန်တဲ့ အမျိုးသားက လက်တစ်ဆုပ်စာပဲ ရှိတယ်၊ လျစ်လျူရှုထားတဲ့ အမျိုးသားက အများစုဖြစ်နေတယ်” ဟု မအေးသဒ္ဒါလှက ပြောသည်။ ။