National Anti-Scam Center ဟုခေါ်သော ကျားဖြန့်တိုက်ဖျက်ရေးစင်တာတစ်ခုကို စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီး ဦးဆောင်သော အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သည့်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီက တည်ထောင်ရန် စီစဉ်နေကြောင်း စစ်ကော်မရှင်ထိန်းချုပ်ထားသည့် သတင်းစာများတွင် ဒီဇင်ဘာလ ၁၂ ရက်က ဖော်ပြသည်။
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော အဆိုပါ ဗဟိုကော်မတီဖွဲ့အပြီး နောက်တစ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၁၁ ရက်တွင် ပထမအကြိမ်ဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးတွင် ကျားဖြန့်တိုက်ဖျက်ရေးစင်တာ တည်ထောင်မည့်အကြောင်း ပြောသွားခြင်းဖြစ်သည်။
အဆိုပါ စင်တာကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ထောင်မည်ဖြစ်ပြီး ငွေကြေးမည်မျှ သုံးစွဲမည်ကိုမူ လတ်တလောမသိရသေးပေ။
အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေးကို နယ်စပ်ဒေသတွင် အမြစ်ပြတ်ရှင်းလင်းရန်နှင့် ပြည်တွင်းအထိ ရောက်မလာနိုင်ရေး လုပ်ဆောင်ရာ၌ ထိရောက်နိုင်ရန် လိုအပ်သဖြင့် ဗဟိုကော်မတီ ဖွဲ့ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ကျားဖြန့်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး မဟာဗျူဟာများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်း ရေးဆွဲချမှတ်ခြင်း၊ အဖွဲ့တွင်ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့များအကြား လုပ်ငန်းပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လိုအပ်သော လူအင်အား ၊ နည်းပညာနှင့် ဘဏ္ဍာငွေများ စနစ်တကျခွဲဝေချထားခြင်းနှင့် စီမံခန့်ခွဲခြင်းတို့လုပ်ဆောင်မည်ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
ထို့ပြင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှု ကွန်ရက်များ၏ သတင်းအချက်အလက်များ စုဆောင်း၊ စိစစ်ကာ သက်ဆိုင်ရာအဖွဲ့များသို့ ဖြန့်ဝေခြင်း၊ လိမ်လည်မှု ကျူးလွန်သူများနှင့် Scam (ကျားဖြန့်) စင်တာများ ဖော်ထုတ်၍ ဥပဒေနှင့်အညီ တရားစွဲနိုင်ရေး လုပ်မည်ဟုလည်း စစ်ကော်မရှင်ဝန်ကြီးက အစည်းအဝေးတွင်ပြောသည်။
ကျားဖြန့်နှိမ်နင်းရေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်သော INTERPOL ၊ ASEANPOL တို့နှင့် ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုတိုက်ဖျက်ခြင်း၊ လိမ်လည်မှုမှ ရရှိသော ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ခြေရာခံ၍ သိမ်းဆည်းထိန်းချုပ်နိုင်ရေး လုပ်ဆောင်မည်ဟုလည်း ၎င်းက ဆိုသည်။
Scam (ကျားဖြန့်) စင်တာများတွင် ပိတ်မိနေသောနိုင်ငံသားနှင့် နိုင်ငံခြားသားများကို ကယ်ဆယ်ရန် အစီအစဉ်ချမှတ်၍ ညှိနှိုင်းဆောင်ရွက်ခြင်း ၊ ကယ်ဆယ်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ လုံခြုံစွာပြန်ပို့နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့များ၊ သံရုံးများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟုလည်း ပြောသည်။
စစ်ရေးနှင့် နိုင်ငံရေးလေ့လာသည့် မြန်မာသုတေသီ အမျိုးသားတစ်ဦးကလည်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများ အကြောင်း နာမည်ဆိုးထွက်နေသည်မှာ ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်သော်လည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း နှစ်နှစ်ခန့် အကြာမှ စစ်ကော်မရှင်ဘက်က ကော်မတီဖွဲ့ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းဆိုသည်။
စစ်ကော်မရှင်၏ နှစ်နှစ်အကြာမှ ကျားဖြန့်တိုက်ဖျက်မှု ကြီးကြပ်ရေးဗဟိုကော်မတီ ဖွဲ့ခြင်းသည် အမေရိကန်နိုင်ငံဘက်က အရေးယူလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“အမေရိကန်ကနေပြီးတော့ စောချစ်သူနဲ့ DKBA ကို ဒီလုပ်ငန်းတွေမှာ တာဝန်ရှိတဲ့ တရားခံစာရင်းကြေညာလိုက်ပြီ။ နောက်ထပ်ဆိုရင် အမေရိကန်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီးတော့ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေကိုပါ အမေရိကန်က ဝရမ်းထုတ်လာမှာကို ကြောက်တာ။ တရုတ်ကို သိပ်မကြောက်ဘူး။ အမေရိကန်က အဲဒီလိုမဟုတ်ဘူး။ သူတို့ကို လိုအပ်ရင် စစ်ရေးအရ အရေးယူမယ်။ လိုက်သတ်နိုင်တဲ့အတွက် အဲဒါကို ကြောက်လို့ ကျားဖြန့်ကော်မတီကို အခုမှထဖွဲ့တာ” ဟု မှတ်ချက်ပေးသည်။
စစ်ကော်မရှင်၏ ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီအနေနှင့် ၎င်းတို့ထုတ်ပြောထားချက်များအား မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို စောင့်ကြည့်ရဖွယ်ရှိကြောင်း လေ့လာသူအချို့က ဆိုသည်။
စစ်ကော်မရှင်ဘက်ကမူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေသူများအပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်သည့် နေရာများအား ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဖော်ထုတ်အရေးယူခဲ့ရာ နိုင်ငံခြားသား ၇၀၀၁၆ ဦးကို စိစစ်တွေ့ရှိခဲ့ကြောင်း မြန်မာ့အလင်းသတင်းတွင် ဖော်ပြသည်။



