သတင်း

ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံသုံးဦးသေဆုံး 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ ယနေ့ (ဇွန် ၅) နံနက်ပိုင်းက လှေဆွဲရွာတွင် ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းရာမှ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံသုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကျုံပျော်မြို့ အရှေ့မြောက်ဘက် သုံးမိုင်အကွာရှိ လှေဆွဲရွာမှ ဦးကျေးဆိုသူကို လက်နက်တင်ပို့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် ဦးကျေးသည် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာထွက် ငှက်ပျော်သီးများကို ရန်ကုန်သို့ တင်ပို့ရောင်းချနေသူဖြစ်သည်။ 

ဦးကျေးဖမ်းဆီးခံရသည်ဆိုသော သတင်းကြောင့် လှေဆွဲရွာအပါအဝင် အနီးရှိရွာများမှ ရွာသား ၈၀ ခန့်က လှေဆွဲရွာထိပ်တွင်စောင့်ကာ ပြန်လည်ကယ်ယူရန် ကြိုးပမ်းစဉ် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဘက်ကလဲ ရွာထဲဝင်တဲ့အချိန်မှာ ရွာထိပ်မှာ ကင်းထားခဲ့တာကိုး။ အဲ့ကင်းနဲ့ ကျနော်တို့ ထိပ်တိုက်တွေ့တာပေါ့။ သူတို့က ကျနော်တို့ကို တွေ့သွားတော့ သူတို့ကအရင် စပစ်တာပေါ့” ဟု အထက်ပါ ဒေသခံရွာသားက ပြောသည်။ 

စစ်ကောင်စီတပ်များသည် ဆိုင်ကယ်ခြောက်စီး၊ ကားတစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး အင်အား ၂၀ ကျော်ရှိသည်ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က စတင်ပစ်ခတ်တိုက်ခိုက်သောကြောင့် ရွာသားများက လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ဆိုသည်။ 

“ကျနော်တို့ဆီမှာက လက်လုပ်တဲ့ ဂတ်စ်သေနတ်လေးတွေရှိတယ်။ အပြန်အလှန်ပစ်တယ်ဆိုပေမယ့် ကျနော်တို့သေနတ်တွေက ဘာမှမထိရောက်ဘူးလေ။ ပေ ၂၀၀ လောက်ပဲသွားတာ။ သေနတ်သံကလည်း ဒီဘက်မှာ မကြားဖူးသေးတော့ လန့်ကုန်တာပေါ့။ (စစ်တပ်) အဆက်မပြတ်ပစ်တာ။ သေနတ်သံတွေကို အဆက်မပြတ်ကိုကြားရတာ” ဟု ၎င်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး သေနတ်ကျည်ဆန်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့သည်ဟု သိရသည်။ 

“ကျနော်တို့က သုံးဖွဲ့ထားထားတာပေါ့။ ရှေ့ဆုံးတစ်ဖွဲ့၊ အလယ်တစ်ဖွဲ့၊ နောက်ဆုံးကတစ်ဖွဲ့ပေါ့။ ရှေ့ဆုံးက အဖွဲ့က ကုလားဆိုတဲ့ကောင်လေးကို အရင်မှန်တာ။ အသက်က ၂၀ ကျော်လောက်ရှိတယ်။ နောက်တစ်ယောက်က သူ့အဖေ။ သူ့သားကိုထိတော့ ငါ့သားကို မထားခဲ့နဲ့ဆိုပြီး ခေါင်းထောင်လိုက်တာ ပခုံးကို အရင်မှန်တယ်။ ပြီးတော့မှ ခေါင်းကို ထပ်မှန်တယ်“ ဟု အထက်ပါလှေဆွဲရွာသားက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူနောက်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် အကြီးကောင်ဆိုသူ အမျိုးသားဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကားသုံးစီးဖြင့် ထပ်မံရောက်ရှိလာကာ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု သိရသဖြင့် ရွာသားများဘက်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ 

လှေဆွဲရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသောကြောင့် အနီးရှိရွာများဖြစ်သော ပျဉ်းကတိုးကုန်း၊ ဒေါင်းအိုင်၊ ဇရစ်ရိုးကြီး၊ ဇရစ်ရိုးလေး၊ ကမ်းနား၊ တူးမြောင်း၊ ထန်းတောနှင့် ကုန်းသာရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဒေသခံများကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနှိပ်စက်နေသဖြင့် မခံမရပ်နိုင်ဖြစ်လာသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် ဒေသခံများက ရိုးရာတူမီးသေနတ်များ၊ လက်လုပ်သေနတ်များ စသဖြင့် ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပထမဆုံးအကြိမ် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

Show More

Related Articles

Back to top button