အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို ဝန်ကြီးဌာနအချို့ လျှော့ချကာ ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက် သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ- CRPH က ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့သစ်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် ဒုတိယ သမ္မတ (ယာယီ သမ္မတ) ဒူဝါလရှီးလတို့က ဆက်လက် တာဝန်ယူထားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် အဖြစ် မန်းဝင်းခိုင်သန်းက ဆက်လက်တာဝန်ယူထားပြီး ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းပြီးနောက် ဒေါက်တာဇော်ဝေစိုးက ဝန်ကြီးဌာနပြောင်းလဲရောက်ရှိလာခြင်း ဖြစ်သည်။
ယခင် ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး တာဝန်ယူထားသည့် ဒေါက်တာဇော်ဝေစိုးသည် ပြည်ပနိုင်ငံတစ်ခုမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ၎င်းကို ရာထူးအပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUG အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“သူက မြေပြင်မှာလည်း ရှိတယ်။ ကျန်းမာ၊ ပညာကလည်း နဂိုကတည်းက ဒုဝန်ကြီးတွေကပဲ အလုပ် လုပ်နေတာ။ သူက အရှိန်အဝါနဲ့ပဲ အလုပ်လုပ်နေတာပေါ့။ သူက ဟိုဘက်ကို ပိုပြီးတော့ အလုပ် လုပ်ချင် လို့ပေါ့” ဟု ၎င်းက ပြောသည်။
“ မြေပြင်မှာတော့ တခြား အလုပ်တွေပေါ့။ ကျန်တဲ့လုပ်ငန်းတွေမှာပါ သူက ဝင်ပါချင်တော့ ဝန်ကြီးချုပ်ရုံး ဝန်ကြီးပေါ့။ ဖက်ဒရယ် ချာတာမှာက ဒုတိယဝန်ကြီးချုပ်ဆိုတာ မရှိဘူးလေ။ ခန့်လို့မရတော့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ခန့်လိုက်တာပေါ့။ အဲဒီ သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ အပါအဝင် ဝန်ကြီးဌာန အများစု၏ ဝန်ကြီးများ ပြောင်းလဲမှုမရှိသည်ကို တွေ့ရသည်။
ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဂျာထွယ်ပန်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။
ထို့အပြင် ယခင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး၏ နေရာတွင် ဖျက်သိမ်းလိုက်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်က တာဝန်ယူထားသည်။
ယခင် အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး စိုင်းခိုင်မျိုးထွန်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးတို့ အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်ကို တွေ့ရသည်။
“တော်လှန်ရေးမှာ ကျရာနေရာက တာဝန်ယူပေးဖို့ အဆင်သင့်ပါပဲ။ တာဝန်တွေပိုကြီးလာတဲ့အတွက် ပြည်သူတွေ စိတ်မပျက်ရအောင်ကြိုးစားပါ့မယ်။ ပြည်သူတွေလည်း ဝိုင်းဝန်းပူးပေါင်းကူညီပေးကြပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာ ဒုဝန်ကြီးဖြစ်လာသူ ဦးကျော်နီက ပြောသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ဆိုင်ရာဝန်ကြီးဌာနတို့ ဖျက်သိမ်းလိုက်ပြီး အလုပ်သမား ဝန်ကြီးဌာနကို လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းလိုက်သည်ကို တွေ့ရသည်။
“ဖြုတ်တာတွေ ဖယ်တာတွေကတော့ သိပ်ပြီးတော့ Impact (သက်ရောက်မှု) မကြီးပါဘူး။ ဆရာဇော်ဝေစိုး ဖြစ်သွားတာရယ်။ ကိုကျော်နီ ပြည်ထဲရေးဒုဝန်ကြီး တရားဝင်ဖြစ်သွားတာရယ်။ ဒီလောက်ပဲ ရှိပါတယ်။ ကျန်တာတော့ မထူးခြားပါဘူး” ဟု အထက်ပါ NUG တာဝန်ရှိသူက Myanmar Now ကို ဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် တော်လှန်ရေးလိုအပ်ချက်အရ ဝန်ကြီးဌာန ၁၀ ခု ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လိုအပ်ချက်အရ ဝန်ကြီးဌာန ခုနစ်ခုကို ထပ်မံ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
ထို့နောက် တော်လှန်ရေး ငါးနှစ်ကာလသို့ ရောက်ရှိလာချိန်တွင် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဖွဲ့စည်းပြီး လုပ်ငန်းသဘောသဘာဝတူသော ဌာနများကို ကျစ်ကျစ်လျစ်လျစ်ဖြစ်စေရန် ပေါင်းစည်းခြင်း၊ အချို့ဝန်ကြီးဌာနများကို ရပ်နားလိုက်ပြီး ဝန်ကြီးဌာန ၁၇ ခုမှ ၁၂ ခုသို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု CRPH က ထုတ်ပြန်သည်။



