လူစည်ကားပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အထင်ကရ သပိတ်ခေါင်းဆောင်တွေ ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့လယ် ဈေးတစ်ခုကို ဆန္ဒပြမှုအပြီး နောက်တစ်ရက်အကြာမှာ စစ်တပ်က အင်အားသုံးဖျက်ဆီးခဲ့သလို ဈေးသည်တွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ထင်ရှားသူတွေဖြစ်ကြတဲ့ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့လယ်က ဈေးချိုအနီးမှာ ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက ပြောက်ကျားဆန္ဒပြခဲ့ကြတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ခရီးစဉ်အတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ပေါ်ပေါက်လာတာပါ။
စစ်တပ်ဦးဆောင်ပြီး ပျူစောထီး၊ ထွေအုပ်၊ ရဲ၊ စည်ပင်နဲ့ အပြာရောင်ယူနီဖောင်းဝတ် လက်နက်ကိုင်တွေပါဝင်တဲ့ အင်အား ၂၀၀ကျော်က တော်လှန်ရေးအင်အားစုတွေ ဆန္ဒပြခဲ့တဲ့ ဈေးတန်းကို ဒီဇင်ဘာ ၄ရက်ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဈေးဆိုင် ၅၀ကျော်ကို ဖျက်ဆီးခဲ့ပြီး ဈေးကိုလည်းပိတ်ထားတယ်လို့ အဲ့ဒီဈေးအနီးနေထိုင်တဲ့ မြို့ခံအမျိုးသားတစ်ဦးက ဒီဇင်ဘာလ ၅ရက်နေ့မနက်ပိုင်းက ပြောပါတယ်။
ဆန္ဒပြခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေပါဝင်ပေးကြဖို့ ဆော်ဩထားပါတယ်။
သတင်း၊ နေမင်းနီ၊ တင်ဆက် – ဟန်လင်း
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



