အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့ (မေ ၃၁) နံနက်အစောပိုင်းက စစ်ကောင်စီတပ်စခန်းများကို တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအခြေပြု စစ်ကောင်စီ၏ ခလရ(၁၂၃) တပ်စခန်းနှင့် ရဲစခန်းအပါအဝင် လေးနေရာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နံနက် ၁ နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး အချိန်နှစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

နမ့်ဖက်ကာရွာမှ ကွတ်ခိုင်ဘက်အထွက်ရှိ လျှပ်စစ်ရုံးနေရာ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးလည်း သေဆုံးခဲ့ကြောင်း နမ့်ဖက်ကာရွာခံတစ်ဦးက ပြောသည်။

ထို့ပြင် အခြားနေရာတိုက်ပွဲများ၌လည်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။ ထို့ပြင် အမျိုးသမီးတစ်ဦးလည်း ခြေထောက်ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ထိုဒေသခံက ဆိုသည်။ 

ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ နမ့်ဖက်ကာတိုက်ပွဲသတင်းဖော်ပြမှုတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း ပါရှိသည်။ စစ်ကောင်စီတပ်ထံမှ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း ရွှေဖီမြေက ဖော်ပြခဲ့သည်။

နမ့်ဖက်ကာတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ TNLA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံကို ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ 

နမ့်ဖက်ကာတိုက်ပွဲသည် လက်နက်ကိုင်အဖွဲ့များက စစ်တပ်အာဏာသိမ်းခြင်းကို လက်မခံကြောင်းပြသမှုဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသူ ရှမ်းမြောက်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“တရုတ်ဖိအားကြောင့် တရားဝင်ထုတ်မပြောရင်တောင် သူတို့ တခြားနည်းလမ်းကနေ တပ်မတော် စစ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ သူတို့အမြင်လည်းရှိတာပေါ့။ လက်ရှိအချိန်မှာ အသတ်ခံရတာ ကျွန်တော်တို့ တအာင်းတွေလည်း ပါလာတဲ့အခါကျတော့ တပ်မတော်ဘက်က အားနည်းရင် အားနည်းသလို သူတို့ကလည်း တိုက်တဲ့အနေအထားမျိုးရှိတာပေါ့” ဟု ​၎င်း​က ပြောသည်။

ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ခြင်းရှိမရှိသည် စစ်ကောင်စီက ဒေသခံများအပေါ် အကြမ်းဖက်နှိမ်နင်းမှု ရှိမရှိအပေါ် မူတည်နေပြီး ယခုရက်ပိုင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်၌ လူထုဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်မှုနှိမ်နင်းမှု ပြုလုပ်လာသည်ကို တွေ့ရကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“ဒီလိုမျိုးတွေ ထပ်ဖြစ်လာရင် လူထုတွေကလည်း အငြိမ်မနေဘူးလေ တောင်းဆိုမှာပဲ။ တောင်းဆိုလာရင် လက်နက်ကိုင်တွေဘက်ကလည်း ဒါကို လွန်ဆန်နိုင်မယ်လို့ မထင်ဘူး။ သူတို့လူထုထိလာရင် သူတို့လူထုတောင်းဆိုရင် တိုက်ပွဲတွေဆက်ဖြစ်လာမှာပဲ” ဟု ၎င်းက ​ပြောသည်။

ရှမ်းမြောက်ဒေသတွင် TNLA နှင့် MNDAA သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ကလည်း စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်လျက်ရှိပြီး မကြာသေးမီက မြန်မာ – တရုတ်နယ်စပ်မြို့ မူဆယ်မှ လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်သုံးဆီတင်ယာဉ်များကို KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button