စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် နိုဝင်ဘာလ လဆန်းကစပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာပေါင်း ၂၀ ကို စီးနင်းမီးရှို့ပြီး ဆက်သွယ်ရေးအရ အရေးပါသည့် ရွှေဘို – မန္တလေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ဝက်လက်နယ်အနောက်ခြမ်းတွင် နှစ်ပတ်ကျော်ဆက်တိုက် စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ရွှေဘို – မန္တလေးလမ်းဘေးဝဲယာရှိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦး၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥယျာဉ်မ၊ ရွာသာကြီး၊ သရက်ကြီး၊ ဘုရားပြန်၊ ကျီးကန် (တောင်)၊ ကျီးကန် (မြောက်)၊ ဥတည်ကုန်းတို့ကို မီးရှို့ခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။
“စစ်ကြောင်းကအဲ့ဒီနားမှာပဲ ပတ်မွှေနေတာ။ စစ်ကြောင်းကအင်အား ၁၀၀ ကျော် ၁၅၀ လောက်နဲ့ အထိုင် စခန်းကနေ နှစ်ကြောင်းခွဲ ခွဲပြီးတော့ထိုးနေတာ။သူတို့ဝင်တဲ့ရွာတိုင်းကိုမီးရှို့နေတာ။ဖျက်ဆီးနေတာ”ဟု ဝက်လက်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင် တစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်း ရှိနေဆဲဖြစ်၍ ဒေသခံများ နေရပ်မပြန်ရဲသေးသည့်အတွက် ပျက်စီးဆုံးရှုံးသည့် အိမ်ခြေအရေအတွက် အတိအကျကို မသိရသေးသော်လည်း အိမ်ခြေ ရာနှင့်ချီပျက်စီးနိုင်ကြောင်း ဒေသခံများကဆိုသည်။
ယခုမီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာများအနက် ကျီးကန်၊ ပင်းဇင်း၊ တမာကုန်းတို့သည် ယခင်ကလည်း မီးရှို့ဖျက်ဆီး ခံထားရသည့် ကျေးရွာများဖြစ်ပြီး မူးကြီးရွာသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် မီးရှို့ခံရသည်မှာ လေးကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်းသိရသည်။
မီးရှို့ဖျက်ဆီးခံရမှုအခြေအနေများကို စာရင်းပြုစုနေသည့် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar အဖွဲ့၏ ယခုနှစ်ဆန်းပိုင်းထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် လက်အောက်ခံ အဖွဲ့များ၏ မီးရှို့မှုကြောင့် နေအိမ်တစ်သိန်းကျော်ပျက်စီးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်ပြီး နေအိမ် ၇၆,၀၀၀ ကျော်ပါဝင်သည်။
“အဓိကသူတို့ကတော့ ရွှေဘို – မန္တလေးလမ်းကို စိုးမိုးချင်တဲ့သဘောရှိတယ်။ ဆားတောင်ဘက်ကနေ ပြီးတော့ ရွာစဉ်တော်တော်များများ ဝက်လက်အနောက်ခြမ်းကိုမီးရှို့တာပေါ့။ အဲ့ဒီအရင်ကတော့ အရှေ့ခြမ်းကိုပတ်မွှေတာ မျိုးရှိတယ်။ သူက တစ်ခြမ်းခြင်းလုပ်နေတဲ့သဘောမျိုးရှိတယ်။ အနောက်ခြမ်းကတော့ လမ်းမကြောကြီးရှိတော့ အဲ့ဒီလမ်းမကြောကြီးကို စိုးမိုးမှု ပြန်ယူချင်တဲ့သဘောမျိုးလို့ထင်တယ်”ဟု ဝက်လက်မြို့နယ်တွင်လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က မှတ်ချက်ပြသည်။
ရွှေဘို – မန္တလေးလမ်းကြောပေါ်တွင် စစ်တပ်က စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ ဝက်လက်မြို့နယ်တွင် ရွာသာကြီး၊ စိုင်နိုင်ကွေ့နှင့် ရွှေဘိုမြို့နယ်တွင် မုခ်ပေါက်အနီး၌ ခြေကုပ်ယူ အထိုင်ချတပ်ထားပြီး လက်ရှိတွင် ဝက်လက်မြို့နယ် လမ်းပိုင်းပေါ်တွင် တိုးချဲ့ထိန်းချုပ်နိုင်ရန် လမ်းဘေးဝန်းကျင်ဝဲယာများကို စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သုံးသပ်သည်။
ဝက်လက်မြို့နယ်သည် ရွေးကောက်ပွဲကျင်းပမည့်မြို့နယ်ထဲတွင် မပါဝင်သော်လည်း ကပ်လျက်ရှိ ရွှေဘိုနှင့် စစ်ကိုင်းတို့သည် ဒီဇင်ဘာလကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြို့နယ်များ ဖြစ်သည်။ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမှတ် (၅)စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်းအဖြစ် တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်းသက်ပုံ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များ
တွင် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ လုပ်နေကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာများတွင် ထုတ်ပြန်ထားသည်။
ဝက်လက်မြို့နယ်တွင် မီးဘေးသင့်ကျေးရွာများသာမက အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများအပါအဝင် နှစ်သောင်းဝန်းကျင် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းဆက်ရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
ရက်ရှည်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အနွေးထည် စသည်တို့အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။
“စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေနင်းနေတာဖြစ်တဲ့အတွက် ကုန်စည်ဝင်တဲ့ကားလမ်းကြောက အကုန်လုံး ပိတ်နေတော့ စားနပ်ရိက္ခာအခက်အခဲဖြစ်တယ်။ သူတို့နေရတဲ့ ဘေးလွတ်ရာနေရာတွေကလည်း သောက်သုံးရေ ကလည်းခက်ခဲတယ်။ ဆောင်းတွင်းရောက်လာပြီဖြစ်တဲ့အတွက်အေးလာပြီ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ လည်းပါတာဆိုတော့ အအေးဒဏ်ခံနိုင်တဲ့ စောင်၊ အနွေးထည်လိုမျိုး၊ အမိုးအကာ လိုမျိုးလိုအပ်နေတယ်”ဟု အထက်ပါ ဝက်လက်မြို့နယ်လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင်ကပြောသည်။
ဝက်လက်မြို့နယ်တွင် ဆက်တိုက်စစ်ကြောင်းထိုးနေသလို ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းဆက်တိုက်ထိုးနေသဖြင့် ခင်ဦး၊ ရေဦး၊ ကန့်ဘလူမြို့နယ်စပ်မှ ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
နိုဝင်ဘာလ ဒုတိယပတ်က ကန့်ဘလူမြို့တောင်ပိုင်းမှ ခင်ဦးမြို့နယ်ဘက်သို့ထိုးလာသည့်စစ်ကြောင်းကို တော်လှန်ရေး အင်အားစုများက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းဖွဲ့စည်းမှုပျက်ကာ အထိနာပြီးနောက် ကန့်ဘလူ၊ ခင်ဦး၊ ရေဦး သုံးမြို့ နယ်စပ်ကို အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ကန့်ဘလူတောင်ပိုင်းရှိ စစ်တပ်အထိုင်ချထားရာ ဝက်တိုးရွာမှထွက်လာသည့် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆက်လက်စစ်ကြောင်းထိုးကာ ကက်သလစ်သာသနာပိုင် ကာဒီနယ် ချားလ်စ်မောင်ဘို၏ ဇာတိရွာဖြစ်သည့် ခင်ဦးမြို့နယ်၊ မုံလှရွာတွင် လက်ရှိတပ်စွဲထားကြောင်း တော်လှန်ရေးအင်အားစုများထံ က သိရသည်။
မုံလှရွာသည် ဘရင်ဂျီ ဟုခေါ်သည့် ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြကာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့်အထက်တန်းကျောင်းရှိသော ရွာကြီး တစ်ရွာဖြစ်ပြီး စစ်တပ်က ယခင်နှစ်များတွင်လည်း စီးနင်းမီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့ရသည်။
စစ်တပ်စစ်ကြောင်းကြောင့် ရေဦး၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းနှင့် ကန့်ဘလူအနောက်တောင်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်း စစ်ရေးအခြေအနေများကိုဖော်ပြနေသည့် ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲနီးကပ်လာချိန်တွင် တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် နယ်မြေစိုးမိုးမှုပြန်လည်ရယူနိုင်ရန်နှင့် အရေးကြီးသည့်လမ်းပိုင်းများကို ထိန်းချုပ်စိုးမိုးနိုင်ရန် စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးနေသည်။



