သတင်း

စစ်ကောင်စီတပ်များ ပလက်ဝမြို့ကို ပိတ်ဆို့ ရှာဖွေနေ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့တွင် ပေါက်ကွဲမှုတချို့ဖြစ်အပြီး ယနေ့ (မေ ၃၀) ၌ အသွားအလာပိတ်ဆို့ကာ စစ်တပ်က စစ်ဆေးနေခြင်းမှာ ဖောက်ခွဲသူဟု ယူဆရသူများကို ရှာဖွေဖမ်းဆီးလိုခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် မေ ၂၈ နံနက်၌ ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါပေါက်ကွဲမှုသည် အာဏာသိမ်းခြင်းကို လက်မခံသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF (ပလက်ဝ) အဖွဲ့ဝင်များ၏ လက်ချက်ဖြစ်သည် စစ်ကောင်စီက ယူဆနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“ ပလက်ဝမှာ ဗုံးနှစ်လုံးပေါက်ခဲ့တယ်။ အဲဒါကို သူတို့ (စစ်ကောင်စီ)သတ်မှတ်ထားတာက CDM သမားတွေ ရောက်နေကြတယ်၊ (စစ်)သင်တန်းဆင်းတွေ ရောက်နေကြတယ်၊ သူတို့က ဖောက်တာဆိုပြီးတော့ သူတို့ကို ဖမ်းလို့မရမချင်း လမ်းတွေကို ဖွင့်မပေးဘူးလို့ ကြားပါတယ်” ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့ပေါ်မှ ကုလားတန်မြစ်အထက်ပိုင်းနှင့် အောက်ပိုင်းသို့ သွားသော ရေကြောင်းလမ်းနှင့် ချင်းပြည်နယ်၊ ဆမီးမြို့သို့ သွားသော အဓိကလမ်းကြောင်းများကို ယနေ့ (မေ ၃၀) မှစ၍ ပိတ်ထားလိုက်ခြင်း ဖြစ်သည်။  

ယမန်နေ့ကလည်း ဒေသခံတချို့ကိုလည်း ပလက်ဝမြို့မရဲစခန်းတွင် ခေါ်ယူမေးမြန်းခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ မြို့ကို ပိတ်ကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေသောကြောင့် မြို့နေလူထု စိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။

“တာရှည် အသွားအလာကန့်သတ်ထားရင်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး” ဟု ပြောသည်။

မြို့ပိတ်ထားသောကြောင့် အခက်အခဲ ပိုကြုံလာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

“လမ်းကို ပိတ်လိုက်တော့ အခု ကုန်စျေးနှုန်းတွေက တက်လာနေပြီ။ ဆန်တစ်အိတ်ကို လေးသောင်းခွဲကနေပြီး အခု ငါးသောင်းခွဲဖြစ်သွားပြီ။ ကျွန်တော်တို့အလုပ်က ဟွန်ဒါစက်လှေမောင်းပြီး ခရီးသည်အကြိုအပို့လုပ်တဲ့အလုပ် လုပ်စားပါတယ်။ အခု သွားအလာကန့်သတ်လိုက်တော့ အခက်အခဲဖြစ်တာပေါ့” ဟု သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

CDF (ပလက်ဝ) အဖွဲ့ကမူ ပလက်ဝမြို့ပေါ် ပေါက်ကွဲမှုဖြစ်စဉ်မှာ ၎င်းတို့လက်ချက်မဟုတ်ဟု ဆိုသည်။  

“ကျွန်တော်တို့ CDF (ပလက်ဝ) အနေနဲ့ကတော့ ဒီပေါက်ကွဲမှုအပေါ်မှာ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ခြင်း မရှိဘူး။ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ ဒီဗုံးပေါက်ကွဲမှုဟာ ပြည်သူလူထုကို ထိတ်လန့်စရာဖြစ်တဲ့ အပြုအမူတစ်ခုဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ကလည်း ပြည်သူလူထုကို ထိတ်လန့်အောင်လုပ်မဲ့အဖွဲ့မဟုတ်ဘူး။ ပြည်သူလူထုကို ကာကွယ်ပေးမဲ့ CDF (ပလက်ဝ) ဖြစ်တယ်” ဟု CDF (ပလက်ဝ) မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးနေခြင်းကိုလည်း ၎င်းတို့က ကန့်ကွက်ရှုတ်ချကြောင်း ဆက်ပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောင်းတွင် ‌ကျောင်းအပ်နှံသော နေ့မှစ၍ မေ ၂၈ အထိ ကျောင်းအပ်နှံသူဦးရေ အများဆုံးဖြစ်ကြောင်း ဟားခါးမြို့အခြေစိုက် Chin World မီဒီယာတွင် ဖော်ပြထားသည်။ 

ကျောင်းအပ်နှံမှု ဒုတိယအများဆုံးမှာ တီးတိန်မြို့နယ်နှင့် တတိယအများဆုံးနေရာယူထားသော မြို့မှာ ဖလမ်းမြို့နယ်တို့ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် ကျောင်းအပ်နှံကြခြင်း မရှိဟု သိရသည်။  

Show More

Related Articles

Back to top button