ရန်ကုန်မြို့ သံလျင်မြို့နယ် သီလဝါနှင့် သာကေတမြို့နယ်အတွင်းရှိ ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းနှစ်ခုကို ယခုလ(နိုဝင်ဘာလ) အတွင်း ပြန်လည်ပတ်၍ စက်မှုဇုန်များကို မီးပေးရန်စီစဉ်နေသည်ဟု စုံစမ်းသိရှိရသည်။
သီလဝါဆိပ်ကမ်း၌ ဓာတ်ငွေ့တင်သင်္ဘောဆိုက်ကပ်၍ ထိုသင်္ဘောပေါ်မှ LNG လောင်စာအသုံးပြုကာ လျှပ်စစ်ထုတ်လုပ်သောစီမံကိန်းနှစ်ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၂၀ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ရပ်နားသွားသည်။
ယခုအခါ VPower ၏ လျှပ်စစ်စက်ရုံများကို ပြန်လည်ပတ်မည်ဖြစ်ပြီး လိုအပ်သော LNG ဓာတ်ငွေ့ကို ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက တင်သွင်ပေးမည်ဟုသိရကြောင်း လျှပ်စစ်ဝယ်ယူရန်ဆွေးနွေးခဲ့သည့် ရန်ကုန်မြို့မှ စက်မှုဇုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“VPower က ပြန်လည်တော့မယ်။ နိုဝင်ဘာလလောက်ဖြစ်မယ်ဆိုပြီးတော့ မှန်းထားကြတယ်။ စက်မှုဇုန်တွေကိုပဲ အဓိကထားပြီးပေးမယ်။ လျှပ်စစ်ခတွေကို တိုးမြှင့်ပြီးကောက်ခံမယ်ဆိုတာကို ကျွန်တော်တို့ဘက်မှာ ဆွေးနွေးတာရှိပါတယ်။ တစ်ယူနစ်ကို ၉၀၀ ကျပ်လောက်ကျမယ်ကြားတယ်” ဟု ၎င်းက ပြောသည်။
“ထိုင်း PTT နဲ့လုပ်တယ်ဆိုတဲ့ဟာတော့ ကျွန်တော်တို့လည်းကြားရတယ်။ အဓိကတော့ သူတို့လည်း Contract(စာချုပ်) ချုပ်တဲ့အချိန်မှာ ဈေးအတက်အကျပေါ့။ LNG ဈေးအတက်အကျတွေနဲ့ ပတ်သက်ပြီး သေချာချုပ်ထားကြမယ်လို့ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီက ထိုစက်ရုံနှစ်ခုအနက် သီလဝါစက်ရုံမှ ဓာတ်အားဖြန့်ဖြူးခဲ့သော်လည်း အာဏာသိမ်းပြီးနောက် တွက်ခြေမကိုက်တော့သဖြင့် လုပ်ငန်းရပ်ဆိုင်းခဲ့သလို သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် LNG ဓာတ်ငွေ့သင်္ဘောလည်း ပြန်လည်ဆုတ်ခွာသွားသည်။
လျှပ်စစ်စက်ရုံများပြန်လည်ပတ်ရန် ပြင်ဆင်မှုများရှိနေပြီး မီးပေးနိုင်မည်ဆိုပါက အလှည့်ကျစနစ်ဖြင့် အချိန်ပိုင်းသာမီးရရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် အဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။
သီလဝါနှင့် သာကေတတွင် VPower ကုမ္ပဏီက တည်ဆောက်ထားသည့် ဂက်စ်အင်ဂျင် ကိုးလုံးရှိပြီး လတ်တလောတွင် သီလဝါစက်မှုဇုန်အတွက် အင်ဂျင်တစ်လုံးသာလည်ပတ်နေကာ ကျန်အင်ဂျင်များ ရပ်နားထားရာမှ ပြန်လည်ပတ်မည်ဖြစ်ကြောင်း နောက်ထပ်အမည်မဖော်လိုသည့် စက်မှုဇုန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
LNG တင်သွင်းခြင်း၊ လျှပ်စစ်ထုတ်လုပ်ခြင်းအပါအဝင် ထိုစီမံကိန်းတစ်ခုလုံးကို မူလက VPower ကုမ္ပဏီ တစ်ခုတည်းကသာ လုပ်ကိုင်ရန်စီစဉ်ထားသော်လည်း ယခုအခါ စစ်ကော်မရှင်က PTT ကို ဓာတ်ငွေ့ရည် တင်သွင်းခွင့်ပေး၍ လည်ပတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ဆီကိုရောင်းရင် ဒေါ်လာနဲ့မရောင်းဘူး။ ကျပ်နဲ့ရောင်းမယ်ဆိုတဲ့အခါကြတော့ PTT က သူရမှာက ကျပ်နဲ့ရရင် နိုင်ငံခြားမှာက ကျပ်နဲ့မရဘူးလေ။ ဆိုတဲ့အခါကြတော့ ဒေါ်လာဘယ်လိုလုပ်ပေးမလဲဆိုတဲ့ မေးခွန်း ထွက်လာတယ်။ အဲဒီကိစ္စကို ဗဟိုဘဏ်မှာ ဆွေးနွေးနေတာ နှစ်ပေါက်သွားတာပေါ့။ ဆွေးနွေးနေရင်းနဲ့ အခုအဆင်ပြေပြီလို့ထင်ရလို့ သူသွင်းလာတယ်လို့ယူဆရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၃ နှစ်လယ်ပိုင်းတွင် လျှပ်စစ်တစ်ယူနစ် ကျပ် ၄၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ်စာချုပ်ချုပ်ကာ လျှပ်စစ်ဓာတ်အားပေးရန် VPower ကုမ္ပဏီနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ နှစ်ဖက်ညှိနှိုင်းမှုရှိထားပြီး ယခုအခါ ဓာတ်အားခနှုန်းထားသတ်မှတ်ချက်ကို တိတိကျကျမသိရသေးကြောင်း သိရသည်။
စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကာလဖြစ်နေခြင်း၊ ဓာတ်အားလိုအပ်ချက်ရှိခြင်းတို့ကြောင့် လတ်တလောတွင် မီတာခအပြောင်းအလဲကြီးကြီးမားမား မလုပ်သေးဘဲ လာမည့်နှစ် ဖေဖော်ဝါရီလတွင် စက်မှုဇုန်များနှင့် ညှိနှိုင်းသတ်မှတ်ချက်ပြောင်းလဲနိုင်ကြောင်း ၎င်းက ဆိုသည်။
“သူတို့လိုချင်တဲ့ တစ်ယူနစ် ၇၀၀ ကျပ်၊ ၈၀၀ ကျပ်ကတော့ နည်းနည်းလေးများတယ်လို့တော့ ယူဆတာပေါ့။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအဆင်မပြေတဲ့အခါကြတော့ အားလုံးက ရပ်တည်နိုင်ဖို့ပဲ ကြိုးစားနေရတယ်။ အမြတ်အစွန်းရဖို့ထက် လုပ်ငန်းပြိုမသွားဖို့ပဲ စဉ်းစားနေရတော့ ဒီ Cost (စရိတ်) တွေကို လျှော့နိုင်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု သူကပြောသည်။
မီတာခနှုန်းထား၊ LNG တင်သွင်းမှုနှင့် လျှပ်စစ်ထုတ်မည့်ကုမ္ပဏီကို မည်ကဲ့သို့ငွေပေးချေမည်ကို အသေးစိတ်မသိရသေးပေ။
တိုင်းပြည်စီးပွားရေးကျဆင်းနေပြီး ကုန်ထုတ်လုပ်ငန်းများ မယ်မယ်ရရမရှိသဖြင့် ထိုစီမံကိန်းများမှ ရေရှည်မီးပေးနိုင်ခြင်း ရှိ မရှိ စောင့်ကြည့်ရမည်ဟု အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
လျှပ်စစ်စီမံကိန်းများပြန်လည်စတင်မှုနှင့်ပတ်သက်၍ VPower ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က နွေရာသီတွင် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် LNG စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းများကို မြန်မာနိုင်ငံ၏ ပထမဆုံးစီမံကိန်းများအဖြစ် ခွင့်ပြုခဲ့သည်။
လျှပ်စစ် ၄၀၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့် သာကေတစီမံကိန်းကို တရုတ်ကုမ္ပဏီ China National Import and Export Corporation, ဟောင်ကောင်အခြေစိုက် VPower Group Holding နှင့် VPower Holding တို့က ဒေါ်လာ ၃၆၃ သန်းကျော်ရင်းနှီးမြှုပ်နှံကာ CNTIC VPowerYG1 Limited အမည်ဖြင့် လုပ်ငန်းဆောင်ရွက် ခဲ့သည်။
အလားတူပင် လျှပ်စစ် ၃၅၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့် သံလျင်မြို့နယ် သီလဝါလျှပ်စစ်စီမံကိန်းအတွက် ထိုကုမ္ပဏီများက CNTIC VPowerYG2 Limited အမည်ဖြင့် ဒေါ်လာ ၂၉၇ သန်းကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။
ဓာတ်အားခတစ်ယူနစ်လျှင် ၀ ဒသမ ၁၂ ဒေါ်လာဖြင့် ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးမြင့်တက်လာမှု၊ နိုင်ငံတကာ LNG ဓာတ်ငွေ့ဈေးမြင့်တက်မှု၊ ဓာတ်အားခကြွေးကျန်များ ရှိလာမှုကြောင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးမတည်ငြိမ်မှုနှင့် အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီးနောက် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း ကိုးခုအနက် နှစ်ခုကို စာချုပ်သက်တမ်း ထပ်မတိုးတော့ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။



