အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲနီးချိန် ချင်းတွင် စစ်တပ်စစ်ကြောင်းထိုး၊အရေးပါသည့်စခန်း တော်လှန်ရေးတပ်များ လက်လွှတ်ရ

ကနေဒီတောင်ကို ချင်းတော်လှန်ရေး အင်အားစုများက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် လက်လွှတ်လိုက်ရသည်။

ချင်းပြည်နယ်အတွင်း နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရသည့် စစ်ကော်မရှင်သည် ရွေးကောက်ပွဲ နီးကပ်လာချိန် ချင်းပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တီးတိန်မြို့နယ်ရှိ အချက်အချာကျသည့် ကနေဒီတောင်ကို တော်လှန်ရေးအင်အားစုများ  ပြန်လည်လက်လွှတ်လိုက်ရသည်။

ချင်းတောင်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စစ်ကော်မရှင်တပ်သားများသည် အောက်တိုဘာလ တတိယပတ်ကစပြီး စစ်ကြောင်းများခွဲထွက်လာကာ ချင်းပြည်နယ်အတွင်း စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။

ကလေးမြို့ အနောက်တောင်ဘက် ကလေး -တီးတိန်လမ်းမှတဆင့်  သိုင်းငင်းမြို့ဘက်သို့ ဦးတည်သည့် စစ်ကြောင်းတစ်ခု၊ ကလေးမြို့တောင်ဘက် ကလေး- ဂန့်ဂေါလမ်းမှ ထွက်လာသည့် စစ်ကြောင်းတစ်ခုကလည်း ဖလမ်းမြို့နယ်ဘက်သို့ ဦးတည်ပြီး ဖြန့်ခွဲဝင်ရောက်ခဲ့သည်။

အမှတ် ၂၆၉ ခြေလျင်တပ်ရင်း အခြေစိုက်ရာ တီးတိန်မြို့သို့လည်း အောက်တိုဘာလ အကုန်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့နောက် မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ ကနေဒီတောင်ကို အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနေဒီတောင်ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ကလေး -တီးတိန် လမ်းဘေးရှိ ကနေဒီတောင်ကို ချင်းတော်လှန်ရေး အင်အားစုများက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အမြင့်ပေ ၈,၀၀၀ ကျော်မြင့်သည့် ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ အမြင့်ဆုံးတောင်ထိပ် တစ်ခုဖြစ်ပြီး ယခင်ကတည်းက စစ်တပ် ဆက်သွယ်ရေးအတွက် အထိုင်ချခဲ့ရာနေရာဖြစ်သည်။

ထိုနေရာသည် အချက်အချာကျသည့် နေရာတစ်ခုဖြစ်ကြောင်း ချင်းပြည်နယ် မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ၊ တတိယတန်း၊ စစ်ထောက်တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းတွင် စစ်တပ်ကို စွန့်ခွာကာ CDM တွင် ပါဝင်လာခဲ့သည့် ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။ 

“(စစ်တပ်က) ဒီတောင်ပေါ်မှာ ကောင်းကောင်း ထိန်းချုပ်နိုင်ရင်တော့ တီးတိန်ကို ဆက်ထိန်းဖို့ လုပ်လာနိုင်သလို ကလေး(မြို့)ကိုလည်း အခြေအနေကြည့်ပြီးသားဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ဒီဘက်ကအခြားသော တွန်းဇံ၊ ကျီခါးဘက်ကိုလည်း ထိန်းချုပ်ရာကျပြီးသား ဖြစ်သွားနိုင်တယ်။ ဒီတောင်က တီးတိန်နားမှာဆိုရင်တော့ အဓိက ကျတဲ့ တောင်လည်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

ကနေဒီတောင်ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် တောင်ဘက် ၁၂ မိုင်ခန့်အကွာ သိုင်းငင်းရွာဘက်သို့ ဦးတည် လာပြီး ယနေ့(နိုဝင်ဘာလ ၇ ရက်နေ့)တွင် သိုင်းငင်းမြို့အနီး ရောက်ရှိနေပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး အင်အားစု တစ်ခုဖြစ်သည့် Civic Defense Militia (CDM) Siyin တာဝန်ရှိသူက ပြောသည်။             

ကလေး-တီးတိန်လမ်းပေါ်ရှိ အချက်အချာကျသည့် သိုင်းငင်းရွာကို ကနေဒီတောင်မှလာသည့် စစ်ကြောင်းတစ်ခု ရှိနေသလို၊ ကလေးဘက်မှတက်လာသည့် စစ်ကြောင်းမှာလည်း သိုင်းငင်းနှင့် ၁၄ မိုင်ခန့်အကွာ မွာလ်ပီးရွာ ဝန်းကျင်တွင် ရောက်ရှိနေပြီး နှစ်ဖက်ညှပ်ထိုးဖွယ်ရှိကြောင်း ၎င်းကဆိုသည်။

“သိုင်းငင်းက ဗျူဟာကျတော့ သူတို့ပြန်ထိုင်ချင်နေတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။

သိုင်းငင်းရွာသည် တီးတိန်နှင့်ဖလမ်းသို့သွားသည့် ကလေး-တီးတိန်-ဖလမ်း လမ်းဆုံတွင်ရှိပြီး အချက်အချာကျသည့် နေရာဖြစ်သည်။ ထိုစခန်းကို တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အကုန်တွင်သိမ်းပိုက်နိုင်ခဲ့သည်။

ချင်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များကို တွေ့ရပုံ။

ချင်းပြည်နယ်မြို့နယ် ကိုးခုအနက် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့နယ်တို့ကိုသာ စစ်တပ်က ခြေကုပ်ယူထားပြီး မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ဖလမ်းကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည်။ ပလက်ဝမြို့ကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားသလို တွန်းဇံမြို့နယ်ကို ချင်းပြည်ကောင်စီက ထိန်းချုပ်ထားသည်။

စစ်ကော်မရှင်သည် ၎င်းတို့ခြေကုပ်ယူထားသည့်မြို့နယ် သုံးခုအပြင် ချင်းတော်လှန်ရေးအင်အားစုများ သိမ်းပိုက် ထားသည့် ဖလမ်းနှင့်တွန်းဇံမြို့တို့တွင်ပါ ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါမှတက်လာသည့် စစ်ကြောင်းသည်လည်း ဖလမ်းမြို့ ဘက်သို့ ဦးတည်လာပြီးတော်လှန်ရေးအင်အားစုများ လွန်ခဲ့သည့်နှစ်ကတည်းက ထိန်းချုပ်ထားရာ ဝေဘူလမြို့အနီး ရောက်ရှိနေသည်ဟု ချင်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

ဝေဘူလမြို့သည် စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ကို ဆက်သွယ်ထားသည့် မြို့ဖြစ်ပြီး ကလေးမြို့နှင့် ၁၆ မိုင်၊ ဖလမ်းမြို့နှင့် ၄၂ မိုင်ခန့်အကွာတွင်ရှိပြီး အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် မြို့အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ချင်းပြည်နယ် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး စစ်တပ်ဘက်က ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဝေဘူလမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများတွင် ဖော်ပြသည်။

စစ်တပ်က ချင်းပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများဖြန့်ခွဲပြီး ထိုးစစ်ဆင်နေချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ထဲတွင် ပါဝင်သည့် ထန်တလန်မြို့နယ်ထဲတွင် ချင်းတော်လှန်ရေး အင်အားစုအချင်းချင်းကြား နယ်မြေပဋိပက္ခကြောင့် စစ်ရေးတင်းမာမှုများရှိနေသည်။

ချင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် မရာလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် CDF Mara နှင့် MDF တို့မှာ နယ်မြေအငြင်းပွားမှုကြောင့် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ချုံခိုတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများရှိနေကြောင်းနှစ်ဖက်အဖွဲ့ က အပြန်လှန် ထုတ်ပြန်ထားကြသည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့ (မရာ) CDF Mara မှာ ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး Maraland Defense Force (MDF)မှာ ချင်းညီနောင်အဖွဲ့ (CB) အဖွဲ့ဝင်ဖြစ်ပြီး AA နှင့်မဟာမိတ်ဖြစ်သည်။

ထန်တလန်မြို့နယ် ငဖိုင်ပီ (ခ)ရွာရှိ ခရစ်ယာန် ဘာသာရေးအဆောက်အအုံနှင့် နေအိမ်များကို MDF အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးခြောက်လုံးကြဲခဲ့ကြောင်း CDF (Mara) က ထုတ်ပြန်ထားသည်။

“အဲ့ဒီ ငဖိုင်ပိ(ခ)ရွာမှာ ကျွန်တော်တို့မရှိဘူး။ မရှိဘဲနဲ့ သူတို့က တမင်သတ်သတ် ရည်ရွယ်ချက် ရှိရှိနဲ့ ဘာသာရေး အဆောက်အအုံကို လာချတယ်လို့ပဲ သုံးသပ်ရတာပေါ့လေ။ ငဖိုင်ပိ(ခ) ရွာက သမိုင်းကြောင်းအရ ပြောရင်လည်း CDF supporter ရွာဆိုရင်လည်း မမှားဘူး။ အဲ့ဒီကို တမင်သတ်သတ် ချတယ်လို့ပဲယူဆတယ်”CDF (Mara) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

MDF အဖွဲ့ဘက်ကမူ ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ဘဲ CDF (Mara) နေရာယူထားသည့်နေရာကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ဖန်တလန်ရွာအနီးရှိ MDF အဖွဲ့ဂိတ်စခန်းကို CDF (Mara)က ထိုးစစ်ဆင် လာသည့်အတွက် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MDF ဥက္ကဌ ဒေါက်တာ Bik ကပြော သည်။

 “သူတို့က နိုဝင်ဘာ ၃၁ ရက်နေ့မှာ ထိုးစစ်လာဆင်တယ်။ တပ်ပြန်ဆုတ်တယ်။ ဘာသာရေး အဆောက်အအုံမှာ သူတို့က နေရာယူထားတာကိုး။ သူတို့နေရာယူတဲ့ နေရာကိုပဲ ဒရုန်းနဲ့သွားချတာ ရှိပါတယ်။ ဒီဟာက ဘာသာရေးအဆောက်အအုံကို ကျွန်တော်တို့က ပွိုင့်လုပ်ပြီးမှ သွားချတာ မဟုတ်ဘဲနဲ့ နေရာယူထားတဲ့နေရာကို သွားချတဲ့သဘောပါ”ဟု ဒေါက်တာBik က တုံ့ပြန်သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့နောက်ပိုင်း တိုက်ပွဲထပ်မံဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်စစ်ရေးတင်းမာ နေဆဲဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များကို တွေ့ရပုံ။

မရာဒေသတွင် ပလက်ဝ၊ မတူပီနှင့် ထန်တလန်မြို့နယ်အတွင်းမှ ကျေးရွာ ၆၀ ကျော်ပါဝင်ပြီး ယမန်နှစ်ကလည်း မတူပီမြို့နယ်မှ မရာကျေးရွာများတွင် ၎င်းတို့နှစ်ဖွဲ့ကြား နယ်မြေပဋိပက္ခကြောင့် တိုက်ပွဲများဖြစ်ခဲ့သည်။

မရာလက်နက်ကိုင်နှစ်ဖွဲ့ကြား ဆွေးနွေးညှိနှိုင်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များပါဝင်သည့် ငြိမ်းချမ်းရေးကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့သော်လည်း မအောင်မြင်ဘဲ ပဋိပက္ခများ ဆက်ရှိနေသည့် အခြေအနေဖြစ်သည်။

တူမီးဖြင့်စတင်ခဲ့သည့် ချင်းတော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးကာလ လေးနှစ်ကျော် ကြာမြင့်လာချိန် တွင် နယ်မြေအများစု၌ စစ်ကောင်စီကို တိုက်ထုတ်နိုင်ခဲ့ပြီး စိုးမိုးနယ်မြေကျယ်ပြန့်လာသော်လည်း ချင်းတော်လှန်ရေး အင်အားစုအချင်းချင်းကြား နယ်မြေအငြင်းပွား ပွတ်တိုက်မှုများမှာလည်း  ခပ်စိပ်စိပ်ဖြစ်လာ သည်။

ရွေးကောက်ပွဲအကြောင်းပြပြီး စစ်တပ်က ချင်းပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ရေးအရှိန်မြှင့်လာချိန် တွင် ချင်းတော်လှန်ရေး အင်အားစုများကြား စုစည်းနိုင်မှုသည် အရေးကြီးကြောင်း တော်လှန်ရေးအင်အားစုများ၊ စစ်ရေးလေ့လာသူများနှင့် ဒေသခံများက သုံးသပ်သည်။“ဒီအတိုင်းသာဆက်ဖြစ်ရင် ချင်းတော်လှန်ရေးက လုံးဝကျရှုံးပြီ။ ခုနေချိန် CC နဲ့ CBသင့်မြတ်ရင် ချင်းပြည်အရေး အတွက် အချိန်မီပါသေးတယ်။ အဘက်ဘက်က စဉ်းစားကြပြီး ချင်းပြည်သူတွေအတွက် ညီညွတ်ပေးကြပါ။ ဒီထက် နောက်ကျသွားရင် နောင်တရစရာတွေ ပိုများလာပါလိမ့်မယ်”ဟု လူလတ်ပိုင်းအရွယ် ချင်းအမျိုးသား တစ်ဦးက မှတ်ချက်ပြုသည်။

Related Articles

Back to top button