သတင်း

ဗုံးခွဲတိုက်ခိုက်ခံရသူ သတို့သားမှာ မဘသအဖွဲ့ဝင်ဖြစ်နေ 

မေ ၂၅ က သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားရေးသမား၏ မင်္ဂလာဆောင်အခမ်းအနား၌ ဗုံးပေါက်ကွဲခဲ့ရာ သတို့သမီးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။ ပါဆယ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုမတိုင်မီ နာရီပိုင်းအလိုတွင် သတို့သားက အမျိုးသားရေးဆရာတော်များကို မင်္ဂလာဆွမ်းကပ်ခဲ့သည်။ 

သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီကုန်း (က) ရပ်ကွက်၊ ဇေယျသုခလမ်းရှိ သတို့သား၏ နေအိမ်တွင် မဘသဆရာတော်များကို ဆွမ်းကပ်ပြီးနောက် မင်္ဂလာပွဲကျင်းပနေစဉ် နေ့လယ် ၁ နာရီဝန်းကျင်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ သတို့သားမှာ ထိခိုက်မှုမရှိသော်လည်း မင်္ဂလာပွဲတက်ရောက်သူ ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ 

သတို့သားတစ်ဖြစ်လဲ အစွန်းရောက်အမျိုးသားရေးသမား 

ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသူ မင်္ဂလာသတို့သား ကိုချစ်မင်းသူမှာ တပ်မတော်ထောက်ခံသော အစွန်းရောက် အမျိုးသားရေးသမားတစ်ဦးဖြစ်ကြောင်း ထင်ရှားသည့် မဘသဆရာတော်တစ်ပါးက အတည်ပြုသည်။ 

ကိုချစ်မင်းသူသည် တပ်မတော် ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီတို့က ဦးဆောင်သည့် လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မဘသအဖွဲ့ကို ဖျက်သိမ်းပြီးနောက် အသွင်ပြောင်းလှုပ်ရှားခဲ့သည့် မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသားရေးဘုန်းကြီး ဦးပညာဝံသက ကိုချစ်မင်းသူသည် ၎င်း၏ တပည့်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။ 

“အမျိုးသားရေးစိတ်ဓာတ်ပြင်းပြတဲ့ ဒကာလေးပါ” ဟု ဦးပညာဝံသက ၎င်း၏ တပည့်ဖြစ်သူ ကိုချစ်မင်းသူနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။ 

တပ်မတော်ထောက်ခံပွဲတစ်ခုတွင် အမျိုးသားရေးသမား ကိုချစ်မင်းသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံ ပိုစတာကိုင်ဆောင်လျက် ပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ − Supplied) 

သို့သော် ပြည်ခိုင်ဖြိုးပါတီနှင့် အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီတို့တွင် ပါတီဝင်ဖြစ်ခဲ့သည်ဆိုသော အချက်များနှင့် ပတ်သက်၍မူ ဦးပညာဝံသက တိတိကျကျ ဖြေကြားခြင်း မရှိပေ။ 

“သူကတော့ အမျိုးသားရေးလုပ်တာပဲ။ ပါတီတွေနဲ့ကတော့ ဦးဇင်းလည်း မသိဘူး။ မိုက်ကယ်ကျော်မြင့်ပါတီမှာတော့ တပ်မတော်ထောက်ခံပွဲတွေလုပ်ရင် ဝိုင်းဝန်းကူညီစောင့်ရှောက်တာတွေ ရှိမယ်ပေါ့” ဟု ဆရာတော်က မိန့်သည်။

ကိုချစ်မင်းသူသည် တပ်မတော်ထောက်ခံပွဲများနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖူးကြောင်း အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီမှ ဒေါ်မိုးမိုးခိုင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၅ ရက်က ရေးတင်ထားသည်ကို တွေ့ရသည်။

ကျောက်တံတားမြို့နယ်ရဲစခန်း၌ အာမခံယူ၍ ထွက်ခွာလာသည့် ဒေါ်မိုးမိုးခိုင်နှင့် လူယုံဖြစ်သူ ကိုချစ်မင်းသူတို့ကို ၂၀၂၀ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now) 

အမျိုးသားရေးသမားများ မတက်ရောက်ခဲ့သည့် အမျိုးသားရေးသမား၏ မင်္ဂလာပွဲ 

အမျိုးသားရေးသမားတစ်ဦးဖြစ်သူ ကိုချစ်မင်းသူ၏ မင်္ဂလာဆောင်သို့ အမျိုးသားရေးသမားအများစု တက်ရောက်ခဲ့ခြင်း မရှိပေ။ 

မင်္ဂလာဆောင်အခမ်းအနားကို အမျိုးသားရေးသမား ၁၀၀ ခန့် တက်ရောက်ရန် ရှိခဲ့သော်လည်း မဘသအဖွဲ့ဝင်တစ်ဦး၏ မိခင်နာရေးရှိနေသောကြောင့် မင်္ဂလာပွဲတက်ရောက်သူ နည်းပါးခဲ့ကြောင်း၊ နံနက်ပိုင်းတွင် မင်္ဂလာဦးတရားဟော၊ ဆွမ်းဘုဉ်းပေးခဲ့သည့် ဦးပညာဝံသက မိန့်သည်။ 

“ဦးဇင်းက စောစောပြန်ကြွသွားတာဆိုတော့ သိပ်မသိဘူး။ အဲ့နေ့က ဦးဇင်းတို့ အမျိုးသားရေးသမားတွေထဲက နာရေးဖြစ်နေတာ။ မင်္ဂလာဆောင်သွားမယ့် လူတစ်ရာလောက်က နာရေးနဲ့ သာရေးမှာ နာရေးကိုပဲ ဦးစားပေးလိုက်ကြပြီး ရေဝေးသုသာန်ကို ရောက်နေကြတယ်။ သွားတဲ့သူ နည်းသွားတယ်။ ဗုံးကွဲတဲ့သတင်းက ရေဝေးရောက်ပြီးမှ ဦးဇင်းတို့ကြားရတာ။ စိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းက မိန့်သည်။ 

အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြရန် ကြိုးပမ်းနေစဉ် လာရောက်တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုနေသည့် မဘသဆရာတော် ဦးပညာဝံသ။ (ဓာတ်ပုံ − Myanmar Now) 

စစ်အာဏာသိမ်းပြီး လေးလနီးပါးရှိလာချိန်တွင် နိုင်ငံတစ်ဝန်းး၌ အာဏာသိမ်းစစ်ကောင်စီဘက်ကို သတင်းပေးသူ ဒလန်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆက်တိုက် သတ်ဖြတ်ခံရလျက်ရှိရာ မဘသအဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၏ လက်ချက်ဖြစ်ကြောင်း ဦးပညာဝံသက သုံးသပ်သည်။

“အကြမ်းဖက်အုပ်စုတွေက ဖောက်ခွဲတာလို့ပဲ ယူဆပါတယ် ” ဟု မဘသဆရာတော် ဦးပညာဝံသက မိန့်သည်။ 

အာဏာသိမ်းစစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်သောင်းကျန်းသူဟု ခေါ်ဝေါ်သုံးစွဲတတ်သည်။ 

သို့သော်လည်း ဖောက်ခွဲသူ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်အဖွဲ့၏လက်ချက်ဖြစ်သည်ကို မသိရသေးပေ။

ဦးပညာဝံသသည် ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကော်မရှင်ကို ဆန္ဒပြခဲ့ပြီး၊ အမျိုးသားရေးအကြောင်းပြ၍ တပ်မတော်ကို ထောက်ခံကြောင်း အဆက်မပြတ် ဆန္ဒပြ စည်းရုံးဟောပြောလေ့ရှိသည့် မဘသဆရာတော်ဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့၏ ကားများကို ရိုက်ခွဲဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်နေပြည်သူများကိုပါ ရိုက်နှက်ခဲ့သည့် အစွန်းရောက် အမျိုးသားရေးဘုန်းကြီးများအနက် ဦးပညာဝံသ ပါဝင်သည်။  

ထို့ပြင် ဦးပညာဝံသမှာ ၂၀၁၇ ခုနှစ်တွင် NLD အစိုးရဖြုတ်ချရေး ဆန္ဒပြမှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက အင်းစိန်ထောင်ရှေ့တွင် ဦးဆောင်ဆန္ဒပြနေစဉ် လာရောက်တားဆီးခဲ့သည့် ရဲများကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုဖြင့် အမှုဖွင့်အရေးယူခံရပြီး ဒဏ်ငွေ ကျပ်တစ်သောင်း ချမှတ်ခံခဲ့ရသူဖြစ်သည်။  

အမျိုးသားရေးသမား၏ မင်္ဂလာဆောင်တွင် သေဆုံးခဲ့ရသူများ 

မင်္ဂလာသတို့သမီး မဝင်းပပနှင့် အမျိုးသားရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သတို့သား ကိုချစ်မင်းသူ။ (ဓာတ်ပုံ − Supplied) 

မင်္ဂလာဆောင်အခမ်းအနားအတွင်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သတို့သမီး မဝင်းပပ၊ မင်္ဂလာပွဲတက်ရောက်လာသူ လူငယ်အင်အား ကမ်းလက်စေတနာပရဟိတအဖွဲ့(ရန်ကုန်)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုဇော်ဝင်းအောင်၊ ကိုဇော်ဝင်းအောင်ဆွေမျိုးတော်စပ်သူ အသက် ၂၁ နှစ်အရွယ် မချစ်မှူးသဲခိုင်တို့ သေဆုံးသည်။ 

သတို့သမီး မဝင်းပပမှာ အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်သည်မှာ မကြာသေး၍ နောက်ကြောင်းကို တိတိပပမသိကြောင်း၊ တပ်မတော်ထောက်ခံသူ သတို့သားမှာ ပါတီတချို့နှင့် ဆက်စပ်သည့် အမျိုးသားရေးသမားဖြစ်နေသော်လည်း ၎င်းတို့မိသားစုမှာ နိုင်ငံရေးမပတ်သက်သော သာမန်ပြည်သူများသာဖြစ်ကြောင်း ဦးပညာဝံသက ဆိုသည်။

သေဆုံးသူ ကိုအောင်ဝင်းဇော်မှာ နွေဦးတော်လှန်ရေးဆန္ဒပြပွဲများတွင် နှစ်ကြိမ်ခန့် ဆန္ဒပြဖြစ်သော်လည်း ပရဟိတလုပ်ငန်းထဲတွင်သာ တစိုက်မတ်မတ်ဆောင်ရွက်လေ့ရှိသူဟု သိရသည်။  

“ကျွန်တော်လည်း ညီတစ်ယောက် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ကိစ္စအပေါ်တော့ ကံတရားပေါ့။ ဘယ်တတ်နိုင်မလဲ။ အရာရာဟာ ကံတရားပေါ့ဗျာ။ သူက (မင်္ဂလာဆောင်ကို) နောက်ဆုံးမှ ရောက်ပြီး သေသွားတယ်ဆိုတော့ ကံတရားပေါ့ဗျာ” ဟု ကိုအောင်ဝင်းဇော်၏ အစ်ကိုဖြစ်သူ ကိုဝဿန်က ပြောသည်။ 

ဗုံးပေါက်ကွဲမှုကြောင့် သတို့သားနှင့် ဆွေမျိုးတော်စပ်သူ၊ သေဆုံးသူ ကိုအောင်ဝင်းဇော်၏ အစ်ကိုနောက်တစ်ဦးဖြစ်သူ လူငယ်အင်အား ကမ်းလက်စေတနာပရဟိတအသင်းဥက္ကဋ္ဌ အသက် ၂၅ နှစ်အရွယ် ကိုဝေယံမိုး၊ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။  

မင်္ဂလာဆောင်တွင် ဗုံးပေါက်ကွဲခြင်းကြောင့် သေဆုံးသူများအနက် သတို့သမီး မဝင်းပပကို မေ ၂၆ တွင် သင်္ဂြိုဟ်ခဲ့ပြီး ကျန်နှစ်ဦးကို မြောက်ဥက္ကလာရှိ ရေဝေးသုသာန်တွင် ယနေ့ (မေ ၂၇) မီးသင်္ဂြိုဟ်လိုက်သည်ဟု မိသားစုဝင်တစ်ဦးက‌ ပြောသည်။

Show More

Related Articles

Back to top button