စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပနေချိန် လေတပ်က မြန်မာပြည်အလယ်ပိုင်း၊ ရှမ်း နှင့် ကချင်ပြည်နယ်များကို လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ သည်။
NCA ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပနေသည့် ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်နေ့) က စစ်ကော်မရှင် နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေသည့် ပေါက်၊မြောင်၊ ဝက်လက်၊ ငဖဲ၊ နွားထိုးကြီး ၊ သီပေါ၊ ကျောက်မဲ ၊ ဗန်းမော် နှင့် ပေါက်ခေါင်းမြို့နယ်များကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲ တိုက်ခိုက် ခဲ့သည်ဟု လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုလေ့လာစောင့်ကြည့်နေသည့် ဝေဟင်-WaiHin အဖွဲ့က Myanmar Now ကို အတည်ပြုသည်။
ယမန်နေ့တွင် စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည် မြို့နယ်များမှာ ၎င်းတို့ သတင်းရရှိထားသည့် မြို့နယ် ၉ မြို့နယ်သာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုများပိုများနိုင်သည်ဟု ဝေဟင်- WaiHin အဖွဲ့က ဆိုသည်။
မြန်မာပြည် အလယ်ပိုင်းတွင် ဗုံးကြဲ တိုက်ခိုက်မှု
ယမန်နေ့ ( အောက်တိုဘာ ၁၅) နံနက်က NCA ၁၀ နှစ်ပြည့် အခမ်းအနား မကျင်းပမီ နာရီပိုင်း အလိုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထိန်းချုပ်သည့် မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကော်မရှင် လေတပ်က စတင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နံနက် ၆ နာရီ ဝန်းကျင်ခန့်က မကွေးတိုင်း ၊ ပေါက်မြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင် လေတပ်က Y-12 အမျိုးအစား ခရီးသည်တင်ယာဉ်ဖြင့် ဗုံးသီး ၄၄ လုံး ကြဲချခဲ့သည်ဟု ပခုက္ကူခရိုင် ၊ အမှတ် (၁၈) တပ်ရင်း မှ ရဲဘော်အောင်နိုင်က Myanmar Now ကို အတည်ပြုသည်။
“မြေပြင်ကနေ စစ်ကူမပေးနိုင်တဲ့ အနေအထားမျိုးမှာ Jet-fighter ကလည်း တစ်လုံး၊ နှစ်လုံး ဗုံးကြဲပြီးတော့ ပြန်သွားရမယ့် အနေအထားမှာ Y-12 ကျတော့ အကြာကြီး ဝဲလို့ ရတာဆိုတော့ အချိန်က ၂ နာရီ ၃ နာရီလောက် ကြဲလို့ရတော့ ခုနောက်ပိုင်း ကျွန်တော်တို့ဘက်မှာတော့ Y-12 နဲ့ပဲ ဗုံးကြဲနေတာပေါ့ “ ၎င်းက ပြောသည်။
ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဒေသသည် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေးစက်ရုံ (က.ပ.စ-၂၄) စက်ရုံအနီးဖြစ်ပြီး မြေပြင်ကလည်း စစ်ကြောင်းထိုး ဝင်ရောက် နေသည်၊ အညာဒေသတွင် လေယာဉ်ပစ် လက်နက်များ လိုအပ်နေသည် ဟု ၎င်းက ဆက်ပြောသည်။
“ငြိမ်းချမ်းရေး လုပ်တာကလည်း ရွေးကောက်ပွဲကို အေးအေးဆေးဆေးလေးဖြစ်ဖို့ရာ အတွက် အကာ အကွယ်တစ်ခုအနေနဲ့ အသုံးပြုနေတယ်လို ထင်ပါတယ်။ စစ်တပ်ရှိနေသရွေ့တော့ ငြိမ်းချမ်းရေးကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ရဲဘော်အောင်နိုင်က ဆိုသည်။
နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ၊ ဇရပ်ကုန်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။
လေယာဉ်က ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၈ လုံး ပေါက်ကွဲခဲ့ကာ ကျေးရွာ စာသင်ကျောင်း၊ ဘုရားနှင့် ဘုန်းကြီးကျောင်းတို့ ပြိုကျပျက်စီးခဲ့သည်ဟု ဇရပ်ကုန်း ရွာခံတစ်ဦးက ပြောသည်။
“အိမ်တွေကတော့ အစလေး မှန်ရုံလောက်ရှိတာ။ အိမ်တွေ တည့်တည့်မကျဘူး။ ထိခိုက်တာက ဘုရား အုတ်တံတိုင်းနဲ့ ဘုန်းကြီးကျောင်းက အုတ်တံတိုင်းတွေ ပြိုကျသွားတာပဲရှိတယ်။ အိမ်တွေအပေါ်ကိုတော့ တည့်တည့်မကျဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်တောင်ဘက်ရှိ ရွာသာကြီးရွာကို နံနက် ၁၀ နာရီ ဂျိုင်ရိုကော်ပတာ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ လူ အထိအခိုက်မရှိဟု သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီး၊ ဗန်းမော်မြို့တိုက်ပွဲများ တွင် ဗုံးကြဲခဲ့သည်ဟု စုံစမ်းသိရသည်။
NCA ၁၀ နှစ်ပြည့်တွင် ဗုံးကြဲ တိုက်ခိုက်ခံရသည့် တိုင်းရင်းသားဒေသ
တအောင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အနီး ခါလိန်ရွာကိုလည်း ယမန်နေ့က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် ရွှေဖီမြေ သတင်းဌာနတွင် ဖော်ပြထားသည်။
ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၇ နာရီခန့်တွင်လည်း TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ လယ်ကြီးနှင့် ပစီကျေးရွာများကိုလည်း လေတပ်က ဗုံးကြဲခဲ့သည်ဟု ပါရှိ သည်။
NCA စာချုပ်ကို စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးအစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ တွင် စတင်ချုပ်ဆိုရာ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ကပါ အသိသက်သေ အဖြစ် ပါဝင်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် စာချုပ် ချုပ်ဆိုစဉ်က တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါ ပါဝင်ခဲ့ရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ အထိဖြစ်လာသည်။
အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပသည့် အဆိုပါ ငြိမ်းချမ်းရေးအခမ်းအနားကို နိုင်ငံတကာ အဖွဲ့အစည်းများ မတက်ရောက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က အခမ်းအနား မကျင်းပမီ ရက်ပိုင်း အလိုတွင် ထုတ်ပြန်ကြေညာထားသည်။
သို့သော်လည်း အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ ရှရီ အာဘေး တာကူး၊ ထိုင်းနိုင်ငံမှ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC)၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ် တို့ တက်ရောက်ခဲ့ကြသည်။



