အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အုပ်စု ဝါဒဖြန့်ရန် TikTok ကို ပိုမိုအားကိုးလာ

နိုင်ငံအတွင်း Facebook အသုံးပြုရ ခက်ခဲစေရန် စီမံထားချိန်တွင် စစ်တပ်၏ပါတီနှင့် ၎င်းတို့အတွက် ဝါဒဖြန့်နေသူများ အုံလိုက်ကျင်းလိုက် ရောက်သွားကြသည့် နေရာမှာ TikTok ဖြစ်လာသည်။

မြန်မာနိုင်ငံအတွင်း Facebook အသုံးပြုမှု ပိတ်ပင်ခံထားရချိန်တွင် အာဏာသိမ်းစစ်တပ်၏နိုင်ငံရေးပါတီနှင့် ပါတီခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများက တရုတ်အခြေစိုက် TikTok ကို ပိုမိုသုံးစွဲလာကြသည်ကို တွေ့ရသည်။

 ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အကောင့်ပေါင်း ၁၉ ဒသမ ၆ သန်း ကျော်အထိ မြင့်တက်လာသည့် TikTok ကို ဝါဒဖြန့်ချိရေးပလက်ဖောင်းတစ်ခုအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက သုံးလာခြင်း ဖြစ်သည်။

 မြို့နယ်ရုံးခွဲများကိုလည်း TikTok အကောင့် ဖွင့်ကြရန် ညွှန်ကြားထားကြောင်း ပါတီနှင့်နီးစပ်သူတို့က ပြောသည်။

ရွေးကောက်ပွဲနီးလာချိန်တွင် ကြံ့ခိုင်ရေးပါတီ၏ ထိပ်သီးခေါင်းဆောင်များကိုယ်တိုင် TikTok တွင် စည်းရုံးရေးဆင်းနေကြသလို ပါတီအမတ်လောင်းများလည်း အလားတူ လှုပ်ရှားလာကြသည်ကို Myanmar Now က လေ့လာတွေ့ရှိရသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ အသက် ၇၂နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည်လည်း TikTok အပါအဝင် ဆိုရှယ်မီဒီယာ စည်းရုံးရေးလုပ်ငန်းအတွက် နေပြည်တော်ရှိ ရိုက်ကူးရေးအဖွဲ့တစ်ခုကို ငှားရမ်းထားကြောင်း ပါတီနှင့် နီးစပ်သူတို့က ပြောသည်။

လူသုံးအများဆုံး Facebook တွင် စစ်တပ်၏ပါတီကို ထောက်ခံမှုအားနည်းနေသည်။ ပါတီစည်းရုံးရေးရုပ်သံများ ပျံ့နှံ့မှုမှာ Facebook ထက် TikTok က ပိုပြီး သာလွန်နေသည်။

 မြန်မာနိုင်ငံတွင် TikTok သုံးစွဲသူ အရေအတွက်သည် တစ်နိုင်ငံလုံး အင်တာနက်သုံးစွဲသူ စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းရှိနေသည်ဟု လူမှုကွန်ရက်မီဒီယာအခြေအနေကို သုတေသနပြုနေသည့် Myanmar Internet Project ၏ အစီရင်ခံစာက ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းကာ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံစစ်ဆင်နေသဖြင့်  မြေပြင် စည်းရုံးရေးဆင်းရန် အကန့်အသတ်ရှိနေသည့် ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်နိုင်သည့် အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ သုံးစွဲသူများပြားလာသည့် TikTok ဖြစ်နေသည်ဟု Myanmar Internet Project တာဝန်ရှိသူ ကိုသစ်ဉာဏ်က ပြောသည်။

“၁၉ ဒဿမ ၆ သန်း ဆိုတဲ့ အရေအတွက်ကြီးက မဲဆွယ်ဖို့အတွက် တော်တော်ကောင်းတဲ့ အရေအတွက်ကြီးပဲ ဆိုတော့ အဲ့ဒီအတွက် TikTok ကို မဲဆွယ်စည်းရုံးဖို့ မဟာဗျူဟာမြောက် လုပ်တယ်လို့ ထင်တယ်” ဟု ကိုသစ်ဉာဏ်က မှတ်ချက်ပြုသည်။

“မဲဆွယ်စည်းရုံးရေးက အကန့်အသတ်ရှိတာကိုး။ မဲဆွယ်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက် အများကြီးရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ TikTok လိုဟာမျိုးကနေပြီးတော့ နေရာစုံကနေ ထိုးဖောက်ကြည့်ပြီးတော့ မဲဆွယ်ပြီးတော့ Message ပေးတဲ့ဟာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်နေမှုများကြောင့် စစ်တပ်နှင့် ဆက်နွယ် နေသူတို့၏ အကောင့်များ၊ စာမျက်နှာများကို Facebook က ဖယ်ရှားခဲ့သည်။ စစ်တပ်ဘက်တော်သားများ၊ စစ်တပ်ဝါဒဖြန့်သတင်းဌာနများ၊ “အမျိုးသားရေး” အမည်ခံ လှုပ်ရှားသူများကလည်း TikTok နှင့် Telegram ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။

စစ်တပ်က အာဏာသိမ်းပြီး မကြာမီမှာပင် နိုင်ငံအတွင်း Facebook အပါအဝင် အင်တာနက်စာမျက်နှာ အများအပြားကို ပိတ်ပင် ကန့်သတ်ထားသော်လည်း အများအပြားက VPN ဆော့ဝဲအားကိုးပြီး ကျော်ဖြတ်ဝင်ရောက်နေကြခြင်း ဖြစ်သည်။

 VPN သုံးစွဲမှုကိုလည်း ၂၀၂၄ ခုနှစ်တွင် စစ်တပ်က တားမြစ်လိုက်သည်၊ ပြည်သူအများအပြားသည် ဖုန်းထဲတွင် အဆိုပါဆော့ဝဲ  ရှိနေသည်ဟူသော စွဲချက်ဖြင့် ငွေညှစ်ခံရ၊ ဖမ်းဆီးခံရခြင်းတို့ကို ရင်ဆိုင်နေရသည်။

ယခုအခါ  သတင်းအချက်အလက်၊ အွန်လိုင်း စျေးရောင်း စျေးဝယ်၊ ဖျော်ဖြေရေးစသည်တို့အတွက်  VPN မလိုအပ်သော TikTok တွင် လူအများ စုဝေးလာခြင်း ဖြစ်သည်။

 VPN အသုံးပြုရ ခက်ခဲစေရန် စစ်ဗိုလ်ချုပ်များက စီမံထားသဖြင့် Facebook အသုံးပြုမှု နည်းလာသည်ကို သတိထားမိသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးက ပြောသည်။

“ဖုန်းစစ်တာဘာညာဆိုလည်း VPN ရှိတယ်တို့၊ Facebook စစ်တာတို့ရှိတော့ နောက်ပိုင်းကျတော့ လူတွေတော်တော်များများက TikTok  ကို ရောက်ကုန်ကြတာ” ဟု ထိုအမျိုးသားက ပြောသည်။

“ဒီရွေးကောက်ပွဲနီးတဲ့အခါ ပိုပြီးတော့ သတိထားမိတယ်။ ဦးခင်ရီဆိုရင် TikTok မှာ သူ့ရဲ့အကောင့်ရှိတယ်လေ၊ သူ့ရဲ့အကောင့်ကနေ တောက်လျှောက်လွှင့်တယ်။ နောက်တစ်ခါ ဘူးလက်လှဆွေတို့၊ မင်းကင်းမောင်မြင့်တို့ သူတို့လည်းလွှင့်တယ်။ အမြန်မကျော်သွားဘဲ သူ့ရဲ့ ဗီဒီယိုကို ခဏလေးရပ်ကြည့်လိုက်ရင် ကိုယ့်ကိုယ် အဲ့ဒါတွေပဲ တောက်လျှောက်ပြနေတော့တာ”

မကြာသေးမီက ကြံ့ခိုင်ရေးပါတီအမတ်လောင်းအဖြစ် ပြောင်းလဲလိုက်ရသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များမှာမူ အွန်လိုင်းလူမှုကွန်ရက်တွင် ပေါ်မလာသေးပေ။

 ကြံ့ခိုင်ရေးပါတီမှ နာမည်ကြီးများဖြစ်သော မင်းကင်းမောင်မြင့်၊ ဘူးလက်လှဆွေ၊ ပါတီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့လည်း TikTok တွင် ရှိနေသည်။ သူတို့၏ ရုပ်သံများကို ပါတီ၏ မြို့နယ်ရုံး၊ ခရိုင်ရုံးများက TikTok တွင် ပြန်လည်မျှဝေကြသည်ကို တွေ့ရသည်။ 

စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူတို့ကလည်း  ဆန့်ကျင်သူတို့ကို ဖမ်းဆီးရန်၊ ထိုသူများ ရှိသည့်နေရာကို ဗုံးကြဲရန်  တရုတ်နည်းပညာကုမ္ပဏီ  ByteDance ပိုင်ဆိုင်သည့်  TikTok တွင် ပြောဆိုနေကြကြောင်း   ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်သည့်  Myanmar Internet Project ၏  အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းရန် လအနည်းငယ် အလိုကတည်းက စစ်တပ်လက်ဝေခံတို့က TikTok တွင် ကျက်စားလာခြင်း ဖြစ်ကြောင်း Myanmar Now က လေ့လာ တွေ့ရှိခဲ့သည်။ 

Facebook  ကလည်း မကြာသေးခင်က မူဝါဒပြောင်းလိုက်သဖြင့် အာဏာသိမ်းစစ်တပ်၏ အကျိုးဆောင်များ အွန်လိုင်းလူမှုကွန်ရက်တွင် နယ်မြေ ပိုမို ကျယ်ပြန့်လာရာ ၎င်းတို့၏ ဝါဒဖြန့်ချိမှုကို Facebook တွင်လည်း အများအပြား တွေ့လာရသည်။ ပြည်သူများ ဗုံးကြဲသတ်ဖြတ်ခံရသည့်သတင်းများတွင် ဝမ်းသာကျေနပ်ကြောင်း မှတ်ချက်ပေးခြင်း၊ ထိခိုက်နစ်နာသူကို ပြစ်တင်ရေးသားခြင်း စသည့် လုပ်ရပ်များ အဆက်မပြတ် လုပ်ဆောင်နေကြောင်း တွေ့ရသည်။

Related Articles

Back to top button