သတင်း

Facebook တွင် စစ်တပ်ဝါဒဖြန့်ချိမှု ပိုမိုကျယ်ပြန့်လာ

လူအများ ဝေဝါးသွားစေသည့် ဝါဒဖြန့် မှတ်ချက်ပေးမှုများ Facebook တွင် ပြန်ရောက်လာသည်ကို ဒီပဲယင်းစာသင်ကျောင်းရှိ ကလေးများကို ဗုံးကြဲသတ်ဖြတ်မှုတွင် သိသိသာသာ တွေ့လာရသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်၍   အချက်အလက်များ စစ်ဆေးထိန်းချုပ်မှုဆိုင်ရာ မူဝါဒ ပြောင်းလဲလိုက်သည့်  Facebook တွင် မြန်မာစစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေး ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ 

ထိုသို့ မပြောင်းလဲမီ Facebook က အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၊ ထောက်ခံသူများ၏ အကောင့်နှင့် စာမျက်နှာများကို ဖယ်ရှားခဲ့သလို၊ ရေးသားသည့် အကြောင်းအရာများကို ထိန်းချုပ်ခဲ့သည်။ ယခုအခါ ထိုထိန်းချုပ်မှုလျော့ချလိုက်ပြီးနောက် စစ်တပ်နှင့်ဆက်နွယ်သည့် အကောင့်နှင့် စာမျက်နာများ ပြန်ပေါ်လာသလို ဝါဒဖြန့်မှုများ ခပ်စိပ်စိပ်တွေ့လာရသည်။ 

ကျောင်းသူကျောင်းသားနှင့် ဆရာမများ စုစုပေါင်း ၂၂ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရခဲ့သည့်  မေ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ (အိုးတိန်တွင်းရွာ) စာသင်ကျောင်း  ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်ဝါဒဖြန့်မှုများ သိသိသာသာကျယ်ပြန့်လာကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။ 

“အကောင့်အတုတွေနဲ့ အထူးသဖြင့် comment (မှတ်ချက်) တွေပေါ့နော်။ comment  လိုက်ရေးတာတွေ အဲ့ဒါတွေက တော်တော်လေးကို များလာတယ်။ အဲ့ဒီ comment ရေးတဲ့ဟာတွေ ကြည့်လိုက်ပြန်ရင်လည်း Profile တွေက Lock ချထားတယ်။ ရေးတဲ့ဇာတ်ကြောင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘူး။ အဲ့လိုပုံစံမျိုးတွေ တော်တော်လေးကို သိသိသာသာတွေ့လာရတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီက လူအင်အား၊ ငွေအင်အားအလုံးရင်းသုံး၍ Facebook ပေါ်တွင် ဝါဒဖြန့်လာကြောင်း ၎င်းက သုံးသပ်သည်။ 

စစ်ကောင်စီထိန်းချုပ်သည့် မြဝတီနှင့် မြန်မာ့အသံကဲ့သို့ နိုင်ငံပိုင်သတင်းဌာနများ၊ ပြောခွင့်ရ ပုဂ္ဂိုလ်များနှင့် စစ်တပ်ဩဇာခံ လော်ဘီများက အဓိက ဝါဒဖြန့်၊ လိမ်ညာနေပြီး ထိုပြောဆိုချက်များကို ပဲ့တင်ထပ်ရန် ယခုအခါ Facebook ပေါ် အကောင့်တုများဖြင့် ရေးသားနေကြောင်း ၎င်းက သုံးသပ်သည်။ 

စာသင်ကျောင်းကို ဗုံးကြဲမှုနှင့်ပတ်သက်၍ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင်  နာမည်ကြီးသူများ ရေးသားကြသည့် အကြောင်းအရာများ၊ သတင်းဌာနများ၏ သတင်းများအောက်တွင် မှတ်ချက်ရေးသားကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

၂၀၂၅ မေ ၁၃ ရက်နေ့ ဒီပဲယင်းမြို့နယ်ရှိ အိုးထိန်းတွင်း (အိုးတိန်တွင်း) ရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်  ထိုနေ့က ကျောင်းသူ ကျောင်းသား၊ ဆရာမများ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသည့် ထိခိုက်ဒဏ်ရာရသူများမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။ (ဓာတ်ပုံ – AFP)

ပြည်တွင်းသတင်းဌာနများ၏ Facebook စာမျက်နှာ၌ တင်ခဲ့သည့် အိုးတိမ်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုသတင်းအောက်တွင် “လေကြောင်းမှ ဗုံကြဲတိုက်ခိုက်ခံရသည်ဆိုသော်လည်း ကျင်းကြီးများ မဖြစ်ပေါ်ကြောင်း၊ ကျောင်းထိခိုက်ပျက်စီးမှု မရှိကြောင်း၊ လက်နက်ခဲယမ်းပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း” စသည့်မှတ်ချက်များ  ရေးသားနေသည်ကိုတွေရသည်။  

ထို့ကဲ့သို့ ရေးသားသူတို့၏ အကောင့်ကို လေ့လာရာတွင် အများစုမှာ အကောင့်ကို ဝင်မကြည်နိုင်ရန် သော့ခတ်ထားပြီး သုံးစွဲသူ၏ပုံကို တင်ထားခြင်းမရှိပေ။ အချို့အကောင့်များမှာ တပ်ထောက်ခံသည့် အကြောင်းအရာများစွာကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ မှတ်ချက်ပြုသူများ၏ အောက်တွင် တန်ပြန်မှတ်ချက်ပေးသူ၊ like ပေးသူ အများအပြားရှိသည်ကို တွေ့ရသည်။ 

စစ်ကောင်စီသည် ယခင်ကလည်း တယ်လီဂရမ်နှင့် TikTok လူမှုကွန်ရက်တွင် စနစ်တကျ ဝါဒဖြန့်ချိမှုများရှိခဲ့ရာ Facebook ၏ အကြောင်းအရာထိန်းချုပ်မှုဆိုင်ရာ မူဝါဒပြောင်းလဲခဲ့ပြီးနောက် အုံလိုက်ကျင်းလိုက်  Facebook ပေါ်တွင် ဝါဒဖြန့်ချိမှုများ ကျယ်ပြန့်လာကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသည့် Access Now ၏ အာရှပစိဖိတ်ရေးရာ လေ့လာသုံးသပ်သူ မဝေဖြိုးမြင့်က ဆိုသည်။

“ရှေ့မှာကကျတော့ လူကြည့်များတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေပဲ ထွက်လာတဲ့ဟာမျိုးတွေပဲ မြင်ရတာပေါ့။ အခုကျတော့ စစ်တပ်ဆယ်လီ၊ စစ်တပ်ဝါဒဖြန့်ချိနေတဲ့လူတွေမဟုတ်တဲ့ Individual တွေ (လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ) မှာကိုပဲ မက်ဆေ့တွေ၊ ပြောချင်နေတဲ့မက်ဆေ့တွေက တူနေတဲ့ဟာမျိုးတွေ တွေ့လာရတယ်” ဟု ၎င်းက ပြောသည်။ 

သို့သော် ထိုအကောင့်များနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ၊ နောက်ကွယ်မှ ဆောင်ရွက်ချက်များ၊ နည်းပညာများ စသည့် အသေးစိတ်အချက်လက်များကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

ယခင် Facebook ၏ မူဝါဒအရ ၎င်းတို့ကွန်ရက်ပေါ်တွင် စစ်တပ်နှင့်ဆက်နွယ်သည့် အဖွဲ့အစည်းကို ပိတ်ပင်ခြင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် စစ်တပ်လုပ်ရပ်ကို ထောက်ခံအားပေးသည် အကြောင်းအရာ ၁၀ ခုလျှင် ၇ ခုခန့်မျှဝေရေးသားပါက အရေးယူမှုများရှိခဲ့ကြောင်း၊ ယခုအခါထိုမူဝါဒမရှိတော့သည်မှာ လူမှုကွန်ရက်တွင် တွေ့မြင်လာရသည့်အကြောင်းအရာများအရ သိသာကြောင်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက နေရာအများအပြားတွင် အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်း၊  အင်တာနက်  လွတ်လပ်စွာ အသုံးပြုခွင့်ကန့်သတ်ထားခြင်းများရှိသည့်အပြင် ငလျင်ဘေးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံပျက်စီးမှုကြောင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် စီးဆင်းမှုအားနည်းနေချိန် စစ်တပ်၏ ဝါဒဖြန့်ချိမှုများမှာ အန္တရာယ်ကြီးမားကြောင်း သူက ဆိုသည်။ 

“အခုလေကြောင်းတိုက်ခိုက်မှုမှာ သိသိသာသာမြင်ရတယ်လို့ထင်တယ်။ တော်တော်များများက ကိုယ်တွေနဲ့ ရင်းနီးတဲ့သူတွေက မေးခွန်းထုတ်လာကြတယ်။ ဒါ တကယ်ကို လေကြောင်းတိုက်ခိုက် ခံရတာမှ ဟုတ်ရဲ့လားဆိုတာမျိုးပေါ့။ ဒီကလေးတွေက သေတာမှဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းထုတ် လာမှုတွေက စစ်တပ်ဘက်ကတင်မဟုတ်ဘူး။ လူထုလှုပ်ရှားမှုဘက်က ထောက်ခံနေတဲ့သူတွေဆီမှာကို အဲ့ဒီသံသယတွေ၊ မေးခွန်းတွေဖြစ်လာနေတယ်ဆိုတာမျိုးတွေ့ရတယ်” ဟု မဝေဖြိုးမြင့်က ပြောသည်။

“အဲ့ဒါက သတင်းစီးဆင်းမှု၊ ပြတ်လပ်မှုကြောင့် တစ်ပိုင်းပါသလို စစ်တပ်ရဲ့ဝါဒဖြန့်မှုပိုင်းတွေက ပိုပြီးတော့ အားကောင်းလာတဲ့အတွက်ကြောင့် လူထုရဲ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဟုတ်သလား ဆိုတဲ့ သံသယများလာတာမျိုးတွေ တွေ့ရတယ်”

အမေရိကန်သမ္မတထရမ့်လက်ထက်တွင် ပြောင်းလဲလိုက်သည့် Facebook ၏ မူဝါဒများကြောင့် တော်လှန်စစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ရိုက်ခက်မှုများရှိကြောင်း ၎င်းက ဆိုသည်။ 

အမေရိကန်အပါဝင် တစ်ကမ္ဘာလုံးတွင် Facebook ပေါ် တင်သည့် အကြောင်းအရာများအားလုံးကို အချက်အလက် စစ်ဆေးမှုမရှိတော့ဘဲ သုံးစွဲသူများ၏ တိုင်ကြားမှု ပေါ်ပေါက်လာမှ စစ်ဆေး အရေးယူတော့မည့် Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် ကြီးမားသည့် ပြသနာဖြစ်နိုင်ကြောင်း Human Rights Myanmar အဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် လွတ်လပ်သည့်သတင်းဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှိပ်ကွပ်ခံထားရပြီး စစ်ကောင်စီက ဝါဒဖြန့် လှုံ့ဆော်မှု၊ သတင်းတုသတင်းမှားများ ထုတ်လုပ်မှုကို အစဉ်တစ်စိုက်ပြုလုပ်နေသည်။  Meta ကုမ္ပဏီ၏ လူအခွင့်ရေးသက်ရောက်မှုအကဲဖြတ် ချက်တစ်ခုတွင်  မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များ စစ်ဆေးပေးမှုကို ထောက်ခံအားပေးထားပြီး လက်တွေ့တွင်မူ ထိုထောက်ခံချက်နှင့်ဆန့်ကျင်နေကြောင်း အစီရင်ခံစာက ဆိုသည်။ 

Related Articles

Back to top button