သတင်း

အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေသူတို့ TikTok မှာ ကျက်စားလာ

ရေပန်းစားလာသည့် TikTok လူမှုကွန်ရက်ကို မြန်မာနိုင်ငံတွင် အပျော်အသုံးပြုခြင်းသာမက လူမျိုးရေး၊ ဘာသာရေးခွဲခြားသည့် အကြောင်းအရာများ အပါအဝင် နိုင်ငံရေးဝါဒဖြန့်ချိရန်၊ အမုန်းစကား၊ သတင်းတုနှင့် လုပ်ကြံသတင်းများ ဖြန့်ဖြူးရန် အသုံးချလာကြသည်ကို တွေ့ရသည်။ 

သီချင်းထဲမှ စာသားများ၊ ရုပ်ရှင်ဗီဒီယိုထဲမှ ပြောစကားများ၊ အသံများကို ယူကာ စက္ကန့်ပိုင်းမှ  ၁ မိနစ်အထိရှိသည့် ဗီဒီယိုအတိုများ ပြုလုပ်ဖန်တီးကာ ဖြန့်ဝေနိုင်သော TikTok ကို မြန်မာနိုင်ငံတွင် သုံးစွဲသူ နေ့စဉ်နှင့်အမျှ တိုးတက်နေသည်။

၂၀၁၆ တွင် တရုတ်နိုင်ငံ၌ စတင်အခြေပြုခဲ့သည့် TikTok သည် ၂၀၂၀ တွင် ကမ္ဘာတစ်ဝန်း၌ သုံးစွဲသူ သန်း ၈၀၀ အထိ ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် သုံးစွဲသူအရေအတွက် မည်မျှရှိသည်ကို မသိရသော်လည်း အထင်ကရ ကြော်ငြာသရုပ်ဆောင် ဖြူဖြူထွေးသည် TikTok တွင် ပရိသတ် ၂.၅ သန်းအထိရှိကာ နိုင်ငံတွင်း TikTok သုံးသူများအနက် ပရိသတ်အများဆုံး ရရှိထားသူတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် သုံးစွဲသူ ကျယ်ပြန့်များပြားလာသည့်အလျောက် အပျော်သဘောထက် အပျက်သဘောအသုံးပြုသူများ ရှိလာသည်ဟု လူမှုကွန်ရက်စောင့်ကြည့်လေ့လာသူ ကိုမြတ်သူက ဆိုသည်။ 

“ဥပမာ တချို့ဆို တကယ့်သီးသန့် လူမျိုးရေး ဘာသာရေးပြဿနာအတွက်ကို တမင်တကာ ဖန်တီးတာမျိုးလို့တောင် ပြောလို့ရတယ်။ သူတို့ တောက်လျှောက်တင်တဲ့ အကြောင်းအရာတွေသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြားမှာ ပြဿနာဖြစ်စေနိုင်တဲ့အရာမျိုး၊ ပိုပြီးနက်နက်နဲနဲသွေးထိုးတဲ့စကား ဒါမျိုးကိုပဲ တစိုက်မတ်မတ် လုပ်တာမျိုးတွေမြင်ရတယ်” ဟု ရန်ကုန်တွင် နေထိုင်သည့် ကိုမြတ်သူကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကို အခြေခံကာ လူမျိုးရေးအမုန်းစကားများကို TikTok ပေါ် ဖြန့်ဝေလာသည်ကို လွန်ခဲ့သော သုံးလခန့်မှစ၍ တွေ့ရသည်။ 

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းထားသည့် TikTok ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့ပြီးနောက် ထိုအကြောင်းအရာကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ညစ်ညမ်းစွာ ပြောဆိုထားသည့် ဗီဒီယိုအများအပြား ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရခိုင်နှင့်ဗမာ လူမျိုးရေးအရ အပြန်အလှန် ဆဲဆိုတိုက်ခိုက်ကြသည့် ဗီဒီယိုများ ထောင်နှင့်ချီကာ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသား  ဆိုသည့် TikTok ဗီဒီယိုတစ်ခုနှင့် ယင်းအကြောင်းအရာကို ပြန်လည်တုံ့ပြန်ခဲ့သည့် ဗီဒီယိုများလည်း တွေ့ရကာ နောက်ပိုင်းတွင် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုအသွင်ဖြင့် အနည်းဆုံး ‌ဗီဒီယိုအတို ၅၀ ခန့် ထပ်မံထွက်ပေါ်လာခဲ့သည်။

“ဘာသာရေးလူမျိုးရေးဆိုင်ရာ အမုန်းစကားတွေကို TikTok အသုံးပြုပြီး ပိုပြီးဖြန့်လာတယ်။ Facebook မှာ ၂၀၁၂၊၂၀၁၃၊၂၀၁၄၊၂၀၁၅ တုန်းက တောက်လျှောက် အမုန်းစကားဖြန့်တဲ့ပုံစံမျိုး အတုံးလိုက်အတစ်လိုက် ဖြန့်တဲ့ဟာတွေ အမုန်းစကား ပြောတဲ့ဟာတွေက TikTok ကိုရွှေ့သွားတယ်လို့ ပြောလို့ရတယ်” ဟု ကိုမြတ်သူက ပြောသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ၂၀၁၈ တွင် TikTok စတင်ထိုးဖောက်ခဲ့ပြီးနောက် ဇာတ်နိမ့်ဇာတ်မြင့်နှင့် လူမျိုးရေးခွဲခြားမှု၊ အမျိုးသမီးများကို အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတို့ကို လှုံ့ဆော်အားပေးသော ဗီဒီယိုများကြောင့် မြေပြင်တွင် လူမျိုးရေးပဋိပက္ခများ၊ လူသေဆုံးမှုနှင့် ဒဏ်ရာရခြင်းတို့အထိ ဖြစ်ပွားခဲ့သည့် ဥပမာဖြစ်စဉ်များလည်း ရှိသည်။  

အင်ဒိုနီးရှားနိုင်ငံတွင်လည်း လိင်မှုဆိုင်ရာ ညစ်ညမ်းအကြောင်းအရာများ၊ ဘာသာရေးကို ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ၊ မသင့်လျော်သော အကြောင်းအရာများ ဖြန့်ဖြူးလာမှုကြောင့် အစိုးရက ၂၀၁၈ ဇူလိုင်တွင် TikTok ကို ယာယီပိတ်ပင်ခဲ့သည်။  ကန့်သတ်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ TikTok နှင့် အင်ဒိုနီးရှားအစိုးရတို့ သဘောတူညီမှုရပြီးသည့်အခါမှသာ ပြန်လည်ဖွင့်ပေးခဲ့သည်။ 

အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လိင်မှုဆိုင်ရာအကြောင်းအရာများ ပျံ့နှံ့လာမှုကြောင့်၂၀၁၉ နှစ်ဆန်းပိုင်းတွင် TikTok ကို ယာယီပိတ်ပင်ခဲ့ရသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း မစင်ကြယ်သောအကြောင်းအရာများ ပျံ့နှံမှုကြောင့်ဟု ဆိုကာ ၂၀၂၀ အောက်တိုဘာတွင် ပိတ်ပင်ခဲ့ပြီး ပြည်တွင်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မည်ဟု TikTok တာဝန်ရှိသူများက အာမခံခဲ့သည့်အတွက် ၁၀ ရက်အကြာတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

အစွန်းရောက်ဘာသာရေးဝါဒဖြန့်မှုနှင့် လုပ်ကြံသတင်းများ

ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် Facebook က ယင်း၏ကွန်ရက်ပေါ်တွင် အမုန်းစကားတိုက်ဖျက်ရေးနှင့် တပ်မတော်နှင့် ဆက်စပ်သည့်အကောင့်များကို အရေးယူဖြုတ်သည့်နောက်ပိုင်း ရုရှားနိုင်ငံ၏ လူမှုကွန်ရက် VK ပေါ် ပြောင်းရွှေ့သွားကြသည့် “အမျိုးသားရေးလှုပ်ရှားသူများ”သည် ယခုအခါ TikTok ကို အလုံးအရင်း အသုံးပြုလာကြသည်​။

အမျိုး ဘာသာ သာသနာကို အလေးထားသင့်ကြောင်း၊ ဗုဒ္ဓဘာသာသည် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေပြီး အခြားဘာသာများ၏ စော်ကားခံနေရသဖြင့် ကာကွယ်စောင့်ရှောက်သင့်ကြောင်း ရည်ညွှန်းထားသည့် ဗီဒီယိုအတိုများကို ဖန်တီးပြီး အမျိုးသားရေးလှုပ်ရှားသူများက TikTok တွင် ဖြန့်ဝေနေကြသည်။

ထို့အပြင် သတင်းအချက်အလက်များကို လိုသလိုပုံဖော်ကာ အမှန်နှင့်အမှား ရောနှောထားသည့် လုပ်ကြံသတင်းတုများ TikTok ပေါ် ပျံ့နှံ့လာသည်ကိုလည်း တွေ့ရသည်။ Facebook ပေါ်တွင် လုပ်ဆောင်သကဲ့သို့ပင် အသုံးပြုသူတချို့သည် နာမည်ကျော်ကြားစေရန်နှင့် လူကြည့်များစေရန် ရည်ရွယ်ချက်ဖြင့် သတင်းတုများ ဖန်တီးဖြန့်ဝေလာကြခြင်း ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ  နိုင်ငံရေးပါတီများကို တိုက်ခိုက်ထားသည့် အကြောင်းအရာများ၊ ပါတီတစ်ခုနှင့်တစ်ခု တိုက်ခိုက်ထားသည့် လုပ်ကြံသတင်းတုများ ရှိလာပြီး နောက်ပိုင်းတွင်  ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲရလဒ်တို့နှင့် သက်ဆိုင်သော သတင်းတုများစွာ ပျံ့နှံခဲ့သည်။  

လတ်တလောတွင် TikTok ပေါ်  ပျံ့နှံ့လာသည်မှာ မျိုးရိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်သည့် သတင်းတုများ ဖြစ်သည်။ “Covid19 ပိုး မျိုးစိတ်ကွဲတွေ့ရှိ လူသားစားတယ်လို့ သတင်းများထွက်ပေါ်” ဆိုသည့် ခေါင်းစဉ်ဖြင့် လူအချို့ အော်ဟစ်ထွက်ပြေးကာ လုံခြုံရေးက တားဆီးပိတ်လှောင်နေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ 

ယင်းဗီဒီယိုကို Rui Carlota အမည်ရှိ အကောင့်က ဦးစွာတင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဗီဒီယိုမူရင်းတွင် Zombies ဟုသာ ရေးသားထားပြီး ကိုဗစ်နိုင်တင်းရောဂါနှင့် သက်ဆိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ထိုအကောင့်သည် TikTok တွင် Zombies နှင့်ပတ်သက်သည့် ရိုက်ကွင်းပုံ သရုပ်ဖော် ဗီဒီယိုအတိုများ တင်နေသည်။

အချက်အလက်စစ်ဆေးသူများအတွက် စိန်ခေါ်မှု

TikTok သည် အသစ်ပေါ်လာသည့် ပလက်ဖောင်းတစ်ခုဖြစ်သည့်အတွက် လူမှုကွန်ရက်စောင့်ကြည့်လေ့လာသူများ၊ အချက်အလက်စစ်ဆေးသူများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေကာ စောင့်ကြည့်နိုင်သည့် နည်းလမ်းများကို သုတေသနပြု ရှာဖွေနေကြဆဲဖြစ်သည်။ 

“TikTok ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးရှာဖွေရမှာလဲ၊ ဘယ်လိုမျိုးတုံ့ပြန်ရမှာလည်း လေ့လာတုန်းပေါ့။ ကျွန်တော်တို့အနေနဲ့ ထဲထဲဝင်ဝင် မလေ့လာရသေးတဲ့အတွက် သူတို့ပြောတဲ့စကားတွေ သူတို့ဆီက ပြန့်သွားတဲ့ ဗီဒီယိုတွေက ပြင်ပလူ့အဖွဲ့အစည်းကို ဘယ်လောက်အထိ ထိခိုက်နေလဲဆိုတာ ပြောဖို့ခက်တယ်” ဟု ရန်ကုန်အခြေစိုက် ဖွံ့ဖြိုးမှုအတွက်မြန်မာအိုင်စီတီအဖွဲ့ (MIDO) မှ အချက်အလက်စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကိုခန့်ဖြိုးလွင်က ပြောသည်။

TikTok အနေဖြင့် ယင်း၏ ပလက်ဖောင်းပေါ်တွင် မည်သည့်ဗီဒီယိုကိုမဆို တင်ခွင့်ပြုထားခြင်းတော့ မဟုတ်ပေ။ TikTok က ထုတ်ပြန်ထားသည့် လူမှုကွန်ရက်စံနှုန်းများတွင် အမုန်းစကားနှင့် လုပ်ကြံသတင်းတုများကို ခွင့်မပြုကြောင်း ကန့်သတ်ထားပြီး အမုန်းစကားဖြစ်စေသည့် ဗီဒီယိုအချို့ ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် Facebook ကို အသုံးပြု၍ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေခဲ့သည့် ဖြစ်စဉ်ဥပမာများ ရှိခဲ့သည့်အလျောက် နိုင်ငံအတွင်း ရေပန်းစားလာသည့် TikTok ပေါ်တွင် အလားတူဖြစ်ရပ်များ မရှိစေရန် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကို Myanmar Now က ဇန်နဝါရီ ၈ တွင် အီးမေးဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း TikTok တာဝန်ရှိသူများထံမှ ယခုသတင်းဖြန့်ချိချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးပေ။

Show More

Related Articles

Back to top button