၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးဖြစ်သော်လည်း မဲစာရင်းရလဒ်အပါအဝင် နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခုကို တိုက်ခိုက်ထားသည့် သတင်းတုများ ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သည်။
ယင်းသတင်းတုများအနက် ‘မြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးက နာဂလက်နက်ကိုင်အဖွဲ့အတွက် ဆက်ကြေးကောက်ပေးသည်’ နှင့် ‘မဲခိုးသည့်အကြောင်း ပြည်ပသတင်းစာဖော်ပြ’ ဟု ရေးသားထားသည့် သတင်းတုတို့မှာ လူမှုကွန်ရက် Facebook တွင် ပြန်လည်မျှဝေသူ ထောင်ချီရှိကာ ယခုအပတ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့သည်။
“နာဂသောင်းကျန်းသူ NSCN(K) အဖွဲ့ရဲ့ ဆက်ကြေးတာဝန်ခံမှာ NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး ဖြစ်နေ” ဟူသည့်ခေါင်းစဉ်ပါ သတင်းတုတွင် နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) ၏ ခိုင်းစေမှုကြောင့် နန်းယွန်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးညီအောင် (ခ) ဦးညီအောင်းသည် NLD အစိုးရသက်တမ်း ၅ နှစ်စာအတွက် အခွန် (ဆက်ကြေး) သိန်း ၇၅၀ ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးမှ ဒီဇင်ဘာ ၁ တွင် တောင်းယူသွားခဲ့ကြောင်း ရေးသားထားသည်။
အခွန်ကောက်သည့်ကိစ္စ မှန်ကန်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ဖြေကြားထားသည်ဟု အဆိုပါသတင်းတုတွင် ဖော်ပြခဲ့သည်။ Myanmar Now က အချက်အလက် စစ်ဆေးမှုများအရ ဦးကျော်ဝမ်းစိန်သည် NSCN (K) ၏ ပြောရေးဆိုခွင့်ရှိသူဟောင်းတစ်ဦး ဖြစ်သော်လည်း ၂၀၁၉ နိုဝင်ဘာကတည်းက ၎င်းကို အဖွဲ့မှထုတ်ပယ်ကြောင်း ကြေညာခံထားရသူ ဖြစ်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း “ကောလာဟလတွေပါ” ဟု တုံ့ပြန်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ NLD ဥက္ကဋ္ဌနှင့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဦးလော်ယုံထံ ဆက်သွယ်မေးမြန်းရာတွင်လည်း မသိရှိကြောင်း ပြောသည်။
“တကယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ပါတီအနေနဲ့ တရားဝင်ဒီလိုလုပ်တယ်ဆိုရင် ကျွန်တော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီဥက္ကဋ္ဌ ဖြစ်တယ်။ ကျွန်တော် မသိဘဲနဲ့ ဘယ်သူမှ လုပ်လို့မရဘူး။ ကျွန်တော်နဲ့ အတွင်းရေးမှူး အနည်းဆုံးတော့ သိရမှာပေါ့” ဟု ဦးလော်ယုံက ပြောသည်။
နန်းယွန်းမြို့နယ် NLD ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံ ၎င်းကိုယ်တိုင် ဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း မသိရှိကြောင်းနှင့် ပတ်သက်၍ ဦးလော်ယုံက “ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေနဲ့ ပါတီက မသိတဲ့ကိစ္စမှာ ပါတီကို ဆွဲထည့်တာ တမင်တကာ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါသတင်းတုကို “မင်းနေကျော်” ဆိုသည့် အကောင့်က ဒီဇင်ဘာ ၁၄ တွင် စတင်ဖြန့်ဝေခဲ့ပြီး ထောင်နှင့်ချီကာ ပြန်လည်ဖြန့်ဝေမှုများ ရှိသည်ကို တွေ့ရသည်။ ယင်းသတင်းတုကို အခြား Facebook အကောင့်များကလည်း ပြန်လည်ကူးယူဖော်ပြလျက်ရှိရာ “ပေါ်ဦး” အမည်ရှိ အကောင့်တွင် ကြိုက်နှစ်သက်ခြင်း (Like) နှင့် ပြန်လည်မျှဝေခြင်း (Share) အများဆုံး ရရှိခဲ့သည်။
“ပေါ်ဦး” ဆိုသည့် အကောင့်သည် သတင်းတုအများအပြား ဖြန့်ဝေနေသည့်အကောင့်တစ်ခုဖြစ်ပြီး ‘ရိုဟင်ဂျာများ မဲပေးခွင့်ရှုံးသည့်အကြောင်း’ ရေးသားထားသည့် သတင်းစာဖြတ်ပိုင်းကို အသုံးပြုကာ ‘မဲခိုးသည့်အကြောင်း ပြည်ပသတင်းစာများ ဖော်ပြ’ ဟု ဒီဇင်ဘာ ၁၃ တွင် သတင်းတု ဖြန့်ဝေခဲ့သည်။
အင်္ဂလိပ်စာဖြင့် ရေးသားထားသည့် သတင်းစာဖြတ်ပိုင်းပုံကို တင်ကာ “ပြည်ပသတင်းစာမှာဖော်ပြနေပြီ မဲသန်းပေါင်းများစွာ ခိုးထားသည် တဲ့ တပ်က အဲလို အထောက်အကူပြု တာလေးတွေကို လိုချင်နေတာ နဲ့အတော်ပဲ ။ အဟေးးးဟေးးးးသခိုးးး” ဟု ယင်းအကောင့်က ရေးသားဖြန့်ချိခဲ့ရာ အဆိုပါအကြောင်းအရာကို ပြန်လည်ဖြန့်ဝေသူ ၂.၀၀၀ ကျော်အထိ ရှိခဲ့သည်။
အဆိုပါ သတင်းစာပါ အင်္ဂလိပ်စာသားများ၏ အဓိပ္ပာယ်မှာလည်း မဲခိုးသည့် အကြောင်းအရာမဟုတ်ဘဲ ရိုဟင်ဂျာများ မဲပေးခွင့်ဆုံးရှုံးသည့်အကြောင်း ရေးသားထားခြင်းသာ ဖြစ်သည်။