သတင်း

‘တပ်မတော်သတင်းမှန်ပြန်ကြားရေး’ အမည်ကို အသုံးချ၍ သတင်းတုများ ဖြန့်ဝေနေ

တပ်မတော်၏သတင်းများ ပုံမှန်ထုတ်ပြန်ပေးနေသည့် ‘တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့’ ၏ အမည်ကို အသုံးချကာ Facebook Group တစ်ခုက သတင်းတု သတင်းမှားများ ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

အဆိုပါ Facebook Group ကို ၂၀၂၀ ဇွန် ၂၂ တွင် ဖန်တီးထားခြင်းဖြစ်ပြီး အဖွဲ့ဝင် (Member) ပေါင်း ၃,၀၀၀ ကျော်ရှိကာ Group အတွင်း အကြောင်းအရာ (Post) ၁,၀၀၀ ကျော် ရှိသည်။ လက်ရှိတွင် အဆိုပါ Group အဖွဲ့ဝင်အကောင့်များသည် သတင်းတု၊ သတင်းမှား အများအပြား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။​

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ သတင်းတုဖြန့်ဝေလေ့ရှိသည့် အယောင်ဆောင်သတင်းဌာန RFM တံဆိပ်ဖြင့် သတင်းတုအများအပြား အဆိုပါ Group အတွင်း ပျံ့နှံနေသည်ကို တွေ့ရသည်။ RFM ၏ သတင်းတု ဖြန့်ဝေမှုနှင့်ပတ်သက်၍ Myanmar Now က နှစ်ကြိမ်တိုင်ရေးသားခဲ့ပြီးဖြစ်သည်။ ယင်း Group အတွင်း RFM တံဆိပ်ဖြင့် သတင်းတုများကို Kyaw Kyaw Win Htein ဆိုသည့် Facebook အကောင့်က ပုံမှန်ဖြန့်ဝေလေ့ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးခဲ့သည်ဟူသော RFM ၏ “ဆက်တိုးရင်ထပ်ဆိုးမည်ဟု ဝမ်ယိသတိပေး” ခေါင်းစဉ်ဖြင့် လုပ်ကြံသတင်းတုကို Kyaw Kyaw Win Htin အကောင့်က ဇန်နဝါရီ ၁၃ တွင် အဆိုပါ Facebook Group အတွင်း ဖြန့်ဝေခဲ့သည်။

Myanmar Now အချက်အလက်စစ်ဆေးမှုများအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးနှင့် သတင်းဌာနများက ထုတ်ပြန်ခဲ့ကြပြီး ယင်းကဲ့သို့ သတိပေးခဲ့သည်ဟူသော အကြောင်းအရာများ မပါဝင်ပေ။ ထို့ကြောင့် ယင်းအကြောင်းအရာသည် လုပ်ကြံသတင်းတုသာ ဖြစ်သည်။

RFM အမှတ်တံဆိပ်နှင့်ပင် “သမ္မတဝင်းမြင့် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီ” ခေါင်းစဉ်ဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲခိုးမှုများ ပေါ်ပေါက်၍ ပြည်ထောင်စုတရားလွှတ်တော်ရုံးက ၂၅-၁-၂၀၂၀ တွင် အမှုရင်ဆိုင်ရန် ဆင့်ခေါ်ပြီးဖြစ်သည်၊ ထို့ကြောင့် ‘သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်’ ဟူသော အကြောင်းအရာကို ဇန်နဝါရီ ၁၁ တွင် အဆိုပါ Group အတွင်း ဖြန့်ဝေထားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ထုတ်ပြန်ချက်အရ စာချွန်တော် လျှောက်ထားမှုရှိ၍ အမှုကိုလက်ခံသင့် လက်မခံသင့် ဆုံးဖြတ်ရန် ကြားနာမှုဆင့်ခေါ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဆင့်ခေါ်သည့်ရက်မှာ ယခုနှစ် ဇန်နဝါရီ ၂၉ ဖြစ်သော်လည်း သတင်းတုတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၅ ဟု အချက်အလက်အမှားများဖြင့် ရေးသားထားသည်။

ထို့အပြင် ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေသည့် ဓာတ်ပုံတစ်ပုံကို အသုံးပြုကာ RFM ၏ “မဲသူခိုးများအင်းစိန်ထောင်အဆောင်သစ်ဖွင့်” ဆိုသည့်ခေါင်းစဉ်ဖြင့် NLD သည် မဲခိုးသည့်အတွက် ထောင်ကျတော့မည်၊ သို့သော် ၎င်းတို့ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည့် အကျဉ်းဆောင်တွင် ထောင်မှထွက်ပြေးရန် အကြံဖြင့် မြေအောက်ခန်းနှင့် လှိုင်ခေါင်းများ ပါဝင်နေမည်ကို စိုးရိမ်ရသည်ဟူသော အကြောင်းအရာတစ်ခုကို ဇန်နဝါရီ ၁၁ တွင် တင်ခဲ့သည်။​

Myanmar Now က အချက်အလက်စစ်ဆေးကြည့်သည့်အခါ အသုံးပြုထားသည့် ဓာတ်ပုံမှာ စုပေါင်းရုံးအဖြစ် လူသိများခဲ့သော ယခင်တရားရုံးသစ်အဆောက်အအုံ (ယခု Rosewood Yangon ဟိုတယ်) ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားမှတ်တမ်းပုံ ဖြစ်ကြောင်း တွေ့ရသည်။ ထို့အပြင် ရွေးကောက်ပွဲပြီးကာလအတွင်း အင်းစိန်ထောင်အဆောင်သစ် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့သည်ကိုလည်း မတွေ့ရပေ။ ထို့ကြောင့် RFM အဆိုပါသတင်းမှာ လုပ်ကြံသတင်းတု ဖြစ်သည်။​

အလားတူပင် သတင်းရင်းမြစ်အတုများ၊ လုပ်ကြံဖန်တီးထားသည့် အကြောင်းအရာများဖြင့် “မဲသူခိုးများ တရားရုံးတော်ရှေ့မရောက်လာပါက ဖမ်းဝရမ်းထုတ်သင့်”၊ “NLD လုပ်သမျှပြည်ဖျက်ဖို့ရာ”၊ “အရေးပေါ်လွှတ်တော် မခေါ်ကြောင်းသမ္မတကထုတ်ပြန်သည်ဟုဆို”၊ “အတည်မပြုနိုင်သေးသော RFM သတင်းများ”၊ “တပ်မတော်သာမပါလျှင် သွေးချောင်းစီးမယ့်၂၀၂၀”၊ “အောက်ခြေကော်မရှင်တွေ သစ္စာမရှိလို့ကြိုးစင်တက်ရမှာ နာတယ်ဟုဆို”၊ “ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ အဆင်းကိုဘီးတပ်လိုက်ပြီ” စသည့် သတင်းတုအများအပြား ဖြန့်ဝေလျက်ရှိသည်။

ထိုကဲ့သို့ UEC နှင့် NLD မဲမသမာမှုလုပ်နေသည်ဟု စွပ်စွဲထားသည့် အကြောင်းအရာအများအပြားကို အဆိုပါ Facebook Group တွင် ဖြန့်ဝေနေကြသည့်အပြင် ဘာသာရေး လူမျိုးရေးအရ တိုက်ခိုက်ထားသည့် အကြောင်းအရာများလည်း တင်နေကြသည်ကို တွေ့ရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အမည်ကို အသုံးချကာ သတင်းတု သတင်းမှားများ ဖြန့်ဝေနေသည့် Facebook Page နှင့် Group ထွက်ပေါ်နေခြင်းကို သိရှိထားခြင်း ရှိမရှိ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

Show More

Related Articles

Back to top button