သတင်း

နိုင်ငံရေးသတင်းတုများ ဖြန့်ဝေနေသည့် Radio Free Myanmar (RFM) 

Radio Free Myanmar (RFM) အမည်ရှိ ဝက်ဘ်ဆိုက်နှင့် Forward Media Group (FMG) အမည်ရှိ Facebook စာမျက်နှာသည် နိုင်ငံရေးဆိုင်ရာ သတင်းတု၊ သတင်းမှားများ ဖန်တီးပြုလုပ်ကာ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် လူမှုကွန်ရက်ပေါ် ဖြန့်ဝေလျက်ရှိသည်။  

သတင်းဌာနများသဖွယ် အယောင်ဆောင်ထားသည့် Radio Free Myanmar (RFM) သည် ယခင်က ဝက်ဘ်ဆိုက်စာမျက်နှာ မရှိခဲ့ဘဲ ၎င်း၏ အမှတ်တံဆိပ်ပါ သတင်းတု၊ သတင်းမှား စခရင်ရှော့ (screenshot) များကို Forward Media Group (FMG) Facebook စာမျက်နှာအပါအဝင် အကောင့်တုများဖြင့် စနစ်တကျဖြန့်ချိနေသည်ကို တွေ့ရသည်။ 

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ Radio Free Myanmar (RFM) သည် ယခုအခါ အခမဲ့အသုံးပြုခွင့်ရသည် ဝက်ဘ်ဆိုက်ဝန်ဆောင်မှု Wordpress ကို အသုံးပြုကာ အင်တာနက်စာမျက်နှာတစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

အဆိုပါ ဝက်ဘ်ဆိုက်သည် သတင်းတု၊ သတင်းမှား အကြောင်းအရာများကို စက်တင်ဘာ ၁ ရက်စွဲဖြင့် ပထမဆုံးတင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ အကြောင်းအရာ ၅ ခုနှုန်းဖြင့် လက်ရှိအချိန်အထိ အကြောင်းအရာပေါင်း ၂၀၀ ကျော် တင်ထားသည်ကို တွေ့ရသည်။ 

အကြောင်းအရာအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်သော သတင်းမှားများဖြစ်ပြီး ၉၀ % ကျော်မှာ သတင်းတု၊ သတင်းမှားများ၊ ပုံဖျက်ထားသည့် အကြောင်းအရာများ၊ အမုန်းစကားများ ဖြစ်သည်။

Radio Free Myanmar ၏ ဝက်ဘ်ဆိုက်တွင် တင်ထားခဲ့သည့် သတင်းမှားများအနက် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်ခံရကြောင်း ရေးသားထားသည့် သတင်းမှားမှာ အပျံ့နှံဆုံးဖြစ်ခဲ့သည်။ 

Forward Media Group (FMG) စာမျက်နှာနှင့် Radio Free Myanmar (RFM) တို့က ဖြန့်ချိခဲ့သည့် သတင်းတုများ 

ယင်းသတင်းမှားပျံ့နှံမှုနှင့် ပတ်သက်၍ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကိုယ်တိုင် စက်တင်ဘာ ၂၃ တွင် ပြန်လည်ရှင်းလင်းခဲ့ရသည်။

“ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာပါတယ်။ ဘယ်သူတွေက သတင်းမှားလုပ်ကြသလဲ၊ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်” ဟု နေပြည်တော်ရှိ သမ္မတော်အိမ်တော်သတင်းထောက်များကို ပြောခဲ့သည်။ 

လွတ်လပ်တဲ့မြန်မာ့အသံဟု ဖော်ပြထားသည့် Radio Free Myanmar (RFM) သည် အမေရိကန်အခြေစိုက် Radio Free Asia (RFA) ခေါ် လွတ်လပ်တဲ့အာရှအသံ သတင်းဌာန၏ အမှတ်တံဆိပ်နှင့် ဆင်တူယိုးမှားဖြစ်အောင် ဖန်တီးထားသည်ကို တွေ့ရသည်။ 

Radio Free Myanmar ကဲ့သို့ပင် Forward Media Group (FMG) အမည်ရှိ Facebook စာမျက်နှာသည်လည်း နိုင်ငံရေးဆိုင်ရာ သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေနေသည်။ FMG နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေးအရေးယူသွားမည်ဟု ဦးဇော်ဌေးက ဇွန်လနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အုပ်စုတစ်စုက ငွေပေးပြီး ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုများ ပြုလုပ်ဖြန့်ချိနေခြင်းဖြစ်သည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့သည်။ 

“အထူးသဖြင့် နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေဖြစ်အောင် လုပ်တာဖြစ်တယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ ပြည်သူလူထုနဲ့ အစိုးရကြား၊ အစိုးရနဲ့ပါတီကြား၊ နိုင်ငံ့ဝန်ထမ်းနဲ့ပါတီတွေကြားမှာ ပြည်သူလူထုအထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်တဲ့ပုံစံလို့ ကျွန်တော်တို့သုံးသပ်ရရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သတင်းမှားများ ပြန်လည်ဖြန့်ဝေနေသည့် အကောင့်တုများ

ဦးဇော်ဌေးက ဖော်ထုတ်အရေးယူမည်ဟု ပြောကြားပြီးနောက် အဆိုပါ Forward Media Group ဆိုသည့် စာမျက်နှာသည် ‌ပျောက်ကွယ်သွားခဲ့ပြီး ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းတွင် ပြန်လည်ထွက်ပေါ်လာပြီး သတင်းတု၊ သတင်းမှားများ ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်သည်။ 

Forward Media Group ၏ သတင်းမှားဖြန့်ဝေမှုအကြောင်း Myanmar Now က ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ Forward Media Group နှင့် Radio Free Myanmar (RFM) က တင်ထားကြသည့် သတင်းမှားအကြောင်းအရာများအနက် တူညီသည့် အကြောင်းအရာနှစ်ခု ရှိသည်ကို တွေ့ရသည်။ 

ဒေါ်‌အောင်ဆန်းစုကြည် ကိုဗစ်နိုင်တင်း ကူးစက်ခံရ ဆိုသည့် သတင်းမှားနှင့် မိုးညှင်းမှ Positive ထွက် ကျန်းမာရေးဝန်ထမ်း NLD အောင်နိုင်ရေးလှည့်လည်ရာတွင် ပါဝင်ဆိုသည့် အကြောင်းအရာတို့ ဖြစ်သည်။ 

မိုးညှင်းကျန်းမာရေးဝန်ထမ်းကိစ္စနှင့် ပတ်သက်၍ အဆိုပါအကြောင်းအရာသည် သတင်းမှားသာဖြစ်ကြောင်း ကာယကံရှင်ကိုယ်တိုင် ၎င်း၏ Facebook တွင် ပြန်လည်ရှင်းလင်းခဲ့ရသည်။

အဆိုပါ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာမှ သတင်းတု သတင်းမှားများကို Facebook Group များတွင် အဓိကဖြန့်ဝေကြပြီး ဖြန့်ဝေသည့် အကောင့်အများစုမှာ အကောင့်တုများ ဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း ယင်းကဲ့သို့သော သတင်းမှားများ ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ ပြည်သူ့မဲပြားကို မမှန်သတင်းတွေနဲ့ ရယူခြင်းမပြုသင့်ဟု NLD ပါတီဗဟိုအောင်နိုင်ရေး ကော်မတီဝင် ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။

“ကျနော်တို့က ရွေးကောက်ပွဲကို အသန့်ရှင်းဆုံး ယှဉ်ပြိုင်စေချင်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေရဲ့ရင်ထဲက မဲပြားကိုရဖို့ ရိုးသားတဲ့နည်းနဲ့ တောင်းဆိုဖို့ ကျနော်တို့က အမြဲတမ်းခံယူထားပါတယ်။ ပြည်သူ့မဲပြားကို မမှန်သတင်းတွေနဲ့ တောင်းမယ်ဆိုရင် သူတို့က မှန်ကန်တဲ့ ကတိကဝတ်တွေ ဖြစ်မှာမဟုတ်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

အဆိုပါ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများသည် ရည်ရွယ်ချက်ပေါင်းစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အချက်အလက်စစ်ဆေးသည့် နိုင်ငံတကာကွန်ရက်အဖွဲ့ဝင် မြန်မာနိုင်ငံအခြေစိုက် “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့မှ အချက်အလက်စစ်ဆေးသူ ကိုသက်မင်းက ဆိုသည်။

“အလုံးစုံ ရည်ရွယ်ချက်နဲ့ ဖြန့်နေတယ်ပေါ့။ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ အတွေးအခေါ်ပဋိပက္ခကနေ စတင်ပြီးတော့ အပြင်မှာ လက်တွေ့ပဋိပက္ခအထိ အဲ့ဒါမျိုးဖြစ်စေဖို့ကို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ထင်တယ်” ဟု ကိုသက်မင်းက ပြောသည်။ 

ယင်းကဲ့သို့သော သတင်းတု သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖြန့်ဝေနေခြင်းကို တစ်ဦးတစ်ယောက်တည်းဖြင့် မဟုတ်ဘဲ အစုအဖွဲ့ဖြင့် လုပ်ဆောင်နေသည်ဟု သုံးသပ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ 

Show More

Related Articles

Back to top button